ကျောက်ဖရုံသီး၏ အကျိုးကျေးဇူး

24-7-2020-yyl-022.jpg

ကျောက်ဖရုံသီးကို သိပ္ပံအမည်အနေနဲ့ Benincasa hispida လို့ခေါ်ပြီး အရှေ့တောင်အာရှကနေ စတင်စိုက်ပျိုးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ နွယ်ပင်မျိုးဖြစ်ပြီး အသီးဟာ ဖရဲသီးနဲ့ဆင်တူပါတယ်။ ကျောက်ဖရုံသီးကိုတော့ ဆေးဖက်ဝင် တယ်သတ်မှတ်ထားပြီး တရုတ်ရိုးရာတိုင်းရင်းဆေးပညာ၊ အာယုဗေဒ ဆေးပညာစတာတွေမှာ အသုံးပြုကြပါတယ်။ ယနေ့အခါမှာ ဆေးဖက်ဝင်အကျိုးရှိတယ်ဆိုတဲ့ အကြောင်းကို သိပ္ပံနည်းကျသုတေသနတွေအနေနဲ့ပါ အတည်ပြုလာကြပါတယ်။

ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ကျောက်ဖရုံသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ကျန်းမာရေးဆိင်ရာ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ကျောက်ဖရုံသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်းပါဝင်ပြီး ကယ်လိုရီ၊ အဆီ၊ ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒရိတ် နည်းပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး အာဟာရဓာတ်အမျိုးမျိုး ပါဝင်ပါတယ်။

ကျောက်ဖရုံသီး အစိမ်း ၁၀၀ ဂရမ်မှာ အာဟာရဓာတ်အားဖြင့်

– ကယ်လိုရီ။ ၁၃ ယူနစ်

– ပရိုတိန်း။ ၁ ဂရမ်လျော့လျော့

– ကာဘို ဟိုက်ဒရိတ်။ ၃ ဂရမ်

– အမျှင်ဓာတ်။ ၃ ဂရမ်

– အဆီဓာတ်။ ၁ ဂရမ်လျော့လျော့

– ဗီတာမင် C။ တစ်နေ့တာလိုအပ်ချက်၏ ၁၄ရာခိုင်နှုန်း

– ရိုင်ဘိုဖလေဗင်။ တစ်နေ့တာလိုအပ်ချက်၏ ၈ရာခိုင်နှုန်း

– ဇင့်ဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ ၆ရာခိုင်နှုန်း စတာတွေ ပါဝင်ပါတယ်။

အဆိုပါအာဟာရဓာတ်များအပြင် ကျောက်ဖရုံသီးမှာ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ကြေးနီ၊ မဂ္ဂနိစ်နဲ့ ဗီတာမင်ဘီအုပ်စုတွေ ပါဝင်ပါသေးတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းအနေနဲ့ ဗီတာမင်စီအပြင် flavonoids နဲ့ carotenes ပါဝင်ပါတယ်။ ဒီပစ္စည်းတွေဟာ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေတွေကို လျော့ကျစေပါတယ်။

ကျောက်ဖရုံသီးဟာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်နဲ့ ရေဓာတ်များတာကြောင့် အစာချေဖျက်မှု အားကောင်းစေပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းနိုင်စေပါတယ်။ သုတေသနတွေအရ ကယ်လိုရီနည်းပြီး ရေဓာတ်သိပ်သည်းတဲ့ အစားအစာများဟာ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပြုပါတယ်။

ဒါ့အပြင် ကျောက်ဖရုံသီးဟာ အမျှင်ဓာတ် လွန်စွာကြွယ်ဝပါတယ်။ အဆိုပါ အမျှင်ဓာတ်များဟာ အူလမ်းကြောင်းထဲမှာ ဂျယ်လီသဖွယ်ရှိနေပြီး ဗိုက်ပြည့်တဲ့ခံစားချက်ကို ပေးပါတယ်။

ဒါ့အပြင် ကာဘိုဟိုက်ဒရိတ်နည်းတဲ့အတွက် ကာဗိုဟိုက်ဒရိတ်လျှော့ချပြီး စားသောက်နေရတဲ့သူတွေအတွက် သင့်တော်ပါတယ်။

ကျောက်ဖရုံသီးဟာ ဆီးမှန်ဝမ်းမှန်စေတဲ့အပြင် လိင်စိတ်ကိုနှိုးဆွပေးနိုင်တဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။ ကိုယ်ခံစွမ်းအားကို အထောက်အကူပြုပြီး စိတ်ကူးစိတ်သန်းများ ထက်သန်ခြင်း၊ အစာချေဖျက်နိုင်ခြင်း၊ ရောဂါများကို ကာကွယ်ပေးခြင်းစတဲ့ အာနိသင်တွေရှိပါတယ်။ အဆိုပါ အကျိုးကျေးဇူးများဟာ တိုင်းရင်းဆေးပညာရပ်များရဲ့ အမြင်ဖြစ်ပါတယ်။

သိပ္ပံနည်းကျသုတေသနတွေမှာတော့ အောက်ပါအချက်တွေ တွေ့ရှိရတယ်လို့ ဆိုထားပါတယ်။

– အနာရောဂါများကို ပျောက်ကင်းစေခြင်း

– ရောင်ရမ်းမှုကို လျော့ကျစေခြင်း

– အမျိုးအစား ၂ ဆီးချိုကို ကာကွယ်ပေးခြင်း

– ရောဂါပိုးမွှားများဒဏ်ကို ကာကွယ်ပေးခြင်း စတာတွေ ဖြစ်ပါတယ်။

ခြုံပြောရမယ်ဆိုရင်တော့ ကျောက်ဖရုံသီးဟာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်၊ ရေဓာတ် ကြွယ်ဝတာမို့ စားသုံးသင့်တဲ့ ဆေးဖက်ဝင် အသီးအနှံဖြစ်ပါတယ်။ မိမိလက်တကမ်းမှာ လွယ်ကူစွာ ရရှိနိုင်တဲ့ အသီးအနှံတွေကို စားသုံးပြီး မိမိကျန်းမာရေးအခြေအနေကို မြှင့်တင်နိုင်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top