ပလပ်စတစ်အမှိုက်နဲ့ ဟင်းသီး ဟင်းရွက် လဲလှယ်ပေးတဲ့အစီအစဉ်

11-6-2020-yyl-006.jpg

ရန်ကုန် ဇွန် ၁၁

ကိုယ်နေတဲ့မြို့၊ ကိုယ်နေတဲ့ရပ်ကွက်၊ ကိုယ်နေတဲ့လမ်း၊ ကိုယ်နေတဲ့အိမ်မှာ ပလပ်စတစ် အမှိုက်ကင်းစင် အောင် ပလပ်စတစ်အမှိုက်တစ်ထုပ်နဲ့ ဟင်းသီးဟင်းရွက်တွေ လဲလှယ်ပေးတဲ့ အစီအစဉ်ကို ဆောင်ရွက်ရာမှာ အောင်မြင်နေတယ်လို့ ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုအောင်ကျော်ကျော်က ရိုးရာလေးကို ပြောပါတယ်။


COVID-19 ကပ်ရောဂါကာလမှာ အစားအသောက် အခက်အခဲဖြစ်နေတဲ့ သူတွေလည်း အဆင်ပြေအောင်၊ မြို့မှာလည်း ပလပ်စတစ် အမှိုက်ကင်းစင်အောင်၊ တောင်သူတွေလည်း ဝင်ငွေရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့တာလို့ ၎င်းက ဆိုပါတယ်။

အခုဆိုရင် သုံးကြိမ်မြောက်အထိ လဲလှယ်ပေးနိုင်ခဲ့ပြီးတော့ ဒီလိုလဲလှယ်ရာမှာ ပလပ်စတစ်အမှိုက် တစ်ထုပ်နဲ့ ကန်စွန်းရွက်၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ သရက်သီး၊ ငါးသေတ္တာဗူး၊ ဖူဂျီဆပ်ပြာကရင် အစရှိတဲ့ ဟင်းချက် စရာအသီးအရွက်တွေနဲ့ လဲလှယ်ပေးတာ ဖြစ်ပါတယ်။

အဲဒီလိုလဲလှယ်ရာမှာ တစ်ကြိမ်ကို လာရောက်လဲလှယ်သူဦးရေ ၅၀၀ ကျော်ရှိပြီးတော့ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရဲ့ အမှိုက်ကားနှစ်စီးစာလောက်ရှိတဲ့ ပလပ်စတစ်အမှိုက်တွေကို သိမ်းဆည်းစွန့်ပစ်ပေးနိုင်တယ် လို့ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

ပလပ်စတစ်အမှိုက်နဲ့ ဟင်းသီးဟင်းရွက် လဲလှယ်ပေးတဲ့အစီအစဉ်ကို မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် မှာ ဆောင်ရွက်နေတာပါ။ တောင်တွင်းကြီးမြို့ရဲ့ စွန့်ပစ်အမှိုက်ပုံကြီးနှစ်ပုံနဲ့ ဝေးတဲ့နေရာ၊ ဆင်းရဲချို့တဲ့သူတွေ အများဆုံးနေတဲ့ နေရာတွေကို ရွေးချယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို တောင်တွင်းကြီးမြို့ရဲ့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လေ့ရှိတဲ့ တိုက်သစ် ကျောင်းဆရာတော် ဦးပညာဝုဓ၊ ဒေါက်တာကျော်ဆွေနဲ့ ကိုအောင်ကျော်ကျော်တို့က ဦးဆောင်ပြီး စတင် အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ကနဦးမှာတော့ ဦးဆောင်သူတွေရဲ့ ပိုက်ဆံနဲ့သာ ဆောင်ရွက်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အလှူရှင်တွေကပါ ပူးပေါင်းပါဝင် ဆောင်ရွက်လာကြတယ်လို့ ကိုအောင်ကျော်ကျော်က ဆိုပါတယ်။

ဓါတ်ပုံ – အောင်ကျော်ကျော်

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top