ဂျေရုဆလင်အရေးအတွက် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန် ဗီတိုသုံး ပယ်ချ

s3.reutersmedia.net_.jpg

ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံမြို့တော်အဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အသိမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းစေမယ့် ကုသလမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှုကြမ်းကို အမေရိကန်က ဗီတိုအာဏာသုံးကာ တားဆီးလိုက်တယ်လို့ သိရပါတယ်။

ဆုံးဖြတ်ချက်မူကြမ်းကို အီဂျစ်နိုင်ငံက ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄ နိုင်ငံက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။ မူကြမ်းထဲမှာ အမေရိကန်နိုင်ငံ သို့မဟုတ် သမ္မတထရမ့်နဲ့ ပတ်သက်လို့ သီးခြားဖော်ပြခဲ့တာမရှိခဲ့ဘဲ ဂျေရုဆလင်နဲ့ပတ်သက်လို့ မကြာသေးမီက ဆုံးဖြတ်ချက်ကို ဝမ်းနည်းမိတယ်လို့သာ ဖော်ပြထားပါတယ်။

ဂျေရုဆလင်အရေးဟာ ၆ နှစ်အတွင်း အမေရိကန်နိုင်ငံက လုံခြုံရေးကောင်စီမှာပထမဆုံး အကြိမ်ဗီတို သုံးခဲ့တဲ့ အမှုကိစ္စဖြစ်လာစေခဲ့ပါတယ်။ အမေရိကန်သံအမတ်ကြီးက အမေရိကန်နိုင်ငံရဲ့ အချုပ်ခြာအာဏာနဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမေရိကန်ပါဝင်နေတဲ့ ကဏ္ဍတွေကို ကာကွယ်နိုင်ဖို့ ဗီတိုအာဏာ သုံးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ ဒီဆုံးဖြတ်ချက်မှုနဲ့ ပတ်သက်လို့ ရှက်ကိုးရှက်ကန်းဖြစ်နေမှာမဟုတ်ဘဲ လုံခြုံရေးကောင်စီက အခြားနိုင်ငံတွေသာ ရှက်သင့်စေမှာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ အခုလအတွင်းမှာ အမေရိကန်ရဲ့ ဆယ်စုနှစ်ချီ ရှိနေတဲ့ မူဝါဒကို အပြောင်းလဲလုပ်ခဲ့ပြီး ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ချခဲ့ရာ အဲဒီလုပ်ရပ်အပေါ် အာရပ်ကမ္ဘာနဲ့ ပါလက်စတိုင်းတို့က ဒေါသထွက်ခဲ့ကြသလို အမေရိကန်ရဲ့ အနောက်မဟာမိတ်နိုင်ငံတွေကြားမှာလည်း စိုးရိမ်မှု မြင့်တက်နေတယ်လို့ သိရပါတယ်။

Ref : Reuters : U.S. vetoes U.N. call

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top