လက်ဆေးတဲ့စက်ကို တီထွင်ခဲ့လို့ ကင်ညာနိုင်ငံ သမ္မတပေးအပ်တဲ့ဆုကို ရရှိသွားခဲ့တဲ့ ကောင်လေး

11-6-2020-yyl-001.jpg

COVID-19 ဖြစ်ပွားနေတဲ့ ကာလတွေမှာ ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့သူတွေရှိသလို တစ်ဖက်တစ်လမ်းကနေ တတ်နိုင်တဲ့အားနဲ့ ကူညီပေးနိုင်တဲ့သူတွေလည်းရှိပါတယ်။ တချို့ဆို ကျန်းမာရေးဝန်ထမ်းတွေ ဘေးကင်းဖို့အတွက် face shield တွေကိုလည်း ဖန်တီးပေး ခဲ့ကြပါသေးတယ်။ ကင်ညာနိုင်ငံနောက်ပိုင်းက အသက် (၉) နှစ်အရွယ် စတီဖင် ဝါမူကိုတာဆိုသူ ကောင်လေးက ကပ်ရောဂါတွေမှာ သူ့အသိုင်းအဝိုင်းက လူတွေ ဘေးကင်းဖို့အတွက် လက်ဆေးတဲ့စက်ကို တီထွင်ခဲ့တာပါ။ သူဟာ လက်ဆေးစက်ကို တီထွင်ခဲ့တာကြောင့် ကင်ညာသမ္မတပေးအပ်တဲ့ဆုကို ရရှိသွားတဲ့သူတွေထဲမှာ အငယ်ဆုံးဖြစ်လာခဲ့ပါတယ်။

စတီဖင်ရဲ့လက်ဆေးစက်က ရိုးရှင်းပြီး ဖန်စီဆန်တဲ့ရွေ့လျားဆင်ဆာမပါပေမယ့် နည်းပညာမြင့်တဲ့ လက်ဆေးစက်တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူ့လက်ဆေးစက်က လူတွေ လက်နဲ့ထိတွေ့စရာမလိုဘဲ ခြေနင်းခလုတ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ ခြေနင်းခလုတ်တစ်ခုက ဆပ်ပြာထုတ်ပေးပြီး နောက်တစ်ခုက ရေလောင်းချပေးတာပါ။ စတီဖင်တီထွင်ထားတဲ့ လက်ဆေးစက်ကို သူ့အဖေက ဖေ့စ်ဘွတ်ခ်ပေါ်မျှဝေပေးခဲ့ပြီးနောက်မှာ လူမှုကွန်ယက် အသုံးပြုသူတွေကြား ပျံ့နှံ့သွားခဲ့ပြီး ကညာအစိုးရဆီ အဲဒီသတင်းက ရောက်ရှိသွားခဲ့ပါတယ်။

ဇွန်လ (၁) ရက်နေ့တုန်းက စတီဖင်ဟာ ကင်ညာသမ္မတဟူရူ ကန်ရက်တာဆီကနေ Uzalendo Award ကို အခြားသူ (၆၇) ဦးနဲ့အတူ လက်ခံရရှိခဲ့ပြီး ဆုရရှိခဲ့သူစာရင်းထဲမှာ သူဟာ အငယ်ဆုံးဖြစ်ခဲ့ပါတယ်။ ဒီဆုကို လက်ရှိကပ်ရောဂါအတွင်းမှာ ကင်ညာပြည်သူတွေကို ကူညီပေးတဲ့နေရာမှာ တာဝန်သိစိတ်ရှိခြင်း၊ သူရသတ္တိရှိခြင်း၊ မျိုးချစ်စိတ်ရှိခြင်း၊ အနစ်နာခံစိတ်ရှိခြင်းကြောင့် အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်တာဖြစ်ပါတယ်။ အစိုးရက စတီဖင်ဖြစ်ချင်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာဖို့အတွက် ပညာသင်ဆုပေးဖို့ စီစဉ်နေပါတယ်။ လက်ရှိ ကင်ညာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၃၀၀၀) နီးပါးရှိပါတယ်။

လူတိုင်းဟာ ကပ်ရောဂါပြီးဆုံးသွားပြီး အရင်လို ပြန်ရပ်တည်နိုင်ဖို့ အချိန်တော့ယူရဦးမှာပါ။ အဲဒီအချိန်ထိ တိုင်အောင် သင် တတ်နိုင်သလောက် အချင်းချင်းကူညီပေးသင့်ပါတယ်။ ကလေးတစ်ယောက်ကတောင်လုပ်နိုင်ရင် ဘယ်သူမဆို လုပ်နိုင်ကြမှာပါ။ ခက်ခဲ ဖြစ်နေတဲ့အချိန်မှာ လူအချင်းချင်း ရိုင်းပင်းကူညီတတ်စိတ်ရှိကြပါစေ။

Ref: 9-Year-Old Boy In Kenya Builds Hand-Washing Machine, Becomes Youngest Recipient Of Presidential Award

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top