တစ်ကိုယ်တည်း ရပ်တည်နေထိုင်မှုပုံစံတွေ ခေတ်စားလာတဲ့ တောင်ကိုရီးယားနိုင်ငံ

anti-social-dining-e1551241315211.jpg

လူတွေနဲ့ ရောရောထွေးထွေးနေရတဲ့ လူနေမှုဘဝကို ဆန့်ကျင်တဲ့ နေထိုင်မှုပုံစံတမျိုးက တောင်ကိုရီးယားနိုင်ငံမှာ ခေတ်စားနေပါတယ်။

YOLO Lifestyle ဆိုပြီး သူတို့ ခေါ်ဆို နာမည်ပေးထားတဲ့ အဆိုပါ နေထိုင်မှုပုံစံကတော့ အတုအယောင်ဆန်တဲ့ ပေါင်းသင်းဆက်ဆံမှုတွေကို ငြီးငွေ့လာတဲ့နောက်မှာ ခေတ်စားလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူတို့အနေနဲ့ ပိုပြီး တိတ်ဆိတ်တဲ့၊ လူတွေနဲ့ ဆက်ဆံစရာမလိုတဲ့၊ နေထိုင်မှုပုံစံကို ပြောင်းလဲ ကျင့်သုံးလာတာပဲ ဖြစ်ပါတယ်။

စားသောက်ဆိုင်တွေမှာ တစ်ယောက်တည်း ထမင်းစားတာ၊ အရက်သောက်တာ၊ တစ်ယောက်တည်း ခရီးသွားတာတွေက ဒီလို YOLO Lifestyle ထဲမှာ ပါဝင်ပါတယ်။ လူ တစ်ဦးတစ်ယောက်တည်းကပဲ ပါတီကို ပါဝင်ကျင်းပတဲ့ Single-party ဆိုတဲ့ ဝန်ဆောင်မှုတစ်မျိုးကိုလည်း စားသောက်ဆိုင်တွေဘက်က စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ ဒါက အမြဲ အစုအဖွဲ့နဲ့ စားသောက်လေ့ရှိကြတဲ့ သူတို့ရဲ့ လူနေမှုပုံစံအတွက်တော့ အပြောင်းအလဲ ကြီးကြီးမားမား တစ်ခု ဖြစ်လာတယ်လို့ ဆိုရမှာပါပဲ။

ဒါ့ပြင် လက်ထပ်ပွဲတွေကို ဝန်ဆောင်မှုပေးတဲ့ အေဂျင်စီတွေဟာဆိုရင်လည်း အမျိုးသမီးတွေ အနေနဲ့  လက်ထပ်ဖို့ အစီအစဉ်မရှိရင်တောင်မှ တစ်ယောက်ထဲ သတို့သမီး ဝတ်စုံနဲ့ မင်္ဂလာ အလှဓာတ်ပုံရိုက်ကူးပေးတာမျိုးကလည်း ခေတ်စားနေတယ်လို့ သိရပါတယ်။ အခုလို အလုပ်လုပ်နေတဲ့ မိန်းကလေးတွေ ကိုယ့်ရဲ့ အလုပ်အကိုင်ပေါ်မှာသာ အာရုံစိုက်ပြီး တစ်ကိုယ်တည်း ရပ်တည်နေထိုင်ဖို့ ကြိုးစားလာခြင်းကလည်း  YOLO Lifestyle ခေတ်စားလာရခြင်းရဲ့ အခြေခံ အကြောင်းရင်း တစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

YOLO ဆိုတဲ့စကားရဲ့ အရှည်ကတော့ You Only Live Once ဖြစ်ပါတယ်။ တစ်သက်မှာ တစ်ခါပဲ ရှင်သန်ခွင့်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ပြောရမယ်ဆိုရင်တော့ ကိုယ်ရှင်သန်ခွင့်ရတဲ့ အချိန်တိုလေးမှာ ကိုယ့်အတွက်ကိုယ်သာ ဂရုစိုက်အချိန်ပေး ရှင်သန်ဖို့ကြိုးစားကြတဲ့ နည်းလမ်း တစ်ခုလို့ ဆိုရမှာပါပဲ။ ကိုရီးယား ပြည်သူတွေအနေနဲ့ အိမ်ထောင်မှုဘဝတွေကို မရွေးချယ်တော့ဘဲ တစ်ကိုယ်တည်း ရပ်တည်ဖို့ ကြိုးစားနေတာတွေက ကလေးမွေးဖွားနှုန်းတွေကို လျော့ကျလာစေတဲ့ အပြင် တစ်ကိုယ်တည်း နေထိုင်ကြတဲ့ အိမ်တွေက ပိုပြီး များလာတာကို တွေ့လာရတယ်လို့သိရပါတယ်။

အခုလို တောင်ကိုရီးယား နိုင်ငံသူ၊ နိုင်ငံသားတွေ အနေနဲ့ ရိုးရာဓလေ့ကို တော်လှန်ပြီး လက်မထပ်ဘဲ တစ်ဦးတစ်ယောက်တည်း ရပ်တည်နေထိုင်ဖို့ ကြိုးစားလာကြ တဲ့အတွက် နိုင်ငံရဲ့ အခြေခံ နေထိုင်မှုပုံစံမှာ ကြီးမားတဲ့ အပြောင်းအလဲ တွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ဝေဖန်နေကြတာတွေလည်း ရှိပါတယ်။

Ref: Koreaboo: Anti-Social Life Is Becoming Disturbingly More Popular In South Korea

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top