အလုပ်စဝင်တဲ့နေ့မှာ အချိန်မီအောင် ညလုံးပေါက် လမ်းလျှောက်ခဲ့သူ ကားတစ်စီးနဲ့ ဒေါ်လာ (၅၀,၀၀၀) ရရှိ

37348052_1942028405828070_8060062552547131392_n.jpg

အလာဘားမားပြည်နယ်က ကောလိပ်ကျောင်းသား ဝေါ်လ်တာကားဟာ အလုပ်သစ် စဝင်ရမယ့်နေ့ မတိုင်ခင်ညမှာပဲ ကားပျက်သွားခဲ့လို့ အလုပ်ကို အချိန်မီရောက်အောင် တစ်ညလုံး လမ်းလျှောက်ခဲ့ပါတယ်။

သူ လမ်းလျှောက်ရတဲ့ခရီးက မိုင် ၂၀ ဝေးပါတယ်။ သူက ကားကြုံလိုက်ဖို့ အကူအညီ တောင်းခဲ့ပေမယ့် အဆင်မပြေခဲ့လို့ အလာဘားမားပြည်နယ် ဟုမ်းဝုဒ်မြို့ကနေ တောင်ဘက် မိုင် ၂၀ အကွာက ပယ်လ်ဟမ်းမြို့ကို လမ်းလျှောက်ခဲ့ပါတယ်။

သူ လျှောက်ရမယ့် ခရီးအကွာအဝေးကို ဖုန်းထဲကနေ ကြည့်လိုက်တော့ ခြေကျင်လျှောက်ရင် ၇ နာရီကြာမယ်လို့ ဖော်ပြထားပေမယ့် သူ့အတွက် Bellhops အိမ်ပြောင်းဝန်ဆောင်မှု ကုမ္ပဏီမှာ အလုပ်ဆက်လုပ်ရဖို့ ရှိနေသေးတော့ လမ်းလျှောက်သွားဖို့ သူ ဆုံးဖြတ်ခဲ့ပါတယ်။ ”ကျွန်တော်က ဘယ်တော့မှ အရှုံးပေးမယ့်လူစား မဟုတ်ပါဘူး။ ဘယ်တော့မှ အရှုံးမပေးဖို့ ခံယူထားတယ်။ တကယ်တော့ ကျွန်တော်ကိုယ်တိုင် အရှုံးပေးမှပဲ ရှုံးနိမ့်မှာပါ”လို့ ဝေါ်လ်တာက ပြောပါတယ်။

ဝေါ်လ်တာဟာ ပြီးခဲ့တဲ့ သောကြာနေ့ည ၁၁ နာရီ ၄၀ မိနစ်မှာ ဟုမ်းဝုဒ်မြို့ကနေ သူ့ ခရီးစဉ်ကို စတင်ခဲ့ပြီး စနေနေ့ မနက် ၄ နာရီထိုးခါနီးမှာ ပယ်ဟမ်းမြို့ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို အိမ်ပြောင်းဖို့ခေါ်ထားတဲ့ အမျိုးသမီးအိမ်ကိုရောက်ဖို့ တော်တော်ဝေးဝေး ဆက်လျှောက်ရဦးမှာပါ။ အဲဒီအချိန်မှာ အသက်ပြင်းပြင်းရှုပြီး လမ်းပေါ်မှာထိုင်နေတဲ့ ဝေါ်လ်တာကို ကင်းလှည့်လာတဲ့ ပယ်ဟမ်းမြို့ ရဲတပ်ဖွဲ့က ရဲအရာရှိ မက်ခ်နိုက်တင်းက တွေ့သွားပါတယ်။

အချိန်မတော်ဖြစ်နေလို့ ရဲအရာရှိက ကားပေါ်ကဆင်းလာပြီး အကျိုးအကြောင်း မေးမြန်းခဲ့ပါတယ်။ ဝေါ်လ်တာအကြောင်း သိလိုက်ရချိန်မှာ မက်ခ်နိုက်တင်းနဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်က သူ့ကို မနက်စာ လိုက်ကျွေးပြီး အနားယူလို့ရမယ့် ဘုရားကျောင်းကို ခေါ်သွားခဲ့ပါတယ်။

အချိန်တော်တော်ကြာတော့ ဝေါ်လ်တာက သူ့အလုပ်ကိုရောက်ဖို့ လမ်းဆက်လျှောက်ခဲ့ပါတယ်။ အဲဒီလို လမ်းလျှောက်နေတုန်း လမ်းမှာတွေ့တဲ့ ရဲအရာရှိ တစ်ယောက်က သူ့ကို အိမ်ပြောင်းဖို့ ခေါ်ထားတဲ့ အမျိုးသမီးရဲ့ နေအိမ်အထိ လိုက်ပို့ခဲ့ပါတယ်။ သူ ရောက်သွားတဲ့အချိန်က စောနေသေးလို့ လာမေဆိုတဲ့ အဲဒီအမျိုးသမီးက တခြားအိမ်ပြောင်းအိမ်ရွှေ့ အလုပ်သမားတွေ ရောက်မလာသေးခင် အပေါ်ထပ်မှာ နားဦးမလားလို့ သူ့ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဝေါ်လ်တာက မနားဘူးလို့ပြောပြီး ကုမ္ပဏီအထိ လမ်းဆက်လျှောက်ခဲ့ပါတယ်။

ဝေါ်လ်တာ ပြောပြလို့ ညလုံးပေါက် လမ်းလျှောက်လာတဲ့အကြောင်း သိသွားခဲ့တဲ့ လာမေဟာ ဝေါ်လ်တာကားနဲ့ပတ်သက်ပြီး ဖေ့ဘွတ်ခ်ပေါ်မှာ သူ့အတွေးကို ရေးခဲ့ပါတယ်။ ”ဝေါ်လ်တာနဲ့ သူ့ခရီးစဉ်က ကျွန်မစိတ်ကို ဘယ်လောက်လှုပ်ကိုင်ခဲ့လဲဆိုတာ ပြောမရနိုင်အောင်ပါပဲ။ သူက ရိုးရိုးကုပ်ကုပ်နဲ့ ကြင်နာတတ်သူပါ။ သူ့မှာ အိပ်မက်အကြီးကြီးတွေ ရှိနေတယ်။ အလုပ်ကြိုးစားပြီး စိတ်ဓာတ်ကြံ့ခိုင်တယ်။ ညသန်းခေါင်ယံအချိန်မှာ တစ်ယောက်တည်း လမ်းလျှောက်နေတုန်း သူ့စိတ်ထဲမှာ နောက်ပြန်လှည့်ချင်စိတ် ဘယ်နှစ်ခါလောက် ဖြစ်ခဲ့လဲဆိုတာ မတွေးတတ်ပါဘူး။ သူ့အတွေး မှန်သလားဆိုတာ ဘယ်နှစ်ခါလောက် ဇဝေဇဝါဖြစ်ခဲ့သလဲ။ လမ်းမှာ ထိုင်နားဖို့၊ လဲလျောင်းဖို့ နေရာရှာချင်တဲ့စိတ် ဘယ်နှစ်ခါလောက် ဖြစ်ခဲ့လဲ။ မနက်လင်းတဲ့အထိစောင့်ပြီး တစ်ယောက်ယောက်ကို လာကြိုခိုင်းဖို့ရော ဘယ်နှစ်ခါလောက် တွေးမိသေးလဲ။ ဒါပေမဲ့ သူကတော့ ဒီကိုရောက်တဲ့အထိ လျှောက်လာခဲ့ပါတယ်။ ဒီလူငယ်လေးကို ကျွန်မ အရမ်းလေးစားတယ်”လို့ လာမေက ပြောပါတယ်။

ဝေါ်လ်တာရဲ့မိသားစုဟာ ဟာရီကိန်းမုန်တိုင်း ကက်ထရီနာကြောင့် သူတို့နေအိမ် ဆုံးရှုံးသွားခဲ့လို့ လူဝီစီယားနားပြည်နယ် နယူးအော်လင်းမြို့ကနေ အလာဘားမားပြည်နယ်ကို ပြောင်းရွှေ့လာခဲ့ကြတာပါ။ လာမေက ဝေါ်လ်တာအကြောင်း ရေးရာမှာ သူ့ရဲ့ နောက်ကြောင်း ရာဇဝင်ကိုပါ ထည့်ရေးခဲ့ပါတယ်။ ဝေါ်လ်တာနဲ့ ပတ်သက်ပြီး ဖေ့ဘွတ်ပေါ်မှာ လာမေ ရေးသားထားတာကို Bellhops ကုမ္ပဏီ အမှုဆောင်ချုပ် လုခ်မက်ကလင်း တွေ့သွားပြီး ဝေါ်လ်တာရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုနဲ့ ပင်ကိုယ်စရိုက်ကို သဘောကျသွားခဲ့ပါတယ်။

”ဝေါ်လ်တာ ပြသခဲ့တဲ့ နှလုံးရည်နဲ့ ရဲစွမ်းသတ္တိက ကျွန်တော်တို့ Bellhops ကုမ္ပဏီရဲ့ဓလေ့ကို အတိအကျ အဓိပ္ပာယ်ဖွင့်ပြခဲ့ပါတယ်။ သူနဲ့ကျွန်တော် တစ်ဖွဲ့တည်း အလုပ် လုပ်ရလို့ ဂုဏ်ယူမိပါတယ်”လို့ လုခ်မက်ကလင်းက ပြောပါတယ်။ ကုမ္ပဏီမှာ ဝေါ်လ်တာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အားထုတ်နိုင်ဖို့အတွက် လုခ်မက်ကလင်းက သူစီးနေတဲ့ 2014 Ford Escape ကားကို ဝေါ်လ်တာအတွက် ပေးအပ်ခဲ့ပါတယ်။

ဝေါ်လ်တာအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀ ရအောင် ရည်ရွယ်ပြီး လာမေက GoFundMe လှုပ်ရှားမှုပြုလုပ်ခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အထိ ရရှိခဲ့ပါတယ်။ ”အခုချိန်ထိ ကျွန်တော် တုန်လှုပ်နေတုန်းပဲ။ လုခ်မက်ကလင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အကြောင်း အချိန်ပေးပြီး နားထောင်ခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘယ်လို စိန်ခေါ်မှုမျိုးပဲကြုံကြုံ အဲဒီစိန်ခေါ်မှုကို ခင်ဗျား ကျော်လွှားနိုင်တယ်ဆိုတာ လူတွေကို သိစေချင်ပါတယ်။ ကိုယ်ကိုယ်တိုင်က မဖြစ်နိုင်ဘူးလို့ မသတ်မှတ်သရွေ့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး”လို့ ဝေါ်လ်တာက ပြောပါတယ်။

အလုပ်အချိန်မီရောက်ရမယ်လို့ ဆုံးဖြတ်ချက်ခိုင်မာခဲ့တဲ့ လူငယ်တစ်ဦးကို ပတ်ဝန်းကျင် အသိုင်းအဝန်းက ဝိုင်းဝန်းကူညီရာကနေ သူ့ဘဝ အခြေအနေ ပြောင်းလဲသွားခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ ပတ်ဝန်းကျင်မှာရော . . .။

Ref: CNN ”He walked all night to be on time”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top