Gone With The Wind ရုပ်ရှင်ကို ပြန်လည်ခံစားခြင်း

gonewiththewind-dvdcover.jpg

အခုတလောကတင်ထွက်ရှိထားတဲ့ Avengers: Endgame ဟာ ရုံဝင်ငွေရရှိမှုမှာ စံချိန်တင်အကောင်းဆုံးဝင်ငွေရထားတဲ့နှစ်ကားထဲကတစ်ကားဖြစ်တဲ့ Titanic ကိုကျော်လွန်ပြီး ပထမနေရာက Avatar ကိုလည်းမှီပါတော့မယ်။ ဒါပေမဲ့ ထွက်ရှိပြီးသမျှရုပ်ရှင်ကားတိုင်းကို ငွေကြေးဖောင်းပွမှုပမာဏနှုန်းတူညီအောင် ဒီနေ့ခေတ်ငွေကြေးနဲ့တွက်ချက်ကြည့်မယ်ဆိုရင်တော့
သူတို့အထက်မှာရှိနေတဲ့ရုပ်ရှင်ကGone With The Wind ဖြစ်ပါတယ်။ ဒါဆိုရင် ဒီလောက်ထိ ဝင်ငွေအကောင်းဆုံးဖြစ်ရလောက်အောင် ဘယ်လိုအရာတွေကများတွန်းပို့ခဲ့သလဲဆိုတာကို ပြန်ခံစားကြည့်ရအောင်ပါ။

Gone with the Wind ရုပ်ရှင်ဟာ စာရေးဆရာမ မာဂရက်မစ်ချယ်ရဲ့ဝတ္တုကို အသက်သွင်းရိုက်ကူးခဲ့တာဖြစ်ပါတယ်

Gone with the Wind ရုပ်ရှင်ဟာ စာရေးဆရာမ မာဂရက်မစ်ချယ်ရဲ့ဝတ္တုကို အသက်သွင်းရိုက်ကူးခဲ့တာဖြစ်ပါတယ်။ မြန်မာပြန်အနေနဲ့ စာရေးဆရာနန္ဒက လေရူးသုန်သုန်နာမည်နဲ့ မြန်မာမှုပြုထားခဲ့ပြီး အဲဒါကိုမှ ဆရာမြသန်းတင့်က လေရူးသုန်သုန်နာမည်ကိုသဘောကျလို့ တိုက်ရိုက်ဘာသာပြန်တဲ့အခါမှာလည်း အဲဒီနာမည်ကိုပဲ ထပ်ပြီးပေးခဲ့တာပါ။ စာအုပ်မှာကတည်းက အောင်မြင်ခဲ့တဲ့ဒီဇာတ်လမ်းဟာ ရုပ်ရှင်ကားအဖြစ်နဲ့လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အော်စကာ ဆယ်ဆုထိရရှိခဲ့ပါတယ်။ ဘာလင်မြို့မှာ သုံးနှစ်ဆက်တိုက်ပြသလို့ ရုပ်ရှင်အလုပ်သမားတွေကဆန္ဒပြကြတာတွေ၊ ရုပ်ရှင်ရိုက်ပြီး နှစ်ပေါင်းလေးဆယ်အတွင်း ကမ္ဘာမှာ Gone with the wind ကို ပြမနေတဲ့ရက်မရှိဘူးလို့ ဆရာမြသန်းတင့် အမှာစာမှာ ထည့်ရေးထားပါတယ်။ ဒီလောက်ဆိုရင် ဒီရုပ်ရှင်ဟာ ဘာကြောင့် ဒီလောက်ကြီးကျယ်ခမ်းနားနေလဲ ခန့်မှန်းလို့ရမှာပါ။

စာအုပ်မှာကတည်းက အောင်မြင်ခဲ့တဲ့ဒီဇာတ်လမ်းဟာ ရုပ်ရှင်ကားအဖြစ်နဲ့လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အော်စကာ ဆယ်ဆုထိရရှိခဲ့ပါတယ်

မူရင်းအောင်မြင်ပြီးသားဝတ္တုတစ်ပုဒ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးတဲ့နေရာမှာ ဝတ္တုကိုမှီအောင်ရိုက်ဖို့ ဖိအားတွဲပါလာတတ်တာက ထုံးစံပါ။ အဲဒီအတိုင်းပဲ Gone with the wind ရဲ့ထုတ်လုပ်သူတွေဟာလည်း ဒီဖိအားဒဏ်ကို ခံစားခဲ့ကြရပါတယ်။ ထုတ်လုပ်သူက အဓိကဇာတ်ကောင် စကားလက်အိုဟာရာရဲ့နေရာမှာ သရုပ်ဆောင်ဖို့ လူရွေးပွဲခေါ်တဲ့နေရာမှာတင် (ဒီနေ့ခေတ်ငွေကြေးနဲ့ဆိုရင်) ဒေါ်လာ (၁.၆) သန်းကုန်ကျခဲ့ပြီး မိန်းကလေးပေါင်း (၁၄၀၀) ဝင်အရွေးခံခဲ့ကြပါတယ်။ အဲဒီထဲကမှ မင်းသမီး ဗီဗီယန်လေးကို ရွေးချယ်ခဲ့တာပါ။ မင်းသားရွေးချယ်ရာမှာလည်း အဲဒီအချိန်က နာမည်ကြီးမင်းသားတွေဖြစ်တဲ့ ဂယ်ရီကူးပါးနဲ့ ကလာ့ခ်ကေဘယ်တို့ကို သွားကမ်းလှမ်းခဲ့ပါတယ်။ ဂယ်ရီကူးပါး ရဲ့ ” Gone with the wind က ဟောလိဝုဒ်မှာအကြီးမားဆုံးကျရှုံးတဲ့ကားဖြစ်မှာပဲ။ အဲဒီလိုကျဆုံးတဲ့အချိန်ကြရင် မျက်နှာပျက်ရမှာက ဂယ်ရီကူးပါးမဖြစ်ပဲ ကလာ့ခ်ကေဘယ်ဖြစ်နေတာပဲ ငါဝမ်းသာတယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ဒီစကားကတော့ အခုချိန်ထိ လူရယ်စရာဖြစ်ကျန်ဆဲပါ။ မင်းသား ရက် ဘတ်တလာနေရာမှာတော့ ကလာ့ခ်ကေဘယ်က အကောင်းဆုံးသရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။

မင်းသား ရက် ဘတ်တလာနေရာမှာတော့ ကလာ့ခ်ကေဘယ်က အကောင်းဆုံးသရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်

ရုပ်ရှင်ဇာတ်လမ်းကတော့ ရှင်းသလိုလိုနဲ့ ဇာတ်အိမ်ကကြီးလှပါတယ်။ မင်းသမီးဖြစ်တဲ့ ဗီဗီယန်လေးကလည်း သူ့ချစ်သူဆီကိုအမြန်ပြန်ချင်လို့ နေ့တိုင်းဇာတ်ဝင်ခန်းတစ်ခုကို လိုတာထက် ပိုပိုရိုက်ခိုင်းခဲ့ပါတယ်။ ဒီတော့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုလုံးကြီးက တက်သုတ်ရိုက်ဖြစ်ခဲ့ရတာတွေလည်းအများကြီးပါပဲ။ ဒီကြားထဲ လူအင်အားသုံးရမယ့်ဇာတ်ဝင်ခန်းတွေကလည်း မနည်းပြန်ပါဘူး။ မီလာနီကို ကလေးမွေးပေးဖို့ စကားလက် ဆရာဝန်ပြေးခေါ်တဲ့အခန်းဆိုရင် လူ (၈၀၀) လောက်အသုံးပြုခဲ့ရတာပါ။ ရိုက်ကူးနေချိန်အတွင်းမှာ ဒါရိုက်တာသုံးယောက်ပြောင်းခဲ့ရပါတယ်။ ဒုတိယဒါရိုက်တာဆိုရင် ပင်ပန်းတဲ့ဒဏ်ကိုမခံနိုင်လို့
နောက်တစ်ယောက်ကို လွှဲပေးခဲ့ရတဲ့အထိပါပဲ။ အဲဒီလောက်အပင်ပန်းခံခဲ့ရလို့လည်း ဂန္တဝင်ဇာတ်ကားကြီးတစ်ခုအဖြစ် မှတ်တမ်းဝင်ကျန်ခဲ့တာဖြစ်ပြီး အပင်ပန်းခံရကျိုးနပ်သွားခဲ့တယ်လို့ ပြောရမှာပါ။

ဇာတ်လမ်းတည်ထားတဲ့အချိန်က အမေရိကန်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်၊ အခုခေတ်မျက်လုံးနဲ့ ပြန်ကြည့်မယ်ဆိုရင် မြောက်ပိုင်းက လင်ကွန်းတို့က မှန်ကန်တဲ့သူတွေပါ

ဇာတ်လမ်းပိုင်းအရ အပေါ်ယံဇာတ်ကြောင်းကိုပြောရရင်တော့ မင်းသားက မင်းသမီးကိုချစ်တယ်။ မင်းသမီးက တခြားတစ်ယောက်ကိုချစ်တယ်။ နောက်ဆုံးကျမှ သူချစ်တဲ့သူ ဘယ်သူဆိုတာ တကယ်သိသွားတယ်။ ဒီလောက်ပါပဲ။ ဒါပေမဲ့ ဇာတ်အိမ်ပိုင်း၊ နောက်ခံသမိုင်းကြောင်းတွေတင်ပြပုံနဲ့ ပေါင်းစပ်လိုက်ရင်တော့ အရမ်းခမ်းနားပါတယ်။ ဇာတ်လမ်းတည်ထားတဲ့အချိန်က အမေရိကန်နိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်၊ အခုခေတ်မျက်လုံးနဲ့ ပြန်ကြည့်မယ်ဆိုရင် မြောက်ပိုင်းက လင်ကွန်းတို့က မှန်ကန်တဲ့သူတွေပါ။ တောင်ပိုင်းရဲ့ကျွန်စနစ်ကို ဖျက်သိမ်းဖို့ကြိုးစားသူတွေပေါ့။ ဒါပေမဲ့ ဇာတ်လမ်းထဲမှာတော့ တောင်ပိုင်းရဲ့အလှ၊ သူတို့ရဲ့ယဉ်ကျေးမှု၊ အစွန်းရောက်စိတ်ဓာတ်တွေကို ခပ်သာသာလေးပဲ ဖော်ပြသွားခဲ့ပါတယ်။
နောက်ဆုံး အမေရိကန်သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကေသုံးလုံးအဖွဲ့ကိုတောင် လက်ခံချင်စရာနီးနီးဖြစ်အောင် လုပ်ပြထားပါတယ်။

ဇာတ်လမ်းထဲမှာ အကောင်းဆုံးလို့ပြောရမှာကတော့ ဇာတ်ကောင်တွေရဲ့စရိုက်အားပြိုင်မှုတွေပါ

ဇာတ်လမ်းထဲမှာ အကောင်းဆုံးလို့ပြောရမှာကတော့ ဇာတ်ကောင်တွေရဲ့စရိုက်အားပြိုင်မှုတွေပါ။ စကားလက်အိုဟာရာဟာ သူ့ရဲ့စရိုက်သဘောသဘာအရကို တောင်ပိုင်းရဲ့ ရှေးရိုးစွဲယဉ်ကျေးမှုတွေနဲ့ မလိုက်ဖက်တဲ့သူဖြစ်ပေမဲ့ ဒီယဉ်ကျေးမှုတွေကိုလွန်ဆန်နိုင်လောက်တဲ့သတ္တိ သူ့မှာမရှိပါဘူး။ အနည်းဆုံးတော့ ရက် ပေါ်လာပြီး သူ့ကိုမကူညီပေးခဲ့ရင် မုဆိုးမဆိုရင် အိမ်တွင်းပဲအောင်းနေရမယ့်ဓလေ့ကြီးထဲမှာပဲ အရိုးစွဲပြီးနေသွားရမှာပါ။ ရက်ဘတ်တလာက တစ်ကိုယ်ကောင်းသမား၊ မှောင်ခိုသမား၊ တောင်ပိုင်းသားတွေရဲ့ ကိန်းကြီးခန်းကြီးနိုင်ပုံတွေ ပဒေသရာဇ်စနစ်တွေ ဓလေ့တွေအားလုံးကျဆုံးနေတာကြည့်ပြီး အပေါ်စီးကနေ ထိုင်လှောင်ရယ်နေတဲ့သူဖြစ်ပါတယ်။ စကားလက်က ဘယ်တုန်းကမှ သူလိုချင်တာကိုသူသိခဲ့ပုံမရပါဘူး။ သူ အက်ရှလေကိုလိုချင်ခဲ့တယ် ချစ်ခဲ့တယ်လို့တစ်လျှောက်လုံးထင်လာခဲ့တယ်။ ဒါပေမဲ့ တကယ်တော့မဟုတ်ခဲ့ပါဘူး။ တောင်ပိုင်းရဲ့အရေးတော်ပုံကြီးကို ကောင်းပါတယ်လို့ သူထင်လာခဲ့ပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာ စစ်ရဲ့ဒုက္ခတွေကို မြင်လာတဲ့အချိန် အရေးတော်ပုံကြီးကိုလည်း သူမုန်းလာပါတော့တယ်၊ မလိုချင်တော့ဘူး။ တောင်ပိုင်းလူမှုရေးဓလေ့တွေကို မကြိုက်တောင်မှရုန်းမထွက်နိုင်ပါဘူး။ ဒါဟာလည်း သူ့ကိုအပြစ်တင်စရာအချက်လို့တော့ မထင်မိပါဘူး။ အခုချိန်ထိလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဘယ်လိုမှအရေးမပါတဲ့ ထုံးတမ်းစဉ်လာတွေကို ရှေးဓလေ့ဆိုပြီးမရုန်းထွက်နိုင်တဲ့သူတွေ အမြောက်အများပဲ မဟုတ်ပါလား။ စကားလက်ကတော့ ရက် ဆိုတဲ့အခွင့်အရေးပေါ်လာတဲ့အချိန်မှာ မရမကတွန်းထွက်ခဲ့ပါတယ်။ အမှန်တော့ စကားလက်က သူ့ပတ်ဝန်းကျင်မှာ သူပုန်တစ်ယောက်ပါ။ ရက် ကလည်း အားလုံးကိုအရွဲ့တိုက်ထားတဲ့သူပုန်တစ်ယောက်ပါပဲ။ ဒီအချက်ကြောင့်ပဲ ရက် က စကားလက်ကို အသည်းစွဲချစ်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ်အဓိကဇာတ်ကောင်တွေက အက်ရှလေနဲ့ မီလာနီပါ။ မီလာနီက စကားလက်နဲ့ဆန့်ကျင်ဘက်။ စကားလက်က တောင်ပိုင်းဓလေ့အားလုံးကို ပုန်ကန်ပစ်ခဲ့တဲ့သူဆိုရင် မီလာနီက တောင်ပိုင်းသားတွေရဲ့ စံပြမိန်းကလေး အားလုံးရဲ့အချစ်တော်တစ်ဦးဖြစ်နေပါတယ်။ သူကလည်း စကားလက်နီးနီး စိတ်ဓာတ်ပြင်းတယ်။ သဘောထားကြီးပါတယ်။ သူ့ရဲ့သတ္တိက စကားလက်လိုတော့ မဟုတ်ပါဘူး။ အရေးကြုံလေ ပိုပြီးထင်ရှားလေပါ။ အက်ရှလေ ဒဏ်ရာရပြီးပြန်လာတဲ့အချိန် တည်ငြိမ်မှုမျိုး၊ အရည်အချင်းမျိုးကို မီလာနီဆီမှာပဲတွေ့ရပါတယ်။
ဒါကြောင့်လည်း အားလုံံးကို ကြောင်သူတော်တွေဆိုပြီး လှောင်ရယ်နေတဲ့ ရက်ဘတ်တလာရဲ့ လေးစားမှုကိုရခဲ့တဲ့ တစ်ယောက်တည်းသောသူဖြစ်တာပါ။ သူက တောင်ပိုင်းသားတွေ စံပြထားတဲ့အကျင့်တွေကို အကောင်းဆုံး ပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီး ဟန်ဆောင်ပြီးလုပ်ယူထားတာမျိုးမဟုတ်ပါဘူး။

အက်ရှလေကတော့ အားလုံးထဲမှာ သနားစရာအကောင်းဆုံးသူလို့မြင်မိပါတယ်။ သူလည်း စကားလက်လိုပဲ ကိုယ့်စိတ်ကိုယ်နားမလည်ခဲ့တဲ့သူ၊ ပြဿနာကိုတည့်တည့်ရင်ဆိုင်ရဲတဲ့သတ္တိလည်းမရှိခဲ့သူပါ။ စကားလက်လိုမျိုး ခေတ်ဟောင်းရဲ့ဓလေ့တွေကိုချစ်ပေမဲ့ စစ်ကြီးပြီးတဲ့အချိန် ပြောင်းလဲသွားတဲ့ခေတ်သစ်ကြီးမှာ သူဟာ ဘာမှအံမဝင်တော့တဲ့သူတစ်ယောက်ဖြစ်သွားပါတယ်။ စကားလက်လို ခေတ်သစ်တစ်ခုမှာ အလိုက်သင့်စီးမျောပြီးပါမလာနိုင်ခဲ့ရှာပါဘူး။ သူ့ရဲ့ကမ္ဘာငယ်ထဲမှာပဲ ပိတ်မိနေတာပါ။
မရနိုင်တော့တဲ့အတိတ်ကိုပဲ ပြန်တမ်းတနေတဲ့သူတစ်ယောက်ထက် ဘာမှမပိုတော့ဘဲ သူ့ရဲ့အားက မီလာနီဆီမှာရှိခဲ့တာကိုလည်း သူကောင်းကောင်းနားလည်ခဲ့ပုံမပေါ်ဘူး။ စကားလက်ရဲ့အလှမှာလည်း သူနစ်မျောခဲ့ပါသေးတယ်။

ဒီဇာတ်လမ်းမှာ အဆွေးဓာတ်တစ်ခုပါနေပါတယ်။ ဒါပေမဲ့ ဒါဟာ သာမာန်ဇာတ်လမ်းတွေလိုအဆုံးသတ်မှာ မင်းသားနဲ့ မင်းသမီး မပေါင်းနိုင်လို့ဆိုတာထက်ကိုပိုပါတယ်။ ဇာတ်လမ်းတစ်လျှောက်လုံး သူတို့နဲ့အတူ ခေတ်ကြီးတစ်ခုထဲမှာ စီးမျောလာခဲ့တယ်။ အဲဒီခေတ်ကြီး တဖြည်းဖြည်းနဲ့ အိုမင်းပျက်စီးသွားတာကိုလည်း မြင်လာရတယ်။ ဒါက အရမ်းစိတ်မချမ်းမြေ့စရာကောင်းလွန်းပါတယ်။ အချစ်ဟာ ကျွန်တော်တို့အားလုံး နားလည်နိုင်မယ့်ခံစားချက်တစ်ခုမဟုတ်ခဲ့ဘူးဆိုရင်တောင် အတိတ်ကိုလွမ်းမောခြင်းဆိုတာ အားလုံးသိနိုင်မယ့် ခံစားချက်တစ်ခုဖြစ်နေလို့ပါ။ ဝေးဝေးမကြည့်ပါနဲ့…ကျွန်တော်တို့လို (၉၀) ခုနှစ်ခေတ်မှာ ကြီးပြင်းလာတဲ့သူတွေတောင် ၁၉၉၀-၂၀၀၀ ခုနှစ်ကာလတွေမျာ ဖြတ်သန်းခဲ့ရပုံတွေကို သတိရနေဆဲမဟုတ်ပါလား။ ဒီဘက်ခေတ်ထက် အရင်ခေတ်က ဘာများသာသလဲလို့မေးရင် ဘာမှတော့မရှိပါဘူး။ အစစအရာရာ ခေတ်နောက်ကျပါတယ်။ ဒါပေမဲ့ အမှတ်တရတွေက အခုလက်ရှိခံစားနေရတာတွေထက်ပိုပြီး ခံစားရစေပါတယ်။ ဖယောင်းတိုင်မီးရောင်လေးတွေနဲ့ ဖြတ်သန်းခဲ့ရပုံကို လျှပ်စစ်မီးရောင်အောက်မှာထိုင်ပြီးတော့ အခွင့်ကြုံရင် သတိရမိကြဆဲဖြစ်ပြီး ဒါဟာ လူ့သဘာဝမို့ပဲနေမှာပါ။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ပျော်ရွှင်စရာအချိန်တွေအတိုင်း အမြဲတမ်းဖြတ်သန်းသွားချင်တယ်ဆိုတာမျိုးပါ့။

ဒီဇာတ်လမ်းမှာ အဆွေးဓာတ်တစ်ခုပါနေပါတယ်။ ဒါပေမဲ့ ဒါဟာ သာမာန်ဇာတ်လမ်းတွေလိုအဆုံးသတ်မှာ မင်းသားနဲ့ မင်းသမီး မပေါင်းနိုင်လို့ဆိုတာထက်ကိုပိုပါတယ်

ကျွန်တော်တို့ရဲ့ခေတ်ပြောင်းလဲပုံက သိမ်မွေ့ပါတယ်။ သူတို့ကတော့ ခေတ်ကြီးတစ်ခုလုံး မျက်စိတစ်မှိတ်အတွင်းမှာကုန်ဆုံးပြီး ခေတ်သစ်ကြီးတစ်ခုဆီကို ရောက်သွားခဲ့ရတာပါ။ ဒါကြောင့်လည်း အက်ရှလေလိုလူမျိုးက တစ်သက်လုံးအံမဝင်ဘဲ ဖြတ်သန်းသွားရတာဖြစ်မှာပါ။ ဇာတ်ကားထဲက စာသားလိုပြောရမယ်ဆိုရင်တော့ ယဉ်ကျေးမှုခေတ်ကြီးတစ်ခုလုံး လေနဲ့အတူလွင့်ပါသွားတာကို ကျွန်တော်တို့ ခံစားခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

Nyi Min Tun (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top