လေဆိပ်မှာ ပရိသတ်ကောင်လေး မေးသမျှ မေးခွန်းတိုင်းကို စိတ်ရှည်ရှည်ဖြေကြားပေးခဲ့တဲ့ ကီနူးရိဗ်

7-7-2022-06.jpg

ကောင်းသတင်းတွေနဲ့ပဲ သတင်းမွှေးတဲ့ မင်းသားကြီး ကီနူးရိဗ်အကြောင်း နောက်ထပ်ပြောစရာတစ်ခုရှိလာပြန်ပါပြီ။ ကီနူးရိဗ်က ဟောလိဝုဒ်လောကမှာ စိတ်သဘောထားပြည့်ဝပြီး စိတ်ရှည်တတ်တဲ့ အနုပညာရှင်ဆိုတာပါပဲ။ မကြာသေးခင်က အန်ဒရူး ကင်မ်မယ်ဆိုတဲ့ တွစ်တာအသုံးပြုသူတစ်ယောက်က ကီနူးရိဗ်ဟာ ပရိသတ်တစ်ယောက်နဲ့ပတ်သက်ပြီး လူကြီးလူကောင်းဆန်ပြီး စိတ်ရှည်တတ်တဲ့သူဆိုတာကို သူကိုယ်တိုင်မြင်တွေ့လာခဲ့ရတာပါ။ အဲဒီအကြောင်းကို တွစ်တာမှာ ပို့စ်တင်ပြီး ပြောပြလာခဲ့ပါတယ်။

ဇူလိုင်လ ၅ ရက်နေ့က ကီနူးရိဗ်ဟာ လန်ဒန်ကနေ နယူးယောက်ကို လေယာဉ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ လေဆိပ်မှာ လူငယ်ပရိသတ်တစ်ယောက်က အထုပ်အပိုးတွေနဲ့ ကီနူးရိဗ်နား ကပ်လာခဲ့ပြီး လက်မှတ်ထိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် အဲဒီကောင်လေးက ကီနူးရိဗ်ကို မေးခွန်းပေါင်းမြောက်များစွာ မေးလာပါတော့တယ်။ ကီနူးရိဗ်ကလည်း သူ မေးသမျှ မေးခွန်းတိုင်းကို စိတ်ရှည်ရှည်နဲ့ ဖြေပေးရှာပါတယ်။ အဲဒီအကြောင်း ပို့စ်တင်ခဲ့တဲ့ အန်ဒရူးက အဲဒီလူငယ်ပရိသတ်လေးနဲ့ကီနူးရိဗ်တို့ရဲ့ပုံတစ်ပုံကိုလည်း တင်ပေးခဲ့ပါတယ်။

အဲဒီပရိသတ်လေးက ကီနူးရိဗ်ကို စပြီး မေးခဲ့တာက “လန်ဒန်မှာ ဘာလို့ ရောက်နေခဲ့တာလဲ”တဲ့။ ကီနူးရိဗ်က “မှတ်တမ်းရုပ်ရှင်ရိုက်တာ”လို့ ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်…ဦးကို the Grand Prix မှာ ရှိနေခဲ့တာကို အွန်လိုင်းမှာ တွေ့ခဲ့တယ်”လို့ ကောင်လေးက ပြောတော့ “ဟုတ်တယ်…the Grand Prix. F1 ပြိုင်ကားတွေလေ”လို့ ကီနူးရိဗ်က ပြန်ပြောခဲ့ပါတယ်။ ကောင်လေးက “ဦး မောင်းတာလား”တဲ့။ “F1 မမောင်းဘူး၊ ဒါပေမဲ့ မော်တော်ဆိုင်ကယ်စီးတာတော့ ကြိုက်တယ်”လို့ ကီနူးရိဗ်က ပြောပါတယ်။

နောက်ထပ် ကောင်လေးက “နယူးယောက်မှာ နေတာလား”လို့ မေးပြန်ပါတယ်။ ကီနူးရိဗ်က “လော့စ်အိန်ဂျယ်လိစ်မြို့မှာ နေတာ”တဲ့။ “နယူးယောက်မှာ ဘယ်လောက်ကြာမှာလဲ” မေးတော့ “၄ ရက်..မဟုတ်ဘူး…၅ ရက်”လို့ မင်းသားကြီးက ဖြေကြားခဲ့ပါတယ်။ “နယူးယောက်မှာ ဘာလုပ်ဖို့လဲ”ဆိုတော့ “Broadway Show ကြည့်မလို့ပါ”လို့ ပြန်ဖြေခဲ့ပါတယ်။ အဲဒီကောင်လေးက မေးစရာမေးခွန်းတွေကုန်သွားတဲ့ပုံပါပဲ။ အဲဒီအချိန်မှာ မင်းသားကြီးကီနူးရိဗ်က ကောင်လေးကို “ဥရောပကို ဘာသွားလုပ်တာလဲ”၊ “ပဲရစ်မှာ ဘယ် ပြခန်းကို သွားခဲ့လဲ”၊ “အကြိုက်ဆုံးက ဘာလဲ”လို့ ပြန်မေးပေးခဲ့ပါတယ်။

တွစ်တာအသုံးပြုသူ အန်ဒရူးက မင်းသားကြီး ကီနူးရိဗ်နဲ့ ပရိသတ်ကောင်လေးတို့တွေ့ဆုံခဲ့တဲ့အခိုက်အတန့်လေးက လူတွေရဲ့ဘဝမှာ ကွာခြားမှု ကြီးကြီးမားမားဖြစ်စေနိုင်တဲ့အတွက် ဒါကို မျှဝေဖို့ တွေးမိခဲ့တာလို့ ဆိုပါတယ်။ အန်ဒရူး ပို့စ်တင်ပြီးတဲ့နောက်မှာ မင်းသားကြီး ကီနူးရိဗ်နဲ့ တွေ့ဆုံခဲ့ဖူးတဲ့ ပရိသတ်တချို့ကလည်း သူတို့ရဲ့ဇာတ်လမ်းတွေအကြောင်း မျှဝေလာခဲ့ပါတယ်။ ပရိသတ်တစ်ယောက်က “Matrix 4 ရိုက်ကူးနေတုန်းက ကျွန်တော် ကီနူးကို တွေ့ခဲ့တယ်။ သူက အရမ်းမိုက်တယ်။ မောက်မာမှုမရှိခဲ့ဘူး။ နှိမ့်ချတတ်ပြီး အံ့ဩစရာကောင်းတဲ့ လူပီသတဲ့ သရုပ်ဆောင်တစ်ယောက်ပါ”လို့ ဆိုပါတယ်။

နောက်ထပ်တစ်ယောက်ကလည်း “ကျွန်တော်တို့မြို့ရဲ့အပြင်ဘက်မှာ ကီနူးက ရုပ်ရှင်ရိုက်နေခဲ့တယ်။ ကျွန်တော့်ဇနီးဟောင်းနဲ့ ကျွန်တော်တို့ရဲ့ကလေးတွေက ရိုက်ကွင်းကို သွားခဲ့တယ်။ လုံခြုံရေးက ကျွန်တော်တို့ကို‌ မောင်းထုတ်တော့ ကီနူးက မလုပ်ပါနဲ့။ ရတယ်တဲ့။ သူက လက်မှတ်ထိုးပေးတဲ့အပြင် ကျွန်တော်တို့နဲ့ ဓာတ်ပုံလည်း ရိုက်ခဲ့တယ်”လို့ ပြောပါတယ်။

နောက်ထပ်တစ်ဦးကလည်း ကီနူးနဲ့ပတ်သက်ပြီး သူ့ဘဝရဲ့ဆောင်ပုဒ်အသစ်ကို ပြောပြပါတယ်။ သူ့ဆောင်ပုဒ်အသစ်က “ကီနူးလို ပြုမူပါ”တဲ့။

Ref: Upworthy “Keanu Reeves makes young fan’s day by patiently answering his rapid-fire questions at the airport”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top