ကစားဖော် Martin Nguyen ၏ နိုင်ပွဲကို အောင်လအန်ဆန်နှင့် တီရယ်ထန်တို့ ဂုဏ်ပြု

Aung-La-N-Sang-Tial-Thang-Martin-Nguyen.jpg

အမေရိကန်ရှိ Hard Knocks 365 တွင် လေ့ကျင့်နေသည့်ကစားသမားများအထဲမှ မိသားစုကဲ့သို့ တစ်ဦးကိုတစ်ဦး အပြန်အလှန်စောင့်ရှောက်ကူညီကြသူ (၃) ဦးရှိသည်။ ၎င်းတို့ (၃) ဦး၏ ဘဝဖြတ်သန်းပုံမှာလည်း အတော်များများတူညီနေကြပြီး ဝါသနာနှင့် ရည်မှန်းချက်များလည်းတူညီနေကြသည်။

ထိုကစားသမား (၃) ဦးသည် ONE Championship တွင် ပါဝင်ယှဉ်ပြိုင်နေသည့် ဝိတ်တန်း (၂) ခု၏ ချန်ပီယံ အောင်လအန်ဆန်၊ ဖယ်သာဝိတ်တန်းချန်ပီယံ Martin Nguyen နှင့် ချင်းတိုင်းရင်းသား တီရယ်ထန်တို့ဖြစ်သည်။ ၎င်းတို့သည် Hard Knocks 365 တွင် အတူတကွလေ့ကျင့်လျက်ရှိပြီး ထို (၃) ဦးထဲမှ တစ်ဦးသည် ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဆိုလျှင် ကျန် (၂) ဦးက Corner Man လိုက်လုပ်ပေးလေ့ရှိသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂) ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ယှဉ်ပြိုင်ကစားခဲ့သည့် ONE: Dawn of Heroes ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းဖြစ်သည့် Martin Nguyen နှင့် Koyomi Matsushima တို့၏ ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် တီရယ်ထန်တို့က Martin Nguyen ၏ အကူလူများအဖြစ် လိုက်ပါကူညီပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် Martin Nguyen က ONE ဖယ်သာဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်သူ ဂျပန်အားကစားသမား Koyomi Matsushima ကို ဒုတိယအချီတွင် ဒိုင်ပွဲရပ်ဖြင့်အနိုင်ရရှိကာ ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်နိုင်ခဲ့သည်။

“ ဒီနေ့ရရှိခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုအတွက် Martin Nguyen နဲ့မိသားစုကိုဂုဏ်ပြုပါတယ်။ Hardknock 365 က နည်းပြဆရာ၊ အသင်းဖော် Henri Hooft၊ Kami Barzini၊ Greg Jones၊ Corey Peacock တို့ရဲ့ ကူညီဆောင်မမှုနဲ့ ကျွန်တော်တို့ကို ပိုမိုပြည့်စုံစေတဲ့သင်ပြမှုတွေကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ONE Championship အဖွဲ့အစည်းနဲ့ “Dawn Of Heroes” ပြိုင်ပွဲကို အိမ်ရှင်အနေနဲ့ကျင်းပခွင့်ပေးတဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု အောင်လအန်ဆန်က ပွဲအပြီးတွင် ၎င်း၏ Facebook လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အလားတူ ချင်းတိုင်းရင်းသား တီရယ်ထန်ကလည်း Martin Nguyen အနေဖြင့် ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည့်အတွက်ဂုဏ်ယူကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

“Martin Nguyen ရဲ့ အောင်မြင်မှုအတွက် လှိုက်လှိုက်လှဲ ဂုဏ်ပြုပါတယ်” ဟု တီရယ်ထန်က ရေးသားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top