အဖေများနေ့

3.6.2019father-day.jpg

ကမ္ဘာ့နိုင်ငံအတော်များများမှာ ဇွန်လရဲ့ တတိယမြောက် တနင်္ဂနွေနေ့ကို အဖေများနေ့ လို့သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားတွေ ကျင်းပ ပြုလုပ်ကြလေ့ရှိပါတယ်။ အဖေများနေ့ကို ၁၉၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့က စတင်ကျင်းပခဲ့တာဖြစ်ပြီး အဖေများနေ့ဖြစ်ပေါ်လာအောင် ကြိုးပမ်းခဲ့တဲ့သူက အမေရိကန်ပြည်တွင်း စစ်ခေါင်းဆောင် ဝီလျံ ဂျက်ဆင်စမတ်ရဲ့ သမီး ဆိုနိုရာ လွိုက် စမတ်ဒေါ့ (Sonora Louise Smart Dodd) ဖြစ်ပါတယ်။

အမေများနေ့ ပဲရှိပြီး အဖေများနေ့ မရှိသေးတာကြောင့် မိတဆိုးကလေးသူ့ကို လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့သူ ဖခင်ကို ဂုဏ်ပြုလိုတဲ့အတွက် ဒီနေ့ကို သတ်မှတ်ပေးခံရဖို့ မရရအောင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့မဆုတ်မနစ်ကြိုးပမ်းမှုတွေကြောင့် ၁၉၆၆ ခုနှစ်မှာ အမေရိကန်သမ္မတ Lyndon B. Johnson က အဖေများနေ့ကို နှစ်စဉ် ဇွန်လတတိယပတ် စနေနေ့မှာ ကျင်းပဖို့ သတ်မှတ်ပေးလိုက်ပါတယ်။

အဖေများနေ့အထိမ်းအမှတ်ပွဲကျင်းပမှုက အမေရိကန်နိုင်ငံကနေအစပျိုးခဲ့ကာ အိမ်နီးချင်းနိုင်ငံတွေအပြင် ဥရောပ၊ အာရှထိအောင် တစ်ကမ္ဘာလုံးနီးပါး ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံအများစုမှာတော့ အဖေများနေ့ကို နှစ်စဉ် ဇွန်လ တတိယပတ်တနင်္ဂနွေနေ့အဖြစ် သတ်မှတ်ကျင်းပကြပါတယ်။ တချို့နိုင်ငံတွေကတော့ ဇွန်လဆန်းပိုင်းနေ့တွေမှာ ကျင်းပတတ်ကြပါတယ်။

အဖေများနေ့အထိမ်းအမှတ်ပွဲဆိုတာ အများအားဖြင့် ခမ်းခမ်းနားနား၊ တခုတ်တရ အသိအမှတ်ပြုခံရခဲတဲ့ ဖခင်တွေရဲ့ မေတ္တာနဲ့ ကျေးဇူးတရားတွေကို ဂုဏ်ပြုဖော်ညွှန်းပြတဲ့ ပွဲဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးထုံးဓလေ့အရ မိဘနှစ်ပါးလုံးကို အနန္တောအနန္တငါးပါးထဲမှာ ထည့်သွင်း ဂုဏ်ပြုထားကြပြီး အမေ့မှာ မွေးကျွေးဇူးရှိသလို၊ အဖေ့မှာလည်း ကျွေးကျေးဇူးရှိတယ်လို့ ယူဆထားကြပါတယ်။ အမေက နွေးထွေးတဲ့ချစ်ခြင်းမေတ္တာတရားတွေပေးတဲ့သူဆိုရင် အဖေက ရဲရင့်ခိုင်မာတဲ့ စိတ်ဓာတ် ခွန်အားတွေပေးသူပါ။

အဖေ့ကို သတိရဖို့၊ အဖေ့ရဲ့ ကျေးဇူးတွေကို အောက်မေ့ကြဖို့ဆိုတာ အဖေများနေ့ ဆိုတဲ့ ဒီနေ့တစ်နေ့တည်းမှာပဲ လုပ်ရမှာမဟုတ်ဘဲ အမြဲလိုလို သတိရနေဖို့၊ အလေးအမြတ်ထားနေဖို့လိုကြောင်းတိုက်တွန်းရင်း ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆) ရက်မှာ ကျရောက်တဲ့ အဖေများနေ့ မှာ ကမ္ဘာပေါ်မှာရှိသမျှ ဖခင်တွေကို လေးစားသမှုနဲ့ ဂုဏ်ပြုအပ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top