အစွန့်ပစ်ခံ အမေရိကန်သမ္မတရုပ်ထုများ

howard-hankins-PREZBUSTS1116.jpg

တစ်ခုချင်းစီကို အလေးချိန်ပေါင် ၂၀၀၀၀ လောက်ရှိတဲ့ ဒီကိုယ်တစ်ပိုင်း ရုပ်ထုတွေကို အမေရိကန်ဒေါ်လာ ၆.၅ သန်းကျော် အကုန်ကျခံ ထုလုပ်ခဲ့တာဖြစ်ပြီး ကနဦးက ဗာဂျီးနီးယားဥယျာဉ်ထဲမှာ ထားရှိခဲ့ပါတယ်။ ရုပ်ထုတွေကို သံချောင်းတွေနဲ့ ကွန်ကရစ် ရောစပ်အသုံးပြု တည်ဆောက်ခဲ့တာဖြစ်ပြီး ပေ၂ဝ အမြင့်ထိ ရှိပါတယ်။

၁၆ လတာ ဖန်တီးတည်ဆောက်ခဲ့ရတဲ့ ရုပ်ထုတွေထားရှိရာ သမ္မတ ပန်းခြံကို ၂၀၀၄ ခုနှစ်အတွင်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ရုပ်ထုတွေကို ငွေကုန်ကြေးကျများစွာနဲ့ တည်ဆောက်ခဲ့ပြီး နှစ်စဉ် လည်ပတ်သူ အများအပြားလာရောက်ဖို့ မျှော်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့ ဧည့်သည် အရေအတွက်ကို မဆွဲဆောင်နိုင်ခဲ့တာမို့ ဗာဂျီးနီးယားပြည်နယ် ဝီလျံစဘတ်စ်က ဒီသမ္မတများပန်းခြံကို ၂၀၁၀ ခုနှစ်မှာ ပိတ်ပစ်ခဲ့ရပါတယ်။

အဲဒီအချိန်ကစပြီး ရုပ်ထုတွေကို စီးပွားရေးလုပ်ငန်းရှင် Howard Hankins က ဒေါ်လာနှစ်သောင်းနဲ့ဝယ်ယူထားလိုက်ပြီး ၂၀၁၆ မှာ ပန်းခြံအသစ် တစ်ခု ထပ်မံတည်ဆောက်ဖို့ လူပ်ရှားမူတစ်ခုကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ပန်းခြံပိတ်ပစ်ရပြီးနောက်ပိုင်းမှာ အဲဒီရုပ်ထုတွေကို ဝါရှင်တန်ဒီစီကနေ နှစ်နာရီလောက် ကားမောင်းရင် ရောက်ရှိနိုင်တဲ့ ဗားဂျီးနီးယား ပြည်နယ် Croaker ဆိုတဲ့နယ်လေးရဲ့ လယ်ကွင်းထဲမှာ ထားရှိခဲ့ပါတယ်။ ဧည့်သည်တွေကို ဆွဲဆောင်နိုင်မယ့် တခြားအရာတွေကို ထည့်သွင်းပြီး သူရဲ့ ဧက ၄၀၀ ရှိတဲ့ မြေနေရာမှာ သမ္မတများပန်းခြံကို ထပ်မံတည်ဆောက်ဖို့ကို Hankins က စိတ်ကူးနေပါတယ်။

လက်ရှိမှာတော့ Ronald Reagan ရုပ်ထု ဟာဆိုရင် မျက်နှာနေရာမှာ အတော်ကြီးပျက်စီးနေပြီး Georage Washington ရုပ်ထုကတော့ နှာခေါင်းပျောက်နေပါပြီ။ William Taft ရုပ်ထုမှာဆိုရင် မျက်လုံးကနေ ပါးပြင်တစ်လျောက်ကို အစင်းကြောင်းကြီး ဖြစ်နေပါတယ်။ Millard Fillmore ရဲ့နှာခေါင်းထဲမှာတော့ ပျားအုံ အကြီးစားကြီးတစ်ခု ရှိနေသလို Abraham Lincoln ဦးခေါင်းအနောက်မှာတော့ အပေါက်ကြီး ဖြစ်နေပါပြီ။ ဒါတွေဟာဆိုရင် စုစုပေါင်း ၄၃ ရုပ်ထဲက တချို့သော အပျက်အစီးတွေပဲ ရှိပါသေးတယ်။

ဒီအပျက်အစီးတွေကို ပြန်ပြင်ဆင်ဖို့အတွက် ရုပ်ထုတစ်ခုချင်းစီအတွက် ဒေါ်လာ တစ်သောင်းလောက် အသုံးပြုရမှာဖြစ်လို့ စုစုပေါင်း ဒေါ်လာငါးသိန်း ရရှိနိုင်အောင် Gofundme ဆိုတဲ့ Website ကတဆင့် Hankins နဲ့ သူ့ရဲ့သမီးဖြစ်သူ Catie Hankins Ashe တို့နှစ်ယောက်သား ရှာဖွေခဲ့ပါတယ်။ သူတို့က နောက်ဆုံး သမ္မတ နှစ်ယောက်ဖြစ်တဲ့ Barack Obama နဲ့ Donald Trump တို့ရဲ့ရုပ်ထုတွေကိုပါ သူတို့ရဲ့ပန်းခြံ အသစ်မှာ ထည့်သွင်းဖို့ စိတ်ကူးရှိနေပါတယ်။ Hankins ရဲ့စိတ်ကူးဟာ နှစ်နှစ်ကြာပြီးတဲ့အထိ အထမမြောက်နိုင်သေးပဲ နောက်ဆုံးနှစ်ဆယ့်လေးလအတွင်းမှာ ရန်ပုံငွေဒေါ်လာ တစ်ထောင်ကျော်သာ ရရှိခဲ့ပါတယ်။ Hankins ရဲ့ သမ္မတများပန်းခြံ ဖြစ်မြောက်လာဖို့က ခုထိ ခက်ခဲနေဆဲဖြစ်ပြီး ဩဇာအာဏာကြီးမားတဲ့ ၄၃ ဦးသော သမ္မတတွေရဲ့ ရုပ်ထုတွေကို Hankins ရဲ့ လယ်ကွင်းမြေနေရာမှာ ဆက်လက်ပြီးထားရှိနေရတုန်းလို့ သိရပါတယ်။

Ref : Virginia Family Farm Is Home to Giant Busts of Past Presidents

Paradise (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top