ငြင်းပယ်စကားဆိုတတ်အောင် သင်ယူပါ

yyl-008.jpg

ခေါင်းစဉ်ကို ကြည့်ပြီးအံ့ဩသွားပြီလား? ငြင်းပယ်စကားဆိုတတ်အောင်သင်ယူပါဆိုတာ

အဓိပ္ပါယ် အများကြီးကျယ်ပြန့်ပါတယ်။ အခုကရော ဘာကိုပြောချင်တယ်ဆိုတာ ဖတ်ကြည့်ပေးပါဦး

(၁) လုပ်ငန်းခွင်မှာ ငြင်းပယ်စကားဆိုပါ။

လခစားဝန်ထမ်းတစ်ယောက်အတွက် ငြင်းပယ်စကားဆိုဖို့က ခက်ခဲပြီး အထက်က လူတွေပြောတဲ့အတိုင်းလက်ညှိုးထောင် ခေါင်းညိတ်ပဲ လုပ်ရတာကများပါတယ်။ ဒါပေမယ့် ငြင်းစရာပေါ်လာရင် ငြင်းဖို့ မကြောက်ရွံ့ပါနဲ့။ ဥပမာ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုကို ခိုင်းတဲ့အခါမျိုးမှာပေါ့။ ကိုယ်က ကိုယ်မလုပ်နိုင်ဘူးပြောရမှာကို ရှက်လို့ ကြောက်လို့ ဟုတ်ကဲ့လို့ပြောလိုက်ပေမယ့် ကိုယ်ပြောတဲ့စကားအတိုင်းမလုပ်နိုင်တဲ့အခါမျိုးမှာ ပိုပြီး အရှက်ရစရာဖြစ်စေမှာပါ။ ငြင်းပယ်ဖို့ပြောတဲ့အခါမှာ ခါးခါးသီးသီးကြီး ငြင်းဖို့လို့ မဆိုလိုပါဘူး။ အကျိုးအကြောင်းသင့် ရှင်းပြပြီး ငြင်းဆိုပါ။ အချိန်တိုင်း ဟုတ်ကဲ့ ပြောပြီး ကိစ္စတိုင်းကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင်တာထက် မလုပ်နိုင်တာကို အမှန်အတိုင်းပြောပြပြီး ငြင်းပါ။

(၂) ကိုယ်မကူညီနိုင်တဲ့အချိန် ငြင်းပါ

တစ်စုံတစ်ယောက်က အရေးတကြီး အကူအညီတောင်းတဲ့အချိန် ကိုယ်မကူနိုင်တဲ့ကိစ္စကို တစ်ခါတည်း ငြင်းလိုက်ပါ။ ” သိပ်တော့မသေချာဘူး ကျွန်တော် ကြည့်တော့ ကြည့်ပေးမယ် ရမရတော့မသိဘူး” ဆိုတဲ့ စကားပြောမယ့်အစား မဖြစ်နိုင်ရင် တစ်ခါတည်း ငြင်းပါ။ မဟုတ်ရင် တစ်ဖက်သားက ကူညီနိုင် နိုးနိုးနဲ့ အကြာကြီးစောင့်ပြီးမှ ဘာမှ မဖြစ်လာရင် သူ့ရဲ့ မျှော်လင့်ချက်ကိုလည်း ရိုက်ချိုးရာ ကျပါတယ်။ ကိုယ်လည်း စကားမတည်တဲ့သူအဖြစ် အများကြားမှာ နာမည်ပျက်စရာဖြစ်စေမှာပါ။ ဒါကြောင့် မကူညီနိုင်တဲ့အချိန်မှာ တစ်ခါတည်း ငြင်းပါ။

(၃) စားနိုင် သောက်နိုင်တာထက် ပိုကျွေးတဲ့အခါ ငြင်းပါ

ပွဲတွေမှာ သောက်တာများသွားလို့ နောက်နေ့ မထူမထနိုင်ဖြစ်နေတာမျိုး၊ စားတာများသွားလို့ ဗိုက်ကြီးတအားတင်းပြီး နေမထိ ထိုင်မသာ ဖြစ်နေတာမျိုးကြုံဖူးတယ် ဟုတ်။ ဒါတွေက အားနာပြီး မငြင်းတာကြောင့် ဖြစ်တာတွေပါ။ ရှေးလူကြီးတွေ ပြောဖူးတဲ့စကားရှိပါတယ်။ “နှမြောစာနဲ့အားနာစာက ကျန်းမာရေးကိုထိခိုက်စေပါတယ်” တဲ့။ သိပ်မှန်တဲ့စကားပါပဲ။ ကိုယ်က ဗိုက်ပြည့်သွားပြီ ထပ်မစားနိုင်တော့ဘူး ဒါပေမယ့် စားပါဦးလို့ထပ်ကျွေးနေတဲ့ သူကြောင့် ဒါမှမဟုတ် ကျန်တဲ့အစားတွေကို လွှင့်ပစ်ရမှာ နှမြောလို့ အကုန်စားလိုက်တယ်ဆိုပါတော့။ ရင်ပြည့်ရင်ကယ်ဖြစ်ပြီး အစာမကြေဖြစ်ရင် ကိုယ့်ကျန်းမာရေးပဲ ထိခိုက်မှာပါ။ အရက်လည်း ထို့အတူပါပဲ ကိုယ်ဆက်မသောက်နိုင်တော့ပေမယ့် သူငယ်ချင်းတွေ တစ်ခွက် တစ်ခွက် ထပ်တိုက်တာတွေ အားနာပြီးသောက်မိရင် ကိုယ့်အတွက် ထိခိုက်စေမှာပါ။ အမူးလွန်ပြီးကားမောင်းလို့ မတော်တဆမှုတွေ ဖြစ်တာ၊ သောက်တာများပြီးနောက်နေ့မထနိုင်လို့ အလုပ်အကိုင်ပျက်ရတာတွေ ဖြစ်ရင် ကိုယ့်အတွက်ပဲ နစ်နာစေမှာပါ။ ဒါကြောင့် ကိုယ်ဘယ်လိုမှ ဆက်စားဖို့ သောက်ဖို့ မဖြစ်နိုင်တော့တဲ့အခါ ငြင်းပါ။ အားနာပြီး ထပ်မစားပါနဲ့။

မြန်မာလူမျိုးအများစုက တစ်ဘက်သားက အကူအညီတောင်းလာတဲ့အခါ၊ လူကြီးသူမတွေ ပြောဆိုတဲ့အခါမှာ ငြင်းဆန်ဖို့ အားနာကြောက်ရွံ့တတ်ကြပါတယ်။ ဒါက ယဉ်ကျေးတဲ့သဘောဆောင်ပေမယ့် တကယ်တမ်းတော့မကောင်းတဲ့အချက်ပါပဲ။ ငြင်းပယ်ပါ ကိုယ့်အတွက် အဆင်မပြေတဲ့အခါမှာ၊ ကိုယ်တကယ် မစွမ်းဆောင်နိုင် မတတ်သာတဲ့အခြေအနေမှာ ငြင်းပယ်ပါ အားမနာပါနဲ့ ရေရှည်မှာ ကိုယ့်အားနာမှုက ရလဒ်ကောင်းတွေ ရစေမှာမဟုတ်တဲ့အတွက် လိုအပ်တဲ့အခါ ငြင်းပယ်ပစ်လိုက်ဖို့ဘယ်တော့မှ အားမနာပါနဲ့။

Mo Mo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top