လုယက်သူကို လမ်းလျှောက်တုတ်နဲ့ ရိုက်နှက်ခုခံခဲ့တဲ့ ၈၂ နှစ်အရွယ် ဘွားဘွား

yyl-030-3.jpg

ဂျွန်တာနာက အသက် ၈၂ နှစ်ရှိပြီ။ ဟန်လေမြို့မှာ AJ & J သတင်းစာ၊ ဂျာနယ်အရောင်းဆိုင် ဖွင့်ထားတယ်။ ဆေးလိပ်လေး၊ မုန့်လေးလည်း ရောင်းတယ်။ သူက ဒီဆိုင်ကို ဖွင့်လာတာ ၄၅ နှစ်ရှိပြီ။ အေးအေးချမ်းချမ်းပဲ။ ပြဿနာ ဘာတစ်ခုမှ မရှိခဲ့ဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၃ ရက်မှာ အပြာရောင်အိပ်ရာခင်း ခြုံထားတဲ့ ဆေးသမားတစ်ယောက်က စျေးဝယ်သလိုလို ဘာလိုလိုနဲ့ သူ့ဆီကနေ ငွေတောင်းတယ်။ ဂျွန်တာနာကလည်း ခပ်မာမာပဲ။ မပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ ဒီတော့ ဆေးသမားက ကောင်တာအနောက်ကို ဝင်လာပြီး ဝင်လုတယ်။ ဂျွန်တာနာက အိုမင်းနေပေမဲ့ လွယ်လွယ်နဲ့ လက်မလျှော့ဘူး။ သူ့ဆိုင်ထဲ ဝင်လုတဲ့ ဆေးသမားကို လမ်းလျှောက်တုတ်နဲ့ ဆက်တိုက်ရိုက်ပစ်တယ်။

ဒီအဘွားကြီးတော့ ငါ့ကို ဘာမှ ပြန်လုပ်ရဲမှာ မဟုတ်လောက်ဘူးလို့ ထင်ထားတဲ့ ဆေးသမားလည်း ကောင်တာထဲက ပေါင် ၅၀ နဲ့ ဆေးလိပ် ၆ ဘူးလောက်ယူပြီး ဂျွန်တာနာကို ဆောင့်တွန်းရင်း ထွက်ပြေးသွားတယ်။ မထင်မှတ်ထားတဲ့ အခြေအနေ ကြုံခဲ့တဲ့ ဆေးသမားက သူခြုံလာတဲ့ အိပ်ရာခင်း ကျန်နေရစ်ခဲ့တယ်။ အဲဒီအိပ်ရာခင်းကနေ သူ့ရဲ့ DNA ကို တွေ့ပြီး အသက် ၂၈ နှစ်ရှိတဲ့ အေရွန်မောင့်ဖို့ဒ်ကို ဖမ်းလိုက်နိုင်တယ်။ အေရွန်မောင့်ဖို့ဒ်က တခြားလုယက်မှုကြောင့် ထောင်ဒဏ် ၄ နှစ်ခွဲ၊ AJ & J သတင်းစာအရောင်းဆိုင်ကို ဝင်လုတဲ့ဖြစ်ရပ်ကြောင့် ထောင်ဒဏ် ၂ နှစ်ကျခံနေရတယ်။ အဘွားအို ဂျွန်တာနာရဲ့ ရဲစွမ်းသတ္တိကို လေးစားသွားတဲ့ တရားသူကြီး ဒေးဗစ်ဖလက်ချာက High Sheriff ဆု ချီးမြှင့်ပြီး ဆုကြေးငွေ ပေါင် ၂၅၀ ပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top