Wi-Fi သုံးတာ တွေက ကျန်းမာရေးကို ထိခိုက်စေမှာလား

wifi.jpg

အိမ်တွေနဲ့ အလုပ်တွေမှာ တပ်ဆင်ထားတဲ့ ကြိုးမဲ့ချိတ်ဆက်မှု (wireless network) တွေဟာ မျက်စိနဲ့ မမြင်နိုင်တဲ့ ရေဒီယိုလှိုင်းတွေကို လူ့ခန္ဓာကိုယ်ကနေတဆင့် ဖြတ်သန်းထုတ်လွှင့်နေတာပါ။ ဒီလို ရေဒီယိုလှိုင်းတွေက ကျန်းမာရေးကို ထိခိုက်လာမလားဆိုတာ စိုးရိမ်စရာကောင်းလှတာ အမှန်ပါပဲ။

ကြိုးမဲ့ ကိရိယာ (wireless devices) တွေကနေတဆင့်ထုတ်လွှင့်တဲ့ radiation တွေအကြောင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက သိပ္ပံနည်းကျစူးစမ်းလေ့လာစရာ အကြောင်းအရာအသစ် တစ်ခုဖြစ်နေခဲ့တယ်လို့ အမေရိကန်နိုင်ငံ ဝီကွန်ဆင်ပြည်နယ်က Medical Colledge ရဲ့ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသခြင်းဆိုင်ရာ  ဂုဏ်ထူးဆောင်ပါမောက္ခဖြစ်တဲ့ ဂျွန်မိုဒါက ဆိုပါတယ်။ မိုဘိုင်းဖုန်းတွေ၊ Wi-Fi routers တွေကရေဒီယိုလှိုင်းတွေဟာဆိုရင် လျှပ်စစ်သံလိုက်လှိုင်းအမျိုးအစား တစ်မျိုးကို ထုတ်လွှင့်တယ်လို့ မိုဒါက ပြောခဲ့ပါတယ်။ သုတေသနတွေအရ ကြိမ်နှုန်းမြင့် လျှပ်စစ်သံလိုက်လှိုင်းများ ထုတ်လွှင့်ခြင်းက ကင်ဆာဖြစ်ပွားမှုနှုန်းနဲ့ ဖွံ့ဖြိုးမှုနှုန်းကို အားပေးတယ်လို့ သိရပါတယ်။ ကြိမ်နှုန်းနိမ့်ပေမယ့်လဲ အားပြင်းထန်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေဟာလဲ လူကို ထိခိုက်စေနိုင်ပါတယ်။

ဆိုးကျိုးတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ Wi-Fi ကနေ ထုတ်လွှင့်တဲ့ radiation တွေရဲ့ အားက မိုဘိုင်းဖုန်းကို နားနဲ့ ကပ်ပြောချိန်မှာ ထုတ်လွှင့်တဲ့ radiation တွေရဲ့ စွမ်အားထက်တော့ အဆတစ်ရာလောက်နည်းပါတယ်။ wi-fi ကနေတဆင့် လူ့ခန္ဓာကိုယ်ကို ထိတွေ့တဲ့ radiation ရဲ့ စွမ်းအားက တော်တော်ကို နိမ့်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ Wi-Fi ထုတ်လွှင့်တဲ့ စွမ်းအားနိမ့် radiation တွေက ကျန်းမာရေးနဲ့ ပက်သက်ပြီး ဘယ်လို ဆိုးကျိုးတွေရှိလဲဆိုတာ စူးစမ်းမှု တွေပြုလုပ်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုတွေကနေတဆင့် သိရတာကတော့ အဓိက ကျန်းမာရေးနဲ့ ပက်သက်တဲ့ ရောဂါတွေအဖြစ် အာရုံကြောဆိုင်ရာဖွံ့ဖြိုးမှုပြသနာ၊ ကင်ဆာနှင့် မျိုးပွားအဂါ်ရပ်များ ထိခိုက်နိုင်မှုတွေဖြစ်ပွားနိုင်တာပါ။ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးတွေမှာ ပိုပြီး ဖြစ်နိုင်ချေများတယ်လို့ သိရပါတယ်။

ကြွက်တွေကို အသုံးပြုပြီး စမ်းသပ်ထားတဲ့ လေ့လာချက်တွေအရတော့ Wi-Fi နဲ့ မိုဘိုင်းဖုန်းတွေကနေ တဆင့် ထွက်လာတဲ့ စွမ်းအားမြင့် radiation တွေကတော့ ကင်ဆာနဲ့ ဦးနှောက်ရောဂါတွေကို ဖြစ်ပွားစေနိုင်တဲ့ oxidative stress တွေနဲ့ ဟိုမုန်းအပြောင်းအလဲတွေကို ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ အခုလို နည်းပညာခေတ်မှာ ရေဒီယိုလှိုင်းတွေရဲ့ ထိတွေ့မှုကနေ ရှောင်ဖို့ဆိုတာ တကယ်မလွယ်တဲ့ အရာပါ။ ကြိုးမဲ့ချိတ်ဆက်မှုတွေကနေ ထွက်လာတဲ့ radiation တွေကြောင့် ကျန်းမာရေးထိခိုက်လာမှာကိုတော့  အတတ်နိုင်ဆုံး သတိထားဆင်ခြင်သင့်တာပါ။ ဒါကြောင့် wireless devices တွေကို လူ့ခန္ဓာကိုယ်နဲ့ ဝေးရာနဲ့ ထားသင့်တဲ့ အပြင် အသုံးမပြုတဲ့အချိန်မှာ ကြိုးမဲ့ ချိတ်ဆက်မှုကို ပိတ်ထားသင့်တယ်လို့ သိရပါတယ်။ radiation တွေနဲ့ ထိတွေ့ရမှုကို လုံး၀ ရှောင်ကြဉ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် အတတ်နိုင်ဆုံးတော့ ထိတွေ့မှုနည်းအောင်ကြိုးစားသင့်ပါတယ်။

Ref: TIME, You Asked: Should I worry About Wi-Fi Radiation?

Zym ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top