အနည်ထိုင်သွားအောင် အချိန်ခဏပေးပါ

Moral-Stories-Saint-and-a-scorpion-e1451632315726.jpg

တစ်ခါက သူတော်စင်တစ်ပါးဟာ နောက်လိုက်အပေါင်းအပါအခြွေအရံများနဲ့ မြို့တစ်မြို့ကို ကြွလာခဲ့ပါတယ်။ ခရီးတစ်ထောက်အရောက် ရေကန်တစ်ကန်နားကိုရောက်တဲ့အခါမှာ “အားလုံးပဲမောပန်းနေကြလောက်ပြီ။ ဒီရေကန်နားမှာ အမောဖြေရင်း ခဏနားကြရအောင်” လို့ သူတော်စင်ကြီးက မိန့်လိုက်ပါတယ်။ အဲဒီနောက် သူတော်စင်ကြီးဟာ တပည့်တစ်ယောက်ကို ရေကန်ထဲက ရေနည်းနည်းလောက်ခပ်ဖို့အတွက်လည်း ခိုင်းစေလိုက်ပါတယ်။

တပည့်ဖြစ်သူဟာ ရေကန်ရှိရာအရပ်ကိုရောက်တဲ့အခါ လူအချို့က ရေကန်ရဲ့တစ်ဘက်ကမ်းမှာ အဝတ်လျှော်နေတာကို တွေ့လိုက်ရပါတယ်။ တစ်ဆက်တည်းမှာပဲ နွားလှည်းတစ်စီးဟာ ရေကန်ထဲ ဖြတ်မောင်းသွားတာကိုလည်း တွေ့လိုက်ရပါတယ်။ ဒီအဖြစ်အပျက်တွေကြောင့် ကန်ထဲမှာရှိတဲ့ရေဟာလည်း နောက်ကျိပြီး သောက်မရတဲ့အနေထားကိုပြောင်းလဲသွားပါတယ်။ အဲဒီအခါမှာတော့ သူတော်စင်ကြီး ရဲ့တပည့်လည်း “ဒီလိုနောက်ကျိနေတဲ့ရေကို သူတော်စင်ကြီးအတွက် သယ်ယူသွားဖို့ မသင့်တော်ပါဘူးလေ “ဆိုပြီးတော့ လှည့်ပြန်လာခဲ့ပါတယ်။ သူတော်စင်ကြီးနားနေတဲ့နေရာကို ရောက်တဲ့အခါမှာ သူတွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် ကန်ထဲကရေတွေ နောက်ကျိနေကြောင်းနဲ့ သောက်သုံးဖို့မသင့်တော်ကြောင်း လျှောက်တင်လိုက်ပါတယ်။

သူတော်စင်ကြီးက “ကောင်းပြီ။ သစ်ပင်ရိပ်အောက်မှာ ခဏတဖြုတ်အနားယူလိုက်ပါဦး” လို့ပြောလိုက်ပါတယ်။ နာရီဝက်ခန့်အကြာမှာတော့ သူတော်စင်ကြီးက စောနရေသွားခပ်တဲ့တပည့်ဖြစ်သူကို ဒုတိယအကြိမ်မြောက် ရေသွားခပ်ခိုင်းလိုက်ပါတယ်။ တပည့်ဖြစ်တဲ့သူကလည်း မဆိုင်းမတွဘဲသွားခဲ့ကာ ကန်ကိုရောက်တဲ့အခါမှာတော့ ကြည်လင်နေတဲ့ကန်ရေကိုမြင်လိုက်ရပါတယ်။ အဲဒီအခါမှာတော့ ပါလာတဲ့ရေဗူးလေးထဲကို ခပ်ထည့် လာခဲ့ပါတယ်။

သူတော်စင်ကြီးဆီရောက်တဲ့အခါမှာ ပါလာတဲ့ရေဗူးထဲကရေကိုကြည့်ပြီး တပည့်ဖြစ်သူကို သူတော်စင်ကြီးက အခုလိုပြောလိုက်ပါတယ်။ “ကြည့်လိုက်ပါ။ သင်ပထမတွေ့မြင်ခဲ့ရတဲ့ နောက်ကျိနေတဲ့ရေတွေ မဟုတ်တော့ဘူးနော်။ ရေကိုနောက်ကျိစေတဲ့ အနည်တွေထိုင်သွားအောင် အချိန်လေးတစ်ခု ပေးလိုက်ရုံကလွဲပြီးတော့ ဘာမှအားစိုက်ထုတ်စရာမလိုပါဘူး”

ဒီအကြောင်းအရာလေးကနေပေးချင်တဲ့ အသိကတော့ ကျွန်တော်တို့စိတ်ခံစားချက်နဲ့ ပတ်သက်နေပါတယ်။ တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကြောင့် ကျွန်တော်တို့အားလုံး စိတ်ညစ်ဖူး၊ စိတ်ရှုပ်ဖူးကြမှာပါ။ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟတွေဖုံးနေပြီး သောက်သုံးဖို့မသင့်တော်ဘဲ နောက်ကျိနေတဲ့ရေနဲ့ အလားသဏ္ဍာန်တူပါတယ်။ အဲဒီရေကို မဆင်မခြင်သောက်သုံးမိမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်သလို တွေ့ကြုံနေတဲ့ပြဿနာကို သေသေချာချာမသုံးသပ်ဘဲ အလောတကြီး ကမူးရှူးထိုး ဖြေရှင်းတာဟာလည်း မပြေလည်တဲ့အပြင် အခြေအနေပိုဆိုးရွားလာနိင်ပါတယ်။ အဲဒါကြောင့် သောက်ရေကြည်လေးရဖို့ အနည်တွေထိုင်သွားအောင် အချိန်တစ်ခုပေးရသလိုမျိုး ပူလောင်နေတဲ့သင့်ရဲ့စိတ်ကိုငြိမ်အောင်ထားလိုက်ပြီးမှသာ အကောင်းဆုံးနည်းလမ်းကိုစဉ်းစားပြီး ဖြေရှင်းသင့်ပါတယ်။

Ref: “Sometimes Just let it be”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top