နိုင်ပွဲဆက်နေသော်လည်း ခရီးလမ်းအစသာရှိသေးသည်ဟု ပုညစိုင်းပြောကြား

punnya_sai_OWS_M2F_1-1200x799.jpg

ပြီးခဲ့သည့် ဧပြီလ (၂၂) ရက်နေ့ကကျင်းပပြုလုပ်ခဲ့သော ONE Warrior Series (5) ပြိုင်ပွဲတွင် တာဂျစ်ကစ္စတန် နိုင်ငံသား Shafkat Khodzhkulov ကို ဒိုင်အဆုံးအဖြတ်ဖြင့်အနိုင်ယူပြီး (၃) ပွဲဆက်တိုက်အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့သော်လည်း ၎င်းရလဒ်မှာ မိမိလျှောက်မည့်လမ်း၏ ခရီးအစသာရှိသေးသည်ဟု ပုညစိုင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်းမှစတင်၍ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကထဲသို့ဝင်ရောက်လာသည့် မွန်တိုင်းရင်းသား ပုညစိုင်းသည် (၉) လတာကာလအတွင်း ပြိုင်ပွဲ (၃) ပွဲယှဉ်ပြိုင်ခဲ့ရာ (၃) ပွဲစလုံးအနိုင်ရရှိထားသည်။

“ နိုင်ပွဲ (၃) ပွဲဆိုတာ တကယ်တော့ ဘာမှမဟုတ်သေးပါဘူး။ ဒါဟာ ကျွန်တော်လျှောက်ရမယ့်ရည်မှန်းချက် ပန်းတိုင်ခရီးလမ်းရဲ့အစပဲ ရှိပါသေးတယ်။ ကျွန်တော်အနေနဲ့ ဆက်လက်လျှောက်လှမ်းရမယ့်ခရီးမှာ အကောင်းဆုံး စိတ်ဓာတ်နဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသပြီး အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု ပုညစိုင်းက ဆိုခဲ့သည်။

ONE Warrior Series (5) ပြိုင်ပွဲတွင် တာဂျစ်ကစ္စတန်နိုင်ငံသား Shafkat Khodzhkulov နှင့် ယှဉ်ပြိုင်ခဲ့ရသော ပွဲသည် ပုညစိုင်းအတွက် အခက်ခဲဆုံးပြိုင်ပွဲတစ်ခုဖြစ်ခဲ့သော်လည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သည်။

“ဒီပွဲဟာ ကျွန်တော့်စွမ်းရည်ကိုစမ်းသပ်တဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ပြိုင်ဘက် Shafkat ကို ယှဉ်ပြိုင်ခဲ့ရာမှာ အရင်ပြိုင်ပွဲတွေနဲ့ မတူခဲ့ဘူး။ ဒါပေမဲ့ အဆုံးသတ်မှာတော့ အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်” ဟု ပုညစိုင်းကဆိုသည်။

အသက် (၂၀) အရွယ်ရှိ ပုညစိုင်းသည် Bali MMA တွင် လေ့ကျင့်ခဲ့ပြီးနောက် ONE Warrior Series တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့်အနိုင်ရရှိခဲ့သည့်ပွဲ (၂) ပွဲရှိခဲ့ပြီး OWS (5) ပြိုင်ပွဲတွင် အမှတ်ဖြင့် ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။ ပုညစိုင်း၏အိပ်မက်မှာ တစ်နေ့တွင် ၎င်း၏မွေးရပ်မြေဖြစ်သည့် မြန်မာနိုင်ငံတွင် သူဝါသနာပါသည့် ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ရန်ဖြစ်သည်။ ONE Championship သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်လ (၉) လတာအချိန်အတွင်း ယခုကဲ့သို့ နိုင်ပွဲ (၃)ပွဲ ဆက်တိုက်ရရှိထားမှုသည် ၎င်းအိပ်မက်ကို အကောင်အထည်ဖော်ရန် အဓိကမောင်းနှင်အား ဖြစ်လာနိုင်မည်ဖြစ်သည်။

“ကျွန်တော်အိပ်မက်က တစ်နေ့ မြန်မာနိုင်ငံမှာ၊ မြန်မာပရိသတ်တွေရှေ့မှောက်မှာ ကျွန်တော်ရဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ကို ပြသနိုင်ဖို့ပါ။ ဒီအတွက်လည်း အကောင်းဆုံးကြိုးစားနေပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာလည်း ကျွန်တော့်ရည်မှန်းချက် အကောင်အထည်ပေါ်လာမယ်လို့ယုံကြည်ပါတယ်။ မြန်မာပရိသတ်တွေဟာ သူတို့နိုင်ငံ ကိုယ်စားပြုတဲ့အားကစားသမားတွေကို အရမ်းအားပေးကြတယ်ဆိုတာ ကျွန်တော့်လက်တွေ့ပါပဲ” ဟု ပုညစိုင်းကဆိုသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top