အော်တစ်ဇင်ဝေဒနာရှင်ဘဝကနေ ရှေ့နေဖြစ်လာခဲ့သူ ထူးထူးခြားခြား ပထမဆုံးအမျိုးသမီး

ha0-1-e1553134739418.jpg

ဟာလေမော့စ် (Haley Moss) လို့ခေါ်တဲ့ အမျိုးသမီးဟာ လမ်းလျှောက်စအရွယ်ကတည်းက ဂျစ်ဆော ဉာဏ်စမ်းရုပ်ဆက်ကစားနည်းကို အခုတစ်ရာအထိ ကောင်းကောင်းဆက်နိုင်ခဲ့တဲ့ ဉာဏ်ရည်မြင့် ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် သူက စကားတော့ လုံးဝမပြောနိုင်ခဲ့သူပါ။ မိဘတွေက စိုးရိမ်လို့ ဟာလေ သုံးနှစ်အရွယ်မှာ ဆရာဝန်နဲ့ပြသကြည့်တော့မှ သူ့မှာ မွေးရာပါ ကလေးရောဂါဖြစ်တဲ့ အော်တစ်ဇင်ဝေဒနာကို ခံစားနေခဲ့ရမှန်း သိခဲ့ရပါတယ်။

အသက် (၄) နှစ်မှာ စကားစပြောလာနိုင်တော့ အထူးသီးသန့်စာသင်ခန်းတွေကို ကျော်လွှားပြီး သာမန်ကလေးတွေလို ပုံမှန်စာသင်ခန်းမှာပဲ စာသင်နိုင်လာတယ်။ ဟာလေဟာ ဒီလိုနဲ့ ဖလော်ရီဒါတက္ကသိုလ်က ဘွဲ့ရတဲ့အထိ ဖြတ်သန်းခဲ့သူပါ။ သူတစ်သက်လုံး စိတ်ဝင်တစားမျက်စိကျခဲ့ရတဲ့ ဥပဒေပညာကိုသင်ယူဖို့ မီယာမီ ဥပဒေဘာသာရပ်တက္ကသိုလ်ကို ထပ်လျှောက်ခဲ့ပြီး တက်ရောက်ခွင့်ရရှိခဲ့တယ်။

သူက အသက် (၁၅) နှစ်အရွယ်ကတည်းက သူ့ဘဝရဲ့ပထမဆုံးစာအုပ်ကို ရေးသားထုတ်ဝေနိုင်ခဲ့သူဖြစ်တယ်။ စာအုပ်ထဲမှာ သူ့ရဲ့အော်တစ်ဇင်ဝေဒနာသည်ဘဝဖြစ်စဉ်ကို လူတွေအတွက် အတွေ့အကြုံအဖြစ်ရေးသားမျှဝေခဲ့တယ်။ ဒါ့အပြင် ဟာလေဟာ ကိုယ်ပိုင် အနုပညာလက်ရာတွေလည်း များစွာဖန်တီးနိုင်သူလေးပါ။ အားတက်ရေးဟောပြောမှုတွေအတွက်လည်း သူဟာ တလေးတစား ဖိတ်ကြားခံလာရတယ်။

၂၀၁၈ မေလမှာ ဥပဒေပညာနဲ့ ဘွဲ့ထပ်ရခဲ့ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားမှာ အားတက်ရေးစကားတွေ ပြောပေးခွင့်ရခဲ့တယ်။ ရှေ့နေစာမေးပွဲအောင်ဖို့ မသေချာသေးချိန်၊ ဘွဲ့မရသေးချိန်မှာတောင် သူ့အတွက် ဖလော်ရီဒါမှာ ရှေ့နေအလုပ်ကမ်းလှမ်းမှုက စောင့်ဆိုင်းနေခဲ့ပြီး ဘွဲ့ရပြီးချိန်မှာ ဖလော်ရီဒါဝတ်လုံတော်ရရှေ့နေတစ်ဦးဖြစ်လာခဲ့တယ်။

ဟာလေဟာ သူ့ရောဂါဝေဒနာကို လူသိရှင်ကြားဖွင့်ဟခဲ့သူဖြစ်ပြီး အော်တစ်ဇင်ဝေဒနာရှင်ဘဝကနေတစ်ဆင့် ပထဆုံးအနေနဲ့ ရှေ့နေဖြစ်လာခဲ့သူ အမျိုးသမီးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ်။ ဂုဏ်ယူစရာဖြစ်ရပ်အနေနဲ့ ထူးထူးခြားခြားပဲကြုံခဲ့ရတာပါ။

အခုအချိန်မှာတော့ ဟာလေဟာ အသက် (၂၄) နှစ်အရွယ်ရှိပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ နိုင်ငံတကာရေးရာ အပိုင်းမှာအထူးပြုပြီး ရှေ့နေအဖြစ်လုပ်ကိုင်နေပြီး စာတွေဆက်လက်ရေးသားလို့ အနုပညာလက်ရာတွေလည်းဆက်ပြီးဖန်တီးသွားဖို့ အာရုံစိုက်ထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ဘဝပန်းတိုင်ဟာ သူကိုယ်တိုင်က အောင်မြင်ထွန်းပေါက်အောင်လုပ်ဆောင်ပြပြီး လူတွေအတွက် အားမလျှော့တတ်တဲ့ စိတ်ပိုင်းစေ့ဆော်မှုကို ရရှိစေလိုခြင်းပဲဖြစ်ပါတယ်။

“လူတစ်ယောက်ရဲ့ဘဝကိုပဲ အပြောင်းအလဲလေးတစ်ခုဖြစ်လာအောင်လုပ်ပေးနိုင်ခဲ့ရင် ကျွန်မရှေ့နေဖြစ်ရတဲ့ဘဝ တန်ပြီလို့ပြောနိုင်ပါတယ်။ ကျွန်မရဲ့ ဘဝဖြတ်သန်းပုံကို သိရှိသွားကြပြီး ကိုယ့်လိုပဲ အော်တစ်ဇင်ဝေဒနာရှင်တစ်ယောက် ဒါမှမဟုတ် ဝေဒနာရှင်ရဲ့ မိဘပဲဖြစ်ဖြစ်… သူတို့မိသားစုဘဝအတွက် မျှော်လင့်ချက်တွေပေးစွမ်းလိုက်နိုင်ရင်ကိုပဲ ကျွန်မကျေနပ်မိမှာပါ။ ငါတို့ကလေးတွေကြီးပြင်းလာရင် သူ့လိုပဲ အောင်မြင်မှုရနိင်မှာလို့ သူတို့ကို တကယ်ယုံကြည်သွားစေချင်တယ်” လို့ ဟာလေက ဖွင့်ဟခဲ့ပါတယ်။

Ref: CBS NEWS “Woman with autism admitted to Florida Bar, becoming “first openly-autistic lawyer…..”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top