(၁)ကျွန်တော် ရန်ကုန်မှာရှိနေတုန်းက ဝေလီဝေလင်း မနက်ခင်း တစ်ခုမှာ မြင်ခဲ့ရတဲ့ အနိဋ္ဌာရုံမြင်ကွင်းတစ်ခု။ မနက်စောစောစီးစီး အင်းစိန်ရွှာမကနေ ရွှေတိဂုံဘုရားကို ဘုရားရှိခိုး၊ ပဋ္ဌာန်းရွှတ်ဖို့ အသွား၊ လမ်းမပေါ်မှာ ဝက်သားတွဲတွေ၊ ရေနွေးဖျောပြီးသား ဝက်အသေကောင်တချို့၊ ခြေထောက်နဲ့ အရိုး ထိုးထိုးထောင်ထောင်တွေ တင်လာတဲ့ ကားတစ်စီးကို မြင်လိုက်ရတာပဲဖြစ်ပါတယ်။
စောစောစီးစီး သားသတ်ရုံထဲကနေ သယ်လာတဲ့ အသေကောင်နဲ့ တိုးလိုးတွဲလောင်း အသားတွဲတွေ၊ သွေးစသွေးနပေကျံနေတဲ့ ကားအောက်ခြေကြမ်းခင်းကို မြင်လိုက်ရတာနဲ့ စိတ်ထဲမှာ အညှီနံ့ အလိုလိုရသွားသလို ခံစားလိုက်ရပါတယ်။
ဒီအသားတွဲတွေကိုဈေးအမီ စောစောစီးစီး သွားပို့ဖို့ မောင်းနှင်လာတဲ့အချိန် စက်ပျက်သွားတာကြောင့် ကားရပ်ထားရတဲ့ ယာဉ်မောင်းရဲ့ မျက်နှာကိုကြည့်လိုက်ပြန်တော့လည်း ဒေါသရိပ်တွေနဲ့။ ကားနောက်မှာ ပါလာတဲ့ ယာဉ်အကူကောင်လေးကို မာန်ထန်ဆဲဆိုနေတာ တွေ့ရပြန်တော့ တစ်မျိုး စိတ်မသက်မသာစရာ။
အော်၊ မြန်မာလူမျိုးတို့ ထုံးစံအရ မနက်ခင်းစောစောစီးစီး ပရိတ်ရွတ်သံ၊ ပဋ္ဌာန်းရွတ်သံ၊ ကြေးစည်သံ၊ သာဓုခေါ်သံတွေနဲ့ မင်္ဂလာယူ၊ ကုသိုလ်ယူရမယ်အချိန်မှာ သားသတ်ရုံထဲက အသေကောင်၊ အသားတွဲတွေကို သယ်ပို့၊ ရောင်းချနေရတဲ့ သူတို့အလုပ်၊ သူတို့ဘဝရပ်တည်ချက်ဟာ စိတ်မသတီစရာပါလား။ ဒီလို အလုပ်ကို ရွေးချယ်ပြီး ထမင်းရှာစားနေရတာ သူတို့ ကိုယ်တိုင်ရော ပျော်ရွှင်ကျေနပ်မှု ရှိနေရဲ့လား လို့လည်း တွေးမိလိုက်ပါတယ်။
(၂) ဘဝမှာ လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ စားဝတ်နေရေး၊ ကျန်းမာရေးဆိုတဲ့ ဖြည့်ဆည်းစရာ အခြေခံလိုအပ်ချက်တွေ ရှိသလို အလှအပ၊ အပြင်အဆင် တန်ဆာဆင်မှု စတဲ့ လူ့လိုအင်ဆန္ဒတွေဆိုတာလည်း အတောမသတ်နိုင်အောင် ရှိနေနိုင်ပါတယ်၊ ဒီလိုအင်ဆန္ဒနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း၊ ရယူနိုင်ဖို့၊ ဘဝကို လူတန်းစေ့၊ အဆင့်အတန်းမီမီ နေထိုင်ရပ်တည်နိုင်ဖို့အတွက်ပဲ ကျွန်တော်တို့တွေ အလုပ်လုပ်နေကြရတာပါ။ ကိုယ့်ဘဝ ရပ်တည်ချက်အတွက် ရွှေးချယ်ထားတဲ့အလုပ်ကို ‘အသက်မွေးဝမ်းကြောင်း၊ အသက်မွေးမှု’ လို့ဆိုပါတယ်။
‘ဘဝကို အလုပ်နဲ့တည်ဆောက်ပါ’ ဆိုတဲ့စကားလေးအတိုင်း နေ့စဉ်နဲ့အမျှ ဆောင်ရွက်လုပ်ကိုင်နေတဲ့ ဘဝရပ်တည်ချက်၊ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ပတ်သက်လို့ တွေးမိတာ ရှိပါတယ်။
‘ လူတစ်ယောက်ရဲ့ ပုံရိပ်လက္ခဏာ ဂုဏ်သိက္ခာနဲ့ ကုသိုလ် အကုသိုလ်ဖြစ်မှု၊ ပူလောင်မှု၊ အေးချမ်းမှုတွေအတွက် သူရွှေးချယ် လိုက်တဲ့ အသက်မွေးမှုဟာ ဒီဘဝတင်မက နောင်ဘဝ သံသရာ ထိအောင် အရေးပါနေပါလား’ ဆိုတဲ့ အတွေးပါ။
(၃)လူလူချင်းအတူတူ၊ ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်တာချင်းအတူတူ တချို့ကျတော့ စီအီးအို၊ ဒါရိုက်တာတွေဖြစ်ပြီး တချို့မှာတော့ လုံခြုံရေးဝန်ထမ်းဖြစ်နေတယ်။ တချို့က ကောင်းရောင်းကောင်းဝယ် လုပ်စားပြီး တချို့က ဟိုလိမ်ဒီပတ် ဖိုးတွမ်တီးဇာတ်ခင်းပြီး ငွေရှာကြရတယ်။ ဘုရားစောင်းတန်းက နိဗ္ဗာန်ကုန်ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်နေသူရှိသလို ဈေးထဲက အသားငါးတန်းမှာ ငါးစိမ်းသည်အလုပ်နဲ့ အသက်မွေးနေရသူတွေလည်း ရှိတာပေါ့။
လူမှုပတ်ဝန်းကျင်မှာ ‘ကိုယ်လုပ်မှကိုယ်စားရတာ၊ ဘယ်သူမှဂရုစိုက်မနေဘူး’ ဆိုတဲ့အသံမျိုး မကြာခဏ ကြားဖူးကြပါတယ်။ ‘အူမတောင့်မှ သီလစောင့်နိုင်မှာလေ’ ဆိုတဲ့ စောဒကတက်သံဟာလည်း တချို့လူတွေအတွက်တော့ လက်သုံးစကားတစ်ခုပေါ့။ အဲဒီလိုအယူအဆတွေနဲ့ ကိုယ်အဆင်ပြေ၊ ကျင်လည်ရာဝန်းကျင်က အသက်မွေးမှုနဲ့ပဲ ဝမ်းစာရှာစားနေကြရတယ်ဆိုပေမယ့် နေ့စဉ်နဲ့အမျှ ငါးခေါင်းကိုထုသတ်ရောင်းချနေရတဲ့ ငါးစိမ်းသည်တစ်ယောက်နဲ့ စာသင်ကျောင်းမှာ စေတနာ၊ ဝါသနာအပြည့်အနဲ့ စာသင်ကြားနေတဲ့ ဆရာမလေးတစ်ယောက်ရဲ့ဘဝ ရပ်တည်ချက်ချင်းတော့ တူနိုင်မှာမဟုတ်ပါဘူး။
လူတစ်ယောက်ပိုင်ဆိုင်ထားတဲ့ တစ်ရက်တာ ၂၄ နာရီထဲက အိပ်ချိန်(၆ နာရီနဲ့ ၈ နာရီကြား)ကို နုတ်ပြီးအလုပ်ချိန်တွက်ကြည့်လိုက်ရင် တစ်ရက်ကို ၈နာရီလောက်ဟာ ဘဝရပ်တည်ချက်ဖြစ်တဲ့အလုပ်ထဲမှာ နှစ်မြုပ်ထားရတာဖြစ်ပါတယ်။ အလုပ်တစ်ခုကို ခိုင်မာတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ ရွှေးချယ်လိုက်ပြီဆိုရင် တစ်နေ့၊ တစ်ရက်တည်းနဲ့လည်း မပြီးတော့ဘဲ တစ်သက်လုံးစာ ရွေးချယ်မှုလည်းဖြစ်သွားပါတယ်။
တကယ်လို့ ကိုယ်ရွေးချယ်လိုက်တဲ့အလုပ်က သူ့အသက်သတ်ဖြစ်ရောင်းချခြင်း၊ သေရည်သေရက်၊ ဓားလှံလက်နက်နဲ့ အဆိပ်ရောင်းချခြင်း… စတဲ့ အကုသိုလ်မကင်းတဲ့ အလုပ်တွေဖြစ်နေမယ်ဆိုရင် သူ့လုပ်ငန်းဖြစ်မြောက်နေသမျှ ဘဝတစ်လျှောက်လုံး ငွေကြေးဥစ္စာနဲ့အတူ မကောင်းမှု အကုသိုလ်တွေလည်း အတုံးလိုက်အတစ်လိုက် စုဆောင်းမိပြီးသားဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့် ကိုယ်ရွေးချယ်လိုက်တဲ့ ဘဝရပ်တည်ချက် အလုပ်တစ်ခုဟာ နောင်ဘဝ သံသရာအထိအရေးပါတယ်လို့ မြင်မိတာပါ။
(၄)ဗုဒ္ဓဘာသာအလိုအရ အကုသိုလ်မကင်းတဲ့အလုပ်တွေနဲ့ တရားသဖြင့် ပစ္စည်းဥစ္စာရှာဖွေပြီး အသက်မွေးခြင်းကို မိစ္ဆာဇီဝလို့ ခေါ်ဆိုပါတယ်။ မိစ္ဆာဇီဝအလုပ်ကို ရှောင်ကြဉ်ရင်း တရားမျှတ တဲ့နည်းလမ်းနဲ့ ပစ္စည်းဥစ္စာရှာဖွေပြီး အသက်မွေးခြင်းကိုတော့ ‘သမ္မာအာဇီဝ’ဆိုတာ ‘ကောင်းသော၊ မှန်ကန်သော၊ အပြစ်ကင်းသော အသက်မွေးမှု’ လို့နားလည်ရပါတယ်။
လောကလူသားများအနေနှင့် ဘဝရပ်တည်ချက်၊ စားဝတ်နေရေးအတွက်ငွေကြေးဥစ္စာ ရှာဖွေစုဆောင်းတဲ့နေရာမှာ တစ်ဘက်မှာ စီးပွားဖြစ်ဖို့လိုအပ် တစ်ဘက်မှာလည်း သမ္မာအာဇီဝကျဖို့လိုအပ်တာအ မှန်ပါပဲ။ ဒီအချက်နဲ့ပတ်သက်ပြီး ဗုဒ္ဓမြတ်စွာက အင်္ဂုတ္တရနိကာယ်’၊ ‘အန္ဓသုတ္တန်’ မှာ ‘ လူရယ်လို့ဖြစ်လာရင် အသိဉာဏ်မျက်စိ နှစ်မျိုးရှိရမယ်’ လို့ ဟောကြားခဲ့ကြောင်းနာကြားရပါတယ်။
လူဟာ ကိုယ်ကျိုးစီးပွားအတွက် စီးပွားရေးမျက်စိရှိဖို့လိုအပ်သလို တစ်ဘက်မှာလည်း ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ဓမ္မမျက်စိလည်းရှိဖိုလိုအပ်ကြောင်း ကျေးဇူးတော်ရှင်ပါမောက္ခချုပ် ဆရာတော်ကြီးက တရားတော်တစ်ပုဒ်မှာ ဟောကြားထားတာပါ။
‘ လောကလူသားတွေဟာ မျက်စိနှစ်လုံးရှိမှ ပြည့်စုံသလိုပဲ၊ လူ့ဘဝ ရလာလို့ရှိရင်လည်းပဲ ဒီ ပညာမျက်စိနှစ်မျိုး ရှိရမယ်။ လူဖြစ်လာရင် စီးပွားရှာတက်ရမယ်။ ကိုယ်ကျင့်တရားကောင်း အောင်ကျင့်သုံတတ်ရမယ်။
စီးပွားရေးမျက်စိဆိုတာ မရသေးတဲ့စည်းစိမ် ဥစ္စာတွေရအောင်၊ ရပြီးသားစည်းစိမ်ဥစ္စာတွေကို တိုးပွားအောင်လုပ်တဲ့ နည်းပညာတွေ တတ်ကျွမ်းတာကို ပြောတာ။ ထိုသို့ တတ်ကျွမ်းမှသာလျှင် လောကမှာ မပင်မပန်း ချမ်းချမ်းသာသာနဲ့ နေနိုင်မှာဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုတွေ လုပ်နိုင်မှာဖြစ်ပါတယ်။
နောက်တစ်ဖက်ကလည်း စီးပွားရေးဘက်က တိုးတက်ရုံတင်မဖြစ်ဘူး။ ကိုယ်ကျင့်တရားကောင်းဖို့။ စိတ်ဓာတ်မြင့်မားဖို့ဆိုတဲ့ ဘက်ကလည်း အင်မတန်မှ အရေးကြီးပါတယ်။ စီးပွာရေးတစ်ခုတည်းသာ ရှာတတ်ပြီး ကိုယ်ကျင့်တရားမပါဘူး။ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့အသိ မရှိဘူးဆိုလို့ရှိရင်ထိုပုဂ္ဂိုလ် မျိုးဟာ မျက်စိတစ်လုံးကွယ်နေတဲ့ ပုဂ္ဂိုလ်နဲ့တူတယ်’ လို့ ဆရာတော်ကြီးကမိန့်ကြားထားတာပါ။
ဒါ့အပြင် စီးပွားဥစ္စာရရှိရေးတစ်ခုတည်းကိုသာ ကြည့်တတ်သူဟာ ပိုက်ဆံရရင်ပြီးရောဆို့တဲ့စိတ်နဲ့ ကိုယ်ကျင့်တရား ကင်းမဲ့သူ ဖြစ်လာနိုင်ကြောင်း၊ ငွေမျက်နှာ တစ်ခုပဲကြည့်လို့ တစ်ခဏတာအနေနဲ့ စီးပွားရေးအောင်မြင်လာရင်တောင် ကိုယ်ကျင့်တရားနဲ့ ထိန်းသိမ်းမထားတဲ့ စီးပွားဥစ္စာတိုးတက်မှုဟာ အဲဒီပုဂ္ဂိုလ်အတွက် ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်ကြောင်းလည်း ပါမောက္ခချူပ်ဆရာတော်ကြီးက သတိပေးဆုံးမထားပါတယ်။
(၅) အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ စီးပွားရေးကျပ်တည်းမှု၊ ဆင်းရဲမွဲတေမှုတွေနဲ့ လုံးချာလည်လိုက်နေဆဲ တိုင်းပြည်တစ်ခုမှာ လုပ်စရာမရှိလို့ ရရာအလုပ်နဲ့ ဘဝနစ်မွန်းနေသူလေးတွေ ရှိနေသလို စားစရာမရှိလို့ ခိုးရတယ်၊ လိမ်ရတယ်ဆိုသူတွေလည်း ရှိကောင်းရှိနေနိုင်တာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ဘဝပေးအခြေအနေအရ စားဝတ်နေရေးနဲ့ ဘဝရပ်တည်ချက်အတွက် ရွေးချယ်ခွင့် နည်းပါးလွန်းသူတွေရှိသလို တစ်ဘက်မှာ ရွေးချယ်ခွင့်မှားစွာရှိနေတဲ့ကြားက အပြစ်မကင်းတဲ့အသက်မွေးမှုကို ဖက်တွယ်နေတဲ့ လူချမ်းသာကြီးတွေလည်း ရှိနေပြန်ပါတယ်။ သူတို့လုပ်နေတဲ့အလုပ်ဟာ မှန်ကန်တဲ့အသက်မွေးမှုမဟုတ်ဘူးဆိုတာ သိပေမယ့်အလုပ်ဖြစ်၊ စီးပွားဖြစ်နေတာကြည့်ပြီး လုပ်လက်စ မိစ္ဆာဇီဝလုပ်ငန်းတွေကို မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြတာပါ။
သမ္မာအာဇီဝမဖြစ်ဘူးဆိုသည့်တိုင် ငွေရလွယ်ပြီး စီးပွားဖြစ်နေတဲ့အလုပ်ကို မစွန့်လွှတ်နိုင်သူတွေဆီက မကြာခဏ ကြားရတတ်တာကတော့ ‘ ဒီအလုပ်က အကျိုးပေးနေလို့ဆက်လုပ်ဖြစ်နေတာပါ’ ဆိုတဲ့အကြောင်းပြချက်ပဲဖြစ်ပါတယ်။’အကျိုးပေးတယ်’ ဆိုတဲ့စကားနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်က မိတ်ဆွေတစ်ဦး ပြောပြထားတဲ့အကြောင်းအရာလေးကလည်း စဉ်းစားဆင်ခြင် သံဝေဂယူချင်စရာ။
တစ်ခါတုန်းက အထက်ချင်းတွင်းက ဘုန်းကြီးလူထွက်နဲ့ သီလရှင်ထွက်မိန်းမတစ်ဦးတို့ ငြိစွန်းပြီး မြို့တစ်မြို့ကို ထွက်ပြေးလာကြတယ်တဲ့၊ နေရာသစ်မှာ လက်ထက်လိုက်ပြီးမှ နှစ်ဦးစလုံးက လုပ်ကိုင်မစားတက်တော့ မှော်ဘက်တက်ပြီး ရွှေကျင်ကြတာပေါ့။ ဘုန်းကြီးလူထွက်နဲ့ သီလရှင်လူထွက် လင်မယားဟာ ရွှေကျင်တော့လည်း ရွေကမရ၊ ကျောက်တူးတော့လည်းကျောက်ကမရနဲ့ အတော်လေးဒုက္ခရောက်ကြတယ်။
တစ်နေ့တော့ ယောကျ်ားလုပ်သူက ဘာလုပ်လို့ ဘာကိုင်ရမှန်း အသိဘဲ စိတ်ပျက်လက်ပျက်နဲ့ လမ်းဘေးရေအိုင်နား ထိုင်နေတုန်း ငါးပွက်တာတွေ့သတဲ့ ‘ အိုင်ထဲကို ငါးဆင်းပတ်ရင် စားဖို့သောက်ဖို့လောက်တော့ ရမှာပဲ’ ဆိုပြီး ငါးပက်တဲ့အခါ ရလိုက်တဲ့ငါးတွေကအများကြီး။ ဒါနဲ့ပဲ ငါးတွေက စားလို့မကုန်ဘူး။ အလကားဖြစ်မယ့်အတူတူ ဆန်ဖိုးဆီဖိုးလေးရရဆိုပြီး ရှက်ရှက်နဲ့ အရပ်ထဲ ထွက်ရောင်းလိုက်တာ ဘုန်းကြီးလူထွက်လင်မယားဟာ ငါးသည်ဖြစ်မှန်းမသိဖြစ်လာတော့တယ်တဲ့။နောက်ဆုံး အသက်အရွယ်ကြီးရင့်လာတဲ့အထိ ငါးသည်ဘဝနဲ့ အသက်မွေးဖြစ်သွာတဲ့ ဘုန်းကြီးလူထွက်အဖိုးကြီးက ရယ်စရာဟာသအနေနဲ့ပြောပြတတ်တယ်။
‘ ငါးတွေရလို့ စရောင်းကြည့်မယ် လုပ်တုန်းကတော့ မအော်ရဲလို့ ဘေးလူတွေက သင်ပေးရတာ။ ‘ငါးဗျို့ငါး’ ဆိုပြီး မရဲတရဲစမ်းအော်ရင်းနဲ့ ဝယ်တဲ့သူကလည်းဝယ်၊ ရောင်းလို့ကလည်းကောင်နဲ့၊ နောက်ဆုံးကျ ငါးတွေကုန်သွားတာတောင် အော်ချင်နေတုန်းရှိသေးတယ်။ ဒီလိုနဲ့ကို ဘုန်းကြီးလူထွက်ဘဝကနေ ငါးသည်ကြီးလုံးလုံး ဖြစ်လာခဲ့ရတာ့ပဲဟေ့’။
အဲဒီလို ပြောရင်း တဟားဟားရယ်နေတဲ့ အဘကြီးရဲ့စကားကို ငယ်ငယ်တုန်းက ရယ်စရာအဖြစ်နားထောင်ခဲ့ဖူးပေမယ့် အသက်အရွယ် ရလာချိန် စဉ်းစားကြည့်မှ သံဝေဂရစရာ ဖြစ်နေပါတော့တယ်တဲ့။
အရင်တုန်းက ဘုန်းကြီးဘဝရခဲ့ဖူးတဲ့ အဘိုးကြီးဟာ သီလရှင်လူထွက်နဲ့ ငြားပြီးမှ ငါးသည်အဖြစ်နဲ့ အသက်မွေးရတယ်။ တစ်ချိန်တုန်းက လူအကြည်ညိုခံဘုန်းကြီးရဟန်းဘဝ၊ လူထွက်ပြီးတော့ငါးရှာ၊ ဖားရှာနဲ့ သူမှာအသက်သတ်ပြီးမှ ဝမ်းရေးကိုဖြေရှင်းရတဲ့ ငါးသည်ဘဝတဲ့၊ ဘယ်လောက်များ ရှုံးလိုက်ရသလဲ။
တကယ်လို့သာ ရဟန်းလူထွက်အဘိုးကြီးဟာ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ အသိဉာဏ်မျက်စိ နှစ်မျိုးရှိခဲ့ရင် ငါးသည်ဘဝနဲ့ အရိုးထုတ်ခဲ့မှာ မဟုတ်ဘူးလို့သာ ဆင်ခြင်မိလိုက်ပါတော့တယ်။
မိုးအောင်လင်းနိုင် (ရိုးရာလေး)