အပတ်စဉ်ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၆-၆-၂၀၁၉ မှ ၂၂-၆-၂၀၁၉ ရက်နေ့အထိ)

Bay-Din-16to22-june.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၆-၆-၂၀၁၉ မှ ၂၂-၆-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အနေနှင့် စီးပွားရေးလုပ်ငန်းများတွင် လျို့ဝှက်စွာလုပ်ဆောင်ရသည့် လုပ်ငန်းများ အထူးသတိထားရမည့်ကာလဖြစ်သည်။ အကယ်၍ သတိလက်လွတ်ဆောင်ရွက်ပါက လုပ်ငန်းတစ်ခုလုံး ထိခိုက်သွားမည်ဖြစ်သည်။ အထူးသဖြင့် ကံဖြင့်လုပ်ရသောလုပ်ငန်းများ ထီ၊ ကျောက်စိမ်းဖြတ်ခြင်း စသည်တို့လည်း မလုပ်ဆောင်သင့်သေးပါ။ ကံနှင့်ဆက်သောလုပ်ငန်းမှအပ ကျန်လုပ်ငန်းများကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ခါးနာခြင်း၊ ဒူးနာခြင်းများဖြစ်မည်၊ လေးဘက်နာကဲ့သို့ဖြစ်တတ်သည် အထူးသတိထားရမည့်အချိန်ဖြစ်ပါသည်။ အချစ်ရေးကတော့ ကံညံ့နေပြီး မိမိချစ်သူနှင့် အဆင်မပြေဖြစ်မည်။ အိမ်ထောင်ရှင်များကတော့ ဒီရက်ပိုင်း လုပ်ငန်းကိစ္စဖြင့်ခွဲနေရတတ်သည်။ ဆွေမျိုးသားချင်းငွေချေးခြင်းအတွက် ရန်မြင်ပါသည်။ ပညာရေးသမားများ ရာထူးစာမေးပွဲဖြေရပါက ကောင်းပါသည်။ မြေ၊ ယာ၊ အိုးအိမ်၊ဝင်တတ် ထွက်တတ်ပါသည်။ ဝန်ထမ်းများ အခြေအနေကောင်းပါသည်။

အကျိုးပေးဂဏန်းမှာ – ၂၊ ၆၊ ၇ ယတြာ – အိမ်ရှိဘုရားတွင် အုန်းရည် (သို့) အုန်းနို (၁) ခွက် ကပ်လှူပူဇော်ပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ စီးပွားရေးလုပ်ငန်းများ အနိမ့်၊ အမြင့်ဖြစ်နေတတ်ပြီး ကံတရားအနေနှင့် အချို့ကံတရားကကောင်းပြီး အချို့ကံတရားက ဆိုးနေတတ်သည်။ ထူးခြားသည်မှာ ရေနှင့်ပတ်သက်သော လုပ်ငန်းလုပ်ကိုင်သူများ ကံကောင်းပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ ကံဆိုးနေတတ်သည်။ ဆောက်လုပ်ရးလုပ်ငန်းတွင် ပစ္စည်းအလေအလွင့်သတိထားပါ။ ဆောက်လုပ်ရေးပစ္စည်းနှင့် ပတ်သက်သော ပြဿနာရင်ဆိုင်ရတတ်သည်။ ကျန်းမာရေးအနေနှင့် အသက်ရှူခြင်းနှင့်ဆိုင်သောကိစ္စများ ဖြစ်တတ်သည်၊ အဆုတ်ရောဂါလည်း ဖြစ်တတ်သည်၊ အအေးမိပါက အဆိုးဖြစ်မည်။ သတိထားကုသရလိမ့်မည်။ ပညာရေးသမားများ စိတ်ဓာတ်ကျနေတတ်သည်။ အမှန်က ကြိုးစားရန်သာဖြစ်သည်။ အချစ်ရေးအနေနှင့် ချစ်စရာကောင်းသော ချစ်သူရရှိလိမ့်မည်။ အိမ်ထောင်ရေးအခြေအနေကောင်းပါသည်။ ပညာရေးကောင်းပါသည်။ ဝန်ထမ်းများ စိတ်ညစ်ရမည်။

အကျိုးပေးဂဏန်း – ၂ ၊ ၃ ၊ ၉။ ယတြာ – ကျောင်းသား/သူများကို စာအုပ်လှူပေးပါ။

အင်္ဂါ

ယခုတစ်ပတ်အတွင်း အင်္ဂါသားသမီးများ စီးပွားရေးလုပ်ငန်းတွင် ကံကောင်းချိန်ဖြစ်သည်။ ထူးခြားသည်မှာ ယခုအချိန်သည် ရည်မှန်းထားသည့်အလုပ်ကတစ်ခု အခြေအနေအရအမြတ်အစွန်းရမည့် အလုပ်ကတစ်ခုဖြစ်လာမည်။ စီးပွားရေးအရ ချိန်းဆိုထားချိန်တွင်မဖြစ်လာတတ်ဘဲ အခြားသောမိတ်ဆွေနှင့် ဖြစ်လာတတ်သည်။ မည်သို့ဆိုစေကာမူ လုပ်ငန်းများအောင်မြင်မည့်အချိန်ဖြစ်သည်။ ယခုအချိန်တွင် ငွေကြေးကို အခြေခံသောလုပ်ငန်းကို လုပ်ဆောင်နေမည်ဆိုပါက မိမိလုပ်ငန်းများဦးမော့သွားပါလိမ့်မည်။ သတ္တု၊ ရွှေ၊ ကျောက်စိမ်း၊ သစ် စသည့်လုပ်ငန်းများ ကံကောင်းနေသည်။ ရေလုပ်ငန်း၊ အထည်လုပ်ငန်းမျာလည်း အဆင်ပြေမည်။ ကျန်းမာရေးအနေနှင့် ဆီး၊ ကျောက်ကပ်ကိုသာ ဆက်လက်သတိထားရလိမ့်မည်။ သွေးတိုးနှင့် ဆီးချိုသမားများ သတိထားပါ။ အချစ်ရေးတွင် ကံကောင်းနေသော်လည်း အခြားသောလူမှု့ရေးကိစ္စများကြောင့် ဦးစားမပေးနိုင်ဖြစ်မည်၊ အိမ်ထောင်ရေးသမားများ ကံကောင်းပြီး ဘာသာရေးဆိုင်ရာ ခရီးထွက်ရတတ်သည်။ ပညာရေးသမားများစိတ်ချမ်းသာရမည်။ ဝန်ထမ်းများသတိပြုရန်မှာ မိမိတာဝန်ယူရသောကိစ္စများတွင် အရေးကြီးစာရွက်ပျောက်တတ်သည်။

အကျိုးပေးဂဏန်း – ၃ ၊ ၄ ၊ ၉။ ယတြာ – အင်္ဂါနေ့တွင် အင်္ဂါထောင့်တွင် ဖယောင်းတိုင်မီး သက်စေ့လှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ ကံညံ့သည့်အခြေအနေကို ဆိုက်ရောက်နေပြီဖြစ်သည်။ ယခုအချိန်သည် မိမိလုပ်ကိုင်နေသောအလုပ်များအားလုံး အမှောင်လွှမ်းနေတတ်သည့်ကိန်းဖြစ်သည်၊ ခရီးယာယီများသွားရမည်။ ငွေကြေအတွက် ဗျာများမည်။ မထင်မှတ်ထားသောကိစ္စရပ်များကြောင့် ပြဿနာပေါင်းစုံတက်တတ်သည်။ စီးပွားရေးအနေနှင့် ယာယီနားနေသင့်သည့်ကာလဖြစ်သည်။ အထူးသဖြင့် အသက် (၃၀-၃၁) အရွယ်ရှိသူများ သတိပြုရန်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် ခါးနာရောဂါ အထူးဖိစီးမည်။ မတော်တဆထိခိုက်မိသဖြင့် ခါးတွင် ဒဏ်ရာရပါက ကုသရန်အလွန်ခက်မည်။ အထူးသတိပြုရန်ဖြစ်ပါသည်။ အချစ်ရေးတွင် ချစ်သူနှင့် ခွဲခွာနေရ တတ်သည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်ပါသည်။ ပညာရေးတွင် အတွက်အချက်နှင့ဆိုင်သော ဘာသာရပ်၊ စာရင်းကိုင်ပညာတို့လိုက်စားပါ။ ရွှေ၊ ရတနာပစ္စည်း စသည့်တို့ဝင်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု – ရာဟုသားသမီးတို့ကတော့ စိတ်မသာမယာဖြစ်နေမည်။ ကျန်းမာရေးအနေနှင့် မတော်တဆထိခိုက်ခြင်း အထူးသတိပြုပါ။ အချစ်ရေးတွင် ချစ်သူမှ အမုန်းစကား၊ လမ်းခွဲစကားဆိုတတ်သည် သတိထားပါ။ စီးပွားရေးတွင် မော်တော်ကားအရောင်းအဝယ်ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက အတိုင်ခံရတတ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၆၊ ၉။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် အိမ်ဘုရားတွင် ရွက်လှပန်းများလှူပြီး သက်ရှိဘုရားကဲ့သို့ ဆွမ်းကပ်လှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေးသားသမီးတို့အတွက် စီးပွားရေးအခြေအနေမှာ လုပ်ငန်းတချို့ကောင်းပြီး တချို့ဆိုးနေတတ်သည်။ မိမိလုပ်ငန်းအတွင်းမှာပင် အလုပ်သမားကိစ္စဖြေရှင်းနေရသော်လည်း ဝယ်လိုအားကောင်း နေမည့်အခြေအနေမျိုးဖြစ်သည်။ ဆေးပစ္စည်းနှင့်ပတ်သက်သောလုပ်ငန်း၊ ဆောက်လုပ်ရေးနှင့်ပတ်သက်သော ကုန်ပစ္စည်းရောင်းချခြင်းလုပ်ငန်းများ ငွေကြေးမလည်ပတ်ဖြစ်မည်။ ခရီးသွားလုပ်ငန်းများ မထင်မှတ်ဘဲလုပ်ငန်းအဆင်ပြေမည်။ ကျန်းမာရေးအနေနှင့် အူမကြီး၊အစာအိမ်ရောဂါများဖြစ်မည်။ သတိထားပါ။ အချစ်ရေးနှင့် ပတ်သက်ပြီး အဖြေမရသေးပါက အဖြေရရန် အလွန်အခြေအနေကောင်းနေတတ်သည်။ သို့သော် လက်မထပ်ရသေးသည့် အဖြေရပြီးသူများ အခြေအနေမကောင်းဘဲ သစ္စာဖောက်တတ်သည်။ သတိပြုပါ။ အိမ်ထောင်သည်များလည်း ကံကောင်းပါသည်။ ပညာရေးလိုက်စေားနေသော ကျောင်းသားများ ကျန်းမာရေးသတိပြုပါ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၇ ၊ ၉။ ယတြာ – အိမ်ရှိဘုရားတွင် မေမြို့ပန်းများ ကပ်လှူပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် စီးပွားရေးလုပ်ငန်းလုပ်ရာတွင် ကံကောင်းနေလိမ့်မည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ ဆေးပစ္စည်းရောင်းချသူများ၊ ကျန်းမာရေးဝန်ဆောင်မှု့ပေးသူများ ကံကောင်းနေပြီး အမြတ်အစွန်းများနေမည်။ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ ကံညံ့နေတတ်သည်။ ငွေကြေးကို အခြေခံသူများကတော့ အားနည်းနေမည်သာဖြစ်သည်။ ကျန်းမာရေးအနေနှင့် သွေးနှင့်ပတ်သက်သောရောဂါ၊ နှလုံးရောဂါရှိသူများ သတိထားရမည့်အချိန်ဖြစ်သည်။ ကျန်းမာရေးအထူးဂရုစိုက်ပြီး ဆေးစစ်သင့်သည့်အချိန်ပါ။ အချစ်ရေးအတွက် သင့်အနေနှင့် လက်ထပ်ရန် ရက်ရွေးထားလိုက်ပါ။ အိမ်ထောင်ရေးသမားများ အေးစက်နေ တတ်ပြီး အကြင်နာများလျော့နေမည်။ ပညာရေးသမားများ အဆင်ပြေမည်။ ဆရာကောင်းတွေ့ပါလိမ့်မည်။ ယာဉ်၊ ကား ဝင်မည်၊ ထွက်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆၊ ၇။ ယတြာ – သောက်ရေအိုးနှင့် သောက်ရေသန့်များ လှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမောလာတော့မည်။ အထူးသဖြင့် ခက်ခဲသောလုပ်ငန်းများ၊ သတ္တုလုပ်ငန်း၊ ကျောက်မျက်ရတနာရှာဖွေခြင်းလုပ်ငန်းနှင့် စက်ရုံလုပ်ငန်းများ ကံကောင်းလာပြီဖြစ်သည်။ ကျန်းမာရေးအနေဖြင့် ဦးခေါင်း၊ မျက်စိနှင့် နား သတိထားပါ။ ခါးနှင့် ဒူးတွင် ထိခိုက်ဒဏ်ရာရတတ်သည်။ခေါင်းကိုက်၊ ခေါင်းခဲလည်း ဖြစ်တတ်သည်။ လုပ်ငန်းများမှ ဆုံးရှုံးပြီးဟုမှတ်ထားသော ငွေကြေးများပြန်ရမည်၊ ရောင်းမရသည့်ပစ္စည်းများ အရောင်းပြတ်လောက်အောင် ရောင်းရလိမ့်မည်။ ငွေကြေးအမြတ်ရလိမ့်မည်။ အချစ်ရေးတွင် နှစ်ဘက်မိဘတို့ကြောင့် စကားမှားပြီး ဝေးရတတ်သည်။ အိမ်ထောင်သည်များလည်း နှစ်ဘက်မိဘတို့ကိုအခြေခံသော အိမ်တွင်းရေးကိစ္စများ ဖြစ်နေတတ်ပြီး ရက်ရှည်လာပြီဖြစ်သဖြင့် အဖြေတစ်ခုရှာရန်လိုသည်။ အိမ် ခြံ မြေ ဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ နိုင်ငံခြားဘာသာသင်ယူသူများအနေဖြင့် အချိန်ပိုလေ့လာပါ။ ဝန်ထမ်းများအဆင်ပြေမည်။ ဌာနတွင်း နေရာကောင်း ပြောင်းရွေ့ရခြင်းဖြစ်မည်။

အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ဝ။ ယတြာ – ခွေးကလေးများအား ထန်းလျက်များ ဒါနပြုပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top