မြန်မာနိုင်ငံတွင်းမှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်း ခေတ်စားလာရခြင်း၏ အကြောင်းရင်း (၄) လေးချက်

735595_720.jpg

မျက်မှောက်ကာလမှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းဟာ ကမ္ဘာ့အားကစား မျက်နှာစာရဲ့အရှေ့ကို တဖြည်းဖြည်း နေရာယူလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းဟာ လူတန်းစားမရွေး ကြိုက်နှစ်သက် အားပေးကြပါတယ်။ ဘယ်လိုအချက်တွေကြောင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်းဟာ လူကြိုက်များရသလဲ။

ONE Championship က မြန်မာနိုင်ငံမှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်းကို မိတ်ဆက်ပေးမှုနဲ့ မြန်မာနိုင်ငံဟာ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်းကို ရင်းနှီးခွင့် ရလာခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ဒီပြိုင်ပွဲကို ရူးရူးမူးမူး စွဲလန်းရတဲ့အထိကို ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ အောင်လအန်ဆန်ဟာ မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်ဆောင်တဲ့ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ပြီး သူယှဉ်ပြိုင်မယ့် ပြိုင်ပွဲရှိရင် အားကစားကွင်းထဲမှာ အားပေးသူတွေနဲ့ ပြည့်ကျပ်နေတဲ့အထိပါပဲ။ နောက်ပြီး မြန်မာနိုင်ငံတစ်ဝန်းက အားပေးသူတွေဟာ ဒီပွဲကိုကြည့်ဖို့ TV ရှေ့မှာ အလုအယက်နေရာ ယူရတဲ့ အထိ မြန်မာနိုင်ငံမှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်းဟာ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစား(ခ)MMA ခေတ်စားလာရခြင်း၏ အဓိကအကြောင်းအရင်း (၄) လေးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မြန်မာလူမျိုးတွေရဲ့ အသွေးအသားထဲက ကိုယ်ခံပညာ
ကိုယ်ခံပညာရပ်ဟာ ရှေးနှစ်ပေါင်းများစွာကတည်းက မြန်မာလူမျိုးတွေရဲ့ အသွေးအသားထဲမှာ စီးဆင်းနေခဲ့ခြင်းတာဖြစ်ပါတယ်။ မှတ်တမ်းမှတ်ရာတွေအရ မြန်မာ့ရိုးရာ ကိုယ်ခံပညာတစ်ခုဖြစ်တဲ့ လက်ဝှေ့ဟာ ပုဂံခေတ်ကတည်းကရှိနေခဲ့တာဖြစ်ပြီး ဗန်တို၊ ဗန်ရှည် အစရှိတဲ့ တိုက်ခိုက်ရေး အားကစားနည်းတွေကို ရှေးဘုရင်များလက်ထက်က နန်းတွင်းမှာ အသုံးပြုခဲ့သလို သာမန် အောက်ခြေလူတန်းစားအထိ ဒီလိုမျိုး ကိုယ်ခံပညာအားကစားတွေဟာ ပြန့်ပွားခဲ့ပါတယ်။ ကိုယ်ခံပညာအားကစားကို မြတ်နိုးတဲ့ မြန်မာလူမျိုးတွေအတွက် ကိုယ်ခံပညာ အားကစားသမားတွေဟာ ရှေးပဝေသဏီကတည်းက သူရဲကောင်းတွေအဖြစ် ရပ်တည်ခဲ့ကြပါတယ်။

မျက်မှောက်ခေတ်မှာ အာရှနိုင်ငံတွေရဲ့ ရိုးရာအားကစားတွေဖြစ်တဲ့ ဂျူဒို၊ တိုက်ကွမ်ဒို၊ ကရာတေး၊ ဝူရှူးစတဲ့ အားကစားနည်းတွေ မြန်မာနိုင်ငံအတွင်း စီးဝင်လာမှုကိုလည်း တိုက်ခိုက်ရေးပညာတွေ ချစ်မြတ်နိုးတဲ့ မြန်မာလူမျိုးတွေက ဝမ်းပန်းတသာကြိုဆိုခဲ့ပြီး ပြည်တွင်းမှာ စနစ်တကျ လက်ခံ ကစားလာခဲ့ကြပါတယ်။ မွေးစားအားကစားနည်းတွေဖြစ်တဲ့ ဝူရှူး၊ ဂျူဒို၊ တိုက်ကွမ်ဒိုနဲ့ ကရာတေးကစားနည်းတွေကို မြန်မာလူမျိုးတွေဟာ ကျွမ်းကျွမ်းကျင်ကျင် ကစားလာနိုင်ခဲ့ပြီး နိုင်ငံတကာမှာ ဆုတံဆိပ်တွေအများအပြားရယူနိုင်ခဲ့တဲ့အထိ ကိုယ်ခံပညာ အားကစားနည်းတွေဟာ မြန်မာနိုင်ငံမှာ အမျိုးသား အားကစားတစ်ခုအဖြစ် တည်ရှိလာခဲ့ပါတယ်။

ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်အသုံးပြုနိုင်တဲ့ Mixed Martial Arts ဆိုတဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်း မြန်မာနိုင်ငံသို့ရောက်ရှိလာချိန်မှာတော့ တိုက်ခိုက်ရေးပညာတွေကို စိတ်ပါဝင်စားတဲ့ မြန်မာလူမျိုးတွေရဲ့ အသည်းနှလုံးတွေကို သိမ်းပိုက်သွားနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအားကစားနည်း ကိုယ်ကျွမ်းကျင်တဲ့ ကိုယ်ခံပညာကို အခြေခံပြီး ပြိုင်ဘက်ကိုအနိုင်ယူရတဲ့ အားကစားနည်းဖြစ်လို့ပါ။


၂။ ONE Championship

ONE Championship ဟာ ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်းယဉ်ကျေးမှုကို ၂ဝ၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကို စတင်တင်သွင်းခဲ့ပါတယ်။ ခမ်းနားတဲ့ အစီအစဉ်တင်ဆက်မှုတွေ၊ နိုင်ငံတကာအဆင့်မီ မီးဆလိုက်၊ အမြင်ဆန်းတဲ့ ကြိုးဝိုင်းပုံစံ၊ ကမ္ဘာ့ၻအဆင့် တိုက်ခိုက်ရေးသမားတွေရဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုတွေမှာ ကိုယ်ခံပညာအားကစားကို စိတ်ဝင်စားပြီးသား မြန်မာလူမျိုးတွေ အလွယ်တကူပျော်ဝင်သွားခဲ့ပြီး အချိန်အနည်းငယ်အတွင်း မြန်မာတွေအတွက် ဖျော်ဖြေမှုပေးနိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့သမားအချင်းချင်း ယှဉ်ပြိုင်ထိုးသတ်တဲ့တွဲဆိုင်းတွေကိုလည်း ထည့်သွင်းကျင်းပခဲ့လို့ မြန်မာ့လက်ဝှေ့ကစားသမားတွေအတွက် အခွင့်အလမ်းပိုရသလို ဒီကစားသမားတွေရဲ့ ဆန်းသစ်တဲ့ တိုက်ခိုက်မှုပုံစံက ပရိတ်သတ်ကို သဘောခွေ့စေခဲ့ပါတယ်။ ကမ္ဘာ့ကိုယ်ခံပညာ သိုင်းပေါင်းစုံစင်မြင့်မှာ ကျော်ကြားလာဖို့အားယူနေတဲ့ မြန်မာစပါးအုံး (ခေါ်) အောင်လအန်ဆန်ကို မြန်မာပြည်သူတွေဆီ ပို့ဆောင်ပေးခဲ့တာကတော့ ONE Championship ရဲ့ အသိအမှတ်ပြုစရာလုပ်ရပ် ဖြစ်ပါတယ်။

၂ဝ၁၅ ခုနှစ်က စတင်မွေးဖွားခဲ့တဲ့ ဒီယဉ်ကျေးမှုဟာ မြန်မာနိုင်ငံအတွင်း လျင်မြန်စွာ ခေတ်စားလာခဲ့ပြီး မျက်မှောက်ကာလမှာတော့ ပရိတ်သတ်များ ကြိုက်နှစ်သက်တဲ့ အားကစားတစ်ခုအဖြစ် ရပ်တည်နေခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းတွင်လည်းမှာလည်း ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်း လှိုင်းလုံးဟာ အကြီးအကျယ်ပေါက်ကွဲခဲ့ပြီး အပျော်တမ်း ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားနည်းသင်တန်းများစွာနှင့်နဲ့ ပရော်ဖက်ရှင်နယ်သင်တန်းများစွာလည်း ရှိလာခဲ့သည်အထိ ပြန့်ပွားလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံသား လူကြီး၊ လူငယ်၊ ကျား၊ မ မရွေးဟာ အောင်လအန်ဆန်၊ ဖိုးသော်၊ အန်တိုနီယာစတဲ့ တိုက်ခိုက်ရေးကစားသမားတွေကို ရင်းနီး ချစ်ခင်လာခဲ့ပြီး MMA စည်းမျဉ်းစည်းကမ်းတွေအကြောင်း နားလည်လာသလို ONE Championship က ကျင်းပတဲ့ ပြိုင်ပွဲတွေအပေါ် စောင့်ဆိုင်းရင်ခုန်တတ်နေပြီ ဖြစ်ပါတယ်။

၃။ မြန်မာစပါးအုံးကြီး အောင်လအန်ဆန်

မြန်မာလူမျိုးတွေ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနည်းအပေါ် ရူးသွပ်စွာအားပေးလာခြင်းရဲ့ အဓိကအကြောင်းတွေထဲမှာ အောင်လအန်ဆန်ရဲ့ လုပ်ဆောင်မှုတွေကိုလည်း မေ့ထားလို့မရပါဘူး။ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ရဲ့ ကြိုးဝိုင်းအတွင်း သတ္တိရှိရှိယှဉ်ပြိုင်မှုတွေ၊ သူရဲ့နာမည်ကျော်ချုပ်ကွက်၊ ထိုးကွက်တွေအပြင် ကြိုးဝိုင်းပြင်ပမှာ သူရဲ့ ရိုးသားတဲ့အပြောအဆို၊ အနေအထိုင်၊ အပြုအမူတွေကြောင့် မြန်မာပရိသတ်အားလုံးရဲ့ တခဲနက် ချစ်ခင်လေးစားမှုကို ရရှိခဲ့ပါတယ်။

မြန်မာစပါးအုံးဟာ သူရဲ့နာမည်ကျော် ချုပ်ကွက်နဲ့ ပြိုင်ဘက်တွေကို အလဲထိုးနိုင်ခဲ့သလို မြန်မာနိုင်ငံသားတွေရဲ့ အသည်းနှလုံးတွေကိုလည်း တစ်ပြိုင်နက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူဟာ ONE Championship ရဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ရုရှားဖိုက်တာ ဗစ်တာလီဘစ်ဒက်ရှ် Vitaly Bigdash ထံမှ ခက်ခက်ခဲခဲ လွှဲပြောင်းနိုင်ခဲ့သလို လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုကိုလည်း ထပ်မံရယူနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အောင်လအန်ဆန်ဟာ ONE Championship ရဲ့ ကမ္ဘာ့ချန်ပီယံစာရင်းမှာ ဝိတ်တန်းနှစ်ခုရဲ့ ချန်ပီယံအဖြစ် မြန်မာနိုင်ငံဂုဏ်ကိုဆောင်ထားနိုင်သူပဲ ဖြစ်ပါတယ်။

၄။ ဖိုးသော်၊ အန်တိုနီယာ၊ ပုညစိုင်းမှသည် ထီရယ်ထန်း တီရဲလ်ထန်ဆီသို့
အောင်လအန်ဆန်နဲ့အတူ ပရိသတ်ရဲ့ချစ်ခင်ခြင်းတွေကို ရရှိသူတွေအဖြစ် ဖိုးသော်နဲ့ အန်တိုနီယာတို့က ရှိနေပါတယ်။ အလားတူ နောက်တက်လာမယ့် အနာဂတ်တွင်ထွန်းတောက် လူငယ်သွေးသစ်တွေဖြစ်တဲ့ ပုညစိုင်းနဲ့ ထီရယ်ထန်း တီရဲလ်ထန်တို့ဆီမှာလည်း ပရိသတ်ရဲ့ မျှော်လင့်ချက်တွေ အားပေးမှုတွေ များစွာ ရှိနေခဲ့ပါတယ်။

တိုက်ခိုက်ရေးပညာကို စိတ်ဝင်စားသူ အပျော်တမ်း လက်ဝှေ့သမားတစ်ဦးဖြစ်တဲ့ ဖိုးသော်ကို ONE Championship က ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကြိုးဝိုင်းအတွင်း ခေါ်ဆောင်ခဲ့ပြီး ဘူရှီဒိုဖိုးသော် ဖြစ်လာစေခဲ့ပါတယ်။ စိတ်ဓာတ်ပြင်းထန်သလို အလုပ်ကြိုးစားတဲ့ ဖိုးသော်ဟာ နှစ်အနည်းငယ်အတွင်း ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမား ဖိုက်တာတစ်ဦး ဖြစ်လာခဲ့ပြီး ကမ္ဘာ့စာမျက်နှာမှာ ၆ ပွဲဆက်နိုင်တဲ့ မြန်မာနိုင်ငံသား ကိုယ်ခံပညာကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ကယန်းတိုင်းရင်းသူလေး အန်တိုနီယာဟာလည်း ဝမ်းချန်ပီယံရှစ်သမိုင်းမှာ အမြန်ဆုံး အလဲထိုးစံချိန်ကိုရယူခဲ့ပြီး မြန်မာနိုင်ငံရဲ့ဂုဏ်ကို ဆောင်ထားသူ ဖြစ်ပါတယ်။ အသက်ငယ်ရွယ်သလို ချောမောတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားသူဖြစ်သော်လည်း ကြိုးဝိုင်းအတွင်းမှာတော့ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်သူပါ။ လက်ရှိအချိန်မှာတော့ သူဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ နေထိုင်လေ့ကျင့်နေပြီး သူ့ရဲ့ နောက်လာမည့်ပွဲအတွက် စိတ်အားထက်သန်စွာ လေ့ကျင့်နေပါတယ်။ မြန်မာနိုင်ငံကပရိသတ်တွေကလည်း အန်တိုနီယာရဲ့ပွဲကို ကြည့်ရူဖို့ မျှော်လင်နေကြပါတယ်။

မြန်မာပရိသတ်တွေရဲ့ ရင်ထဲကို ပူပူနွေးနွေးရောက်ရှိလာတဲ့ နောက်ထပ် ကိုယ်ခံပညာကစားသမားသစ်တစ်ဦးကတော့ ပုညစိုင်းပါ။ ဒီကစားသမားဟာ မွန်တိုင်းရင်းသားတစ်ဦးဖြစ်သလို နယူးဇီလန်မှာ နေထိုင်ပြီး တိုက်ခိုက်ရေးပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပေမယ့် တိုက်ခိုက်ရေးပညာမှာ အရည်အချင်းရှိတဲ့အတွက် ONE Championship က ONE Warrior Series မှာ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီသတင်းကိုကြားတဲ့ မြန်မာပရိသတ်တွေဟာ ပုညစိုင်းကို အပြင်မှာ မတွေ့ဖူးသေးသည့်တိုင် အွန်လိုင်းကတစ်ဆင့် တခဲနက်အားပေးခဲ့ကြပါတယ်။ ပုညစိုင်းရဲ့ ယှဉ်ပြိုင်မှုကို မြန်မာနိုင်ငံမှာ ကြည့်ခွင့်ရရှိရေးဖို့ စိတ်အားထက်သန်နေတာကို ကြည့်ခြင်းအားဖြင့် မြန်မာလူမျိုးတွေရဲ့ ကိုယ်ခံပညာအပေါ် ရူးသွပ်မှုကို တွေ့မြင်နိုင်ပါတယ်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top