သင်္ကြန်ပိတ်ရက်အတွင်းမှာ ခရီးသွားတော့မယ်ဆိုရင်

03_scavenger_reasons_sick_vacation_ArtMarie.jpg

တစ်နှစ်ပတ်လုံးမှာ အလုပ်ပိတ်ရက်ရှည်ရှည်ရတာဆိုလို့ သင်္ကြန်ပိတ်ရက်တွေပဲရှိတာပါ။ ရက်ရှည်အနားယူခရီးထွက်ဖို့အတွက် အသင့်တော်ဆုံးအချိန်ကလည်း တစ်နှစ်ပတ်လုံးမှာ ဒီအချိန်လေးကသာ အကောင်းဆုံးဖြစ်နေပါတယ်။ သားသား၊ မီးမီးတို့လည်း ကျောင်းတွေပိတ်တယ်။ ဖေဖေ မေမေ ဦးဦး ဒေါ်ဒေါ်တို့လည်း ရုံးတွေပိတ် Bonus တွေရထားတဲ့အချိန်မို့ အနားယူဖို့အတွက် ကိုယ်ရောစိတ်ပါ အဆင်ပြေဆုံး အချိန်လေးဖြစ်ပါတယ်။

သင်္ကြန်တွင်းခရီးသွားတဲ့အခါ မြန်မာနှစ်ကူး သင်္ကြန်အငွေ့အသက်လေးကိုလည်း ခံစားရအောင်၊ ခရီးသွားတဲ့ရသလေးလည်းမပျောက်အောင် ဘယ်ကိုသွားရင် အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ရိုးရာလေးပရိသတ်တွေအတွက် အကြံပေးလိုက်ပါရစေ။

ပုဂံ

ပုဂံမြို့ဟောင်းနဲ့ မြို့သစ်နှစ်ခုမှာ ပုဂံမြို့ဟောင်းဘက်က ပိုပြီးတော့အညာအငွေ့အသက် ရရှိနိုင်ပါတယ်

ပထမဆုံးအနေနဲ့ သင်္ကြန်တွင်းသွားရောက်လည်ပတ်ဖို့တိုက်တွန်းချင်တဲ့နေရာတစ်ခုကတော့ မြန်မာတို့ရဲ့ အသည်းနှလုံး ပုဂံမြေပါ။ သင်္ကြန်တွင်းမို့ အခြားပိတ်ရက်တွေလိုမျိူး ပုဂံမှာ ခရီးသွားမများပါဘူး။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ သာယာလှတဲ့တဲ့အညာမြေက ချစ်စရာကလေးငယ်တွေ၊ နိုင်ငံခြားသားခရီးသွားတွေနဲ့အတူ သင်္ကြန်ရေ အပျော်ဆော့ကစားလို့လည်း ရပါတယ်။ ပုဂံမြို့ဟောင်းနဲ့ မြို့သစ်နှစ်ခုမှာ ပုဂံမြို့ဟောင်းဘက်က ပိုပြီးတော့ အညာအငွေ့အသက် ရရှိနိုင်ပါတယ်။ ပုဂံအနီးနားမှာရှိတဲ့ရွာတွေနဲ့ ဧရာဝတီတစ်ဘက်ကမ်း ပခုက္ကူ မြို့ဘက်ထိကို ဆက်သွားနိုင်ပါသေးတယ်။ ပိတ်ရက်အတွင်း ပုဂံ၊ ပုပ္ပါး၊ ပခုက္ကူနဲ့ အချိန်ရသေးမယ်ဆိုရင် မုံရွာအထိပါ ခရီးဆက်သွားနိုင်ပါတယ်။ မုံရွာဗောဓိတစ်ထောင်မှာတော့ သင်္ကြန်တွင်း ခရီးသွားများတတ်ပါတယ်။

ကလော သို့မဟုတ် ချင်းပြည်နယ်က နတ်မတောင်

ကလောမြို့မှာဆိုရင်လည်း ပလောင်တောင်တစ်ဝိုက်မှာ စက်ဘီးစီးရင်း ဓာတ်ပုံလှလှလေးတွေရိုက်ကူးနိင်ပြီး ပိတ်ရက်ကို စိတ်ကြည်နူးစွာဖြတ်သန်းနိုင်ပါတယ်

နာမည်တွေ ကြားလိုက်ရုံနဲ့တင် ချမ်းစိမ့်စိမ့်လေး ဖြစ်သွားမှာနော်။ သင်္ကြန်တွင်း ကလောမှာတော့ ရေကစားတာနည်းနည်းရှိပေမဲ့ ချင်းပြည်၊ ကန်ပက်လက်မှာတော့ ရေမဆော့သလောက်ပါပဲ။ တောင်ပေါ်မြေသွားချင်ပေမဲ့ အအေးကြောက်တဲ့သူများနဲ့ သင်္ကြန်ရေမဆော့ပဲ ခရီးထွက်အပန်းဖြေလိုသူများအတွက် အထူးအဆင်ပြေစေမယ့် ဒေသတွေပဲဖြစ်ပါတယ်။

ချင်းပြည်၊ ကန်ပက်လက်မှာတော့ ရေမဆော့သလောက်ပါပဲ

နတ်မတောင်အနီး ကန်ပက်လက်မြို့က ဟိုတယ်၊ တည်းခိုခန်းတွေမှာ စာအုပ်ဖတ်အနားယူ၊ တောင်ပေါ်ဒေသရဲ့ လှပတဲ့သဘာဝရှုခင်းတွေနဲ့အတူ ဓာတ်ပုံရိုက်ရင်း စိတ်ပျော်ရွှင်ချမ်းမြေ့စေမယ့် ခရီးစဉ်တစ်ခုဖြစ်စေမှာပါ။ ကလောမြို့မှာဆိုရင်လည်း ပလောင်တောင်တစ်ဝိုက်မှာ စက်ဘီးစီးရင်းနဲ့ ဓာတ်ပုံလှလှလေးတွေရိုက်ကူးနိင်ပြီး ပိတ်ရက်ကို စိတ်ကြည်နူးစွာ ဖြတ်သန်းနိုင်ပါတယ်။ ကလောကနေ အင်းလေးကန်အထိ ခရီးဆက်သွားမယ်ဆိုရင်လည်း အသင့်တော်ဆုံးရာသီချိန်ဖြစ်ပါတယ်။

ငပလီ

ငပလီကမ်းခြေမှာပြုလုပ်တဲ့ ရခိုင်ရိုးရာရေကစားမဏ္ဍပ်မှာ ရေကစားနိုင်ပြီး စတုဒီသာမဏ္ဍပ်တွေမှာလည်း ပျော်ပျော်ရွှင်ရွှင် သုံးဆောင်နိုင်ပါတယ်

သင်္ကြန်တွင်းမှာ ကမ်းခြေတွေဆီခရီးထွက်ဖို့ကတော့ မရိုးနိုင်ပါဘူး။ ဒါပေမဲ့ ချောင်းသာနဲ့ ငွေဆောင်ထက် ခရီးသွားဦးရေနည်းပါးတဲ့ ငပလီကို သွားရောက်အပန်းဖြေကြည့် ဖို့တိုက်တွန်းချင်ပါတယ်။ ပိုပြီးလှတဲ့ရူခင်းတွေရှိတယ်။ ကမ်းခြေမှာလုပ်တဲ့သင်္ကြန်မဏ္ဍပ်တွေ၊ ရေဆော့ကစားတာတွေကလည်း တစ်မူထူးခြားလို့နေမှာပါ။ ငပလီကမ်းခြေမှာပြုလုပ်တဲ့ ရခိုင်ရိုးရာရေကစားမဏ္ဍပ်မှာရေကစားနိုင်ပြီး စတုဒီသာမဏ္ဍပ်တွေမှာလည်း ပျော်ပျော်ရွှင်ရွှင် သုံးဆောင်နိုင်ပါတယ်။ ညဘက်ပိုင်းမီးပုံပွဲလေးနဲ့အတူ သီချင်းလေးတွေ ဝိုင်းဖွဲ့ပြီးသီဆိုကြတာကလည်း ဘယ်နေရာမှာမှမရနိုင်တဲ့ပျော်ရွှင်မှုတစ်ခုပါ။

ဘယ်အချိန်၊ ဘယ်ခရီးစဉ်ကိုပဲသွားသွား ဒေသတိုးတက်မှုနဲ့ ရေရှည်တည်တံ့ဖို့ကိုရှေးရူပြီး အမှိုက်စွန့်ပစ်မှုကိုတော့ သတိထားဆင်ခြင်ကြစေလိုပါတယ်။ ရိုးရာလေးပရိသတ်တွေကော… ဒီနှစ်သင်္ကြန်မှာ ဘာတွေလုပ်မလဲ… ဘယ်ကိုခရီးထွက်မလဲဆိုတာကိုလည်း ဝေမျှပေးခဲ့ကြပါဦး။ သင်္ကြန်တွင်းပိတ်ရက်ရှည်မှာ နွေနေပူကိုရှောင်ရင်း မမေ့နိုင်စရာခရီးစဉ်လေးတွေ ဖန်တီးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top