အိုင်းစတိုင်းရဲ့ ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်စာရွက် ဒေါ်လာ ၁.၅ သန်းဖြင့် လေလံအောင်ခဲ့

Albert-Einstein-Albert-Einstein-Japan-Albert-Einstein-Germany-Albert-Einstein-Jerusalem-Einstein-Hebrew-University-1104564.jpg

နာမည်ကျော်ရူပဗေဒပညာရှင် အိုင်စတိုင်းတစ်ယောက် ဂျပန်ပြည်ကို ရောက်စဉ်က ဂျပန်သတင်းပို့သူတစ်ယောက်ကို ဘောက်ဆူးအစား ရေးပေးခဲ့တဲ့ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ဆိုတဲ့ စာရွက်လေးတစ်ရွက်ဟာ ဒေါ်လာ ၁ သန်းခွဲ ဖြင့် ရောင်းထွက်သွားခဲ့ပါတယ်။

ဒီလေလံပမာဏဟာ လေလံပွဲမစခင်က ခန့်မှန်းထားတဲ့ တန်ဖိုးထက် ၃၁၀၀၀ ရာခိုင်နှုန်း အထိ ပိုရခဲ့တာဖြစ်ပါတယ်။ ဂျေရူစလင်မှာ ကျင်းပခဲ့တဲ့ လေလံပွဲမှာ အိုင်စတိုင်းရဲ့ လက်ရေးဖြင့်ရေးထားတဲ့ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက် စာရွက်လေးကို ပထမက ဒေါ်လာ ၅ ထောင်ကနေ ဒေါ်လာ ၈၀၀၀ ကြားအထိလောက်ပဲရမယ်လို့ ခန့်မှန်းထားခဲ့ကြပေမဲ့ အံ့အားသင့်ဖွယ် ဈေးနှုန်းနဲ့ လေလံအောင်ခဲ့တာဖြစ်ပါတယ်။

“ဒီစာရွက်က အစ္စရေးနိုင်ငံမှာ ကျင်းပခဲ့ဖူးသမျှ လေလံပွဲတွေထဲမှာ ဈေးအများဆုံး စာရွက်တစ်ရွက် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်တယ် ”လို့လေလံပွဲမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။ ဝယ်ယူသွားသူကတော့ ဥရောပမှ အမည်မဖော်လိုသူလူတစ်ယောက် ဖြစ်တယ်လို့သာသိရပါတယ်။

၁၉၂၂ ခုနှစ်နောက်ပိုင်းနဲ့ ၁၉၂၃ ခုနှစ် အစောပိုင်းကာလတွေမှာ အိုင်စတိုင်းဟာ ကမ္ဘာ့အရှေ့ဘက်တစ်ခြမ်းကို ၅ လခွဲကြာခရီးထွက်ခဲ့ပြီး ၁၉၂၁ ခုနှစ် စက်တင်ဘာလမှာ ဂျပန်ဂျာနယ် Kaizo ရဲ့ ဖိတ်ကြားချက်အရ ဂျပန်မှာ ဟောပြောချက်ပို့ချရန်သွားရောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ သူတည်းတဲ့ Imperial Hotel မှ စာရွက်လေးတစ်ရွက်ပေါ်မှာ အိုင်စတိုင်းဟာ ဂျာမန်ဘာသာဖြင့် “နှိမ့်ချတင်းတိမ်စွာ နေထိုင်တဲ့ ဘဝတစ်ခုဟာ ပျော်ရွှင်မှုနောက်ကို မနားတမ်းလိုက်နေရတဲ့ဘဝထက် ပိုပြီးပျော်ဖို့ကောင်းပါတယ် ” လို့ရေးခဲ့တာ ဖြစ်ပါတယ်။

ဒီစာရွက်လေးကို လူကိုယ်တိုင်သော်လည်းကောင်း၊ အွန်လိုင်းမှသော်လည်းကောင်း၊ ဖုန်းမှသော်လည်းကောင်း အသီးသီး လေလံဆွဲခဲ့ကြပြီး ပထမပိုင်းမှာ ဒေါ်လာ ၂၀၀၀ ကဈေးဖွင့်ခဲ့တာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ဒေါ်လာ တစ်သန်းခွဲအထိ ဈေးရောက်သွားခဲ့တာ ဖြစ်ပါတယ်။

အိုင်စတိုင်းရဲ့ နောက်ထပ်လက်ရေးမူ တစ်ခုဖြစ်တဲ့ “ဆန္ဒရှိရင် နည်းလမ်းလည်းရှိပါတယ်  ”ဆိုတဲ့ စာရွက်လေးကလည်း ဒီလေလံပွဲမှာပဲ ဒေါ်လာ ၂ သိန်း ၄ သောင်းနဲ့ ရောင်းထွက်ခဲ့ပါသေးတယ်။

နှိုင်းရသီအိုရီနဲ့ နာမည်ကြီးခဲ့တဲ့ ဂျာမန်ဖွား ရူပဗေဒပညာရှင် အိုင်စတိုင်းဟာ ဂျပန်နိုင်ငံကို ဟောပြောချက် ပို့ချရန်သွားရောက်ခဲ့ပြီး ဂျပန်မှာ ရှိနေစဉ်မှာပဲ ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရကြောင်း သတင်းရောက်လာခဲ့ပါတယ်။ အိုင်စတိုင်းကို ဆက်သားတစ်ယောက် သတင်းလာပို့ခဲ့ပြီး
အဲ့ဒီအချိန်မှာ အိုင်စတိုင်းကလည်း အကြွေမရှိတဲ့အပြင်၊ ဆက်သားကလည်း ဘောက်ဆူး လက်ခံဖို့ ငြင်းတာနဲ့ အိုင်စတိုင်းဟာ ဂျာမန်လို စာတစ်ကြောင်း ရေးပြီး ဆက်သားကို ပေးခဲ့တာ ဖြစ်ပါတယ်။

“မင်းကံကောင်းရင် ဒီစာသားလေးဟာ မင်းကိုပေးမယ့် ဘောက်ဆူးပိုက်ဆံထက်တောင် အဖိုးတန်လာဦးမယ် ” လို့ အိုင်စတိုင်းက ဆက်သားကိုပြောခဲ့ကြောင်း ရောင်းချသူက ဆိုပါတယ်။

အိုင်စတိုင်းရဲ့ လက်ရေးမူတွေဟာ လေလံပွဲမှာ ဈေးကောင်းကောင်းရတဲ့ စာရွက်တွေဖြစ်ပြီး အိုင်စတိုင်းလက်ရေးနဲ့ တခြားစာနှစ်စောင်ကလည်း ဒေါ်လာ ၃ သောင်း ၃ထောင့် ၆ရာ၊ ဒေါ်လာ ၉ထောင်၆ ရာနဲ့ အသီးသီးရောင်းထွက်ခဲ့ပါသေးတယ်။ ဇွန်လတုန်းကလည်း ဘုရားအကြောင်း၊ အစ္စရေးအကြောင်းနဲ့ ရူပဗေဒအကြောင်းရေးထားတဲ့ အိုင်စတိုင်းရဲ့ စာလေးတွေဟာ စုစုပေါင်း ဒေါ်လာ ၂ သိန်း ၁ သောင်း တန်ဖိုးနဲ့ လေလံအောင်ခဲ့ပါတယ်။

ဂျူးအမျိုးသားတစ်ယောက်ဖြစ်တဲ့ အိုင်စတိုင်းဟာ ဂျေရူစလင် ဟီဗရူး တက္ကသိုလ်ရဲ့ အလုပ်ခွင်မှာ အခြေစိုက်ခြင်းမရှိတဲ့ ပါမောက္ခချုပ်အဖြစ်လည်း လုပ်ကိုင်ခဲ့တဲ့အတွက် သူ ၁၉၅၅ ခုနှစ်မှာ သေဆုံးသွားတဲ့အခါ တက္ကသိုလ်မှာ သူ့လက်ရေး အများအပြားကျန်ရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဂျေရူစလင် ဟီဗရူး တက္ကသိုလ်ဟာ ကမ္ဘာ့အကြီးဆုံး အိုင်စတိုင်းရဲ့ လက်ရေးမူများကို ပိုင်ဆိုင်တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Ref : News : Einstein’s handwritten note sells for $1.5m

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top