ကလေးများအပေါ် သကြားရဲ့ဆိုးကျိုးသက်ရောက်မှု (၄) ချက်

1-3.jpg

ချိုမြိန်တဲ့အရသာကိုမကြိုက်တဲ့သူဟာ အင်မတန်ရှားပါတယ်။ မုန့်ချိုချိုလေးတွေ၊ ချောကလက်ဖျော်ရည် ချိုချိုလေးတွေဆိုရင် လူကြီးကော ကလေးပါ တပ်တပ်မက်မက်စားချင်ကြတာပါပဲ။ ကလေးတွေဆိုရင် ပိုလို့ တောင် ကြိုက်ကြပါဦးမယ်။ သူတို့လေးတွေအချိုကြိုက်ကြတာဟာ မဆန်းပါဘူး။ ဒါပေမဲ့ ဒီချိုမြိန်မှုတွေရဲ့ နောက်ကကပ်ပါလာတတ်တဲ့ဆိုးကျိုးတွေဟာလည်း မနည်းဘူးဆိုတာတော့သိထားရပါမယ်။ သကြားကို လွန်လွန်ကဲကဲထည့်ထားတာကြောင့်သာ ဒီအစားအသောက်တွေက ဒီလောက်ချိုနေရခြင်းဖြစ်ပါတယ်။

ကလေးတွေသိပ်ကြိုက်တဲ့ ချောကလက်တွေ၊ အချိုရည်တွေမှာဆို သကြားဓာတ်ဟာ စိုးရိမ်ဖွယ်ရာ လွန်ကဲနေပါတယ်။ ဒါတင်မကဘဲ ကလေးတွေနေ့စဉ်သောက်နေတဲ့ အသင့်သောက်နို့နဲ့ မုယောနို့တွေမှာတောင် သကြားဓာတ်များနေတာကို တွေ့ရတတ်ပါတယ်။ ချိုတဲ့မုန့်တွေကို တတ်နိုင်သလောက်မကျွေးရင်တောင် မိဘတော်တော်များများဟာ ကလေးတွေကို ပိုမိုကျန်းမာစေလိုတာကြောင့် နို့ကိုတော့ တိုက်ကျွေးလေ့ရှိကြ ပါတယ်။

နို့တွေထဲမှာ Lactose လို့ခေါ်တဲ့ နို့သကြားဓာတ်အပြင် ပိုချိုစေဖို့ သဘာဝမဟုတ်တဲ့သကြားဓာတ် Sucrose တွေကို အချို့ထုတ်လုပ်သူတွေက ထပ်ထည့်သွင်း ထုတ်လုပ်ထားကြလို့ နို့တွေဟာ သကြားဓာတ် များနေရခြင်း ဖြစ်ပါတယ်။ အသင့်သောက်နို့က နေ့စဉ်တိုက်ကျွေးတဲ့အစားအစာတစ်ခုဖြစ်နေတာကြောင့် နေ့စဉ်တိုင်း ကလေးတွေရဲ့ ခန္ဓာ ကိုယ်ထဲကို မနည်းတဲ့သကြားပမာဏတစ်ခုရောက်သွားခြင်းဟာ မိဘတွေ စိုးရိမ်ရမယ့်အချက် တစ်ခုပါ။ ဒါကြောင့် ကလေးတွေအတွက် သကြားက ဘယ်လိုဆိုးကျိုးသက်ရောက်မှုတွေပေးနိုင်တယ်ဆိုတာ မိဘတွေသိထားနိုင်ဖို့ ဖော်ပြပေးပါရစေ။

(၁) ဆီးချိုရောဂါဖြစ်စေနိုင်ခြင်း

သကြားဓာတ်လွန်ကဲစွာစားသုံးခြင်းဟာ ဆီးချိုရောဂါဖြစ်စေနိုင်တယ်ဆိုတာကို လူအတော်များများ သိထားပြီး ဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ဆက်စပ်နေတဲ့ နောက်ဆက်တွဲကျန်းမာရေးပြသနာတွေဟာလည်း အင်မတန် များပါတယ်။ ဒီထဲကမှ ကလေးတွေနဲ့ အနီးစပ်ဆုံးတစ်ခုက အနာကျက်နှေးခြင်း ပါပဲ။ ကလေးတွေ ဆော့ကစားရင်းထိခိုက်ဒဏ်ရာရတဲ့အခါများမှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် အနာက တော်တော်နဲ့မကျက်တော့ပဲ ကြာလာတာနဲ့အမျှ ပိုးပါဝင်တတ်ပါတယ်။ သွေးတော်တော်နဲ့ မတိတ်တာ၊ အနာတော်တော်နဲ့ မကျက်တာတွေဟာ ဆီးချိုရောဂါကြောင့်လို့ ဆရာဝန်တွေက တွေ့ရှိထားပါတယ်။ သွေးထဲက သကြားဓာတ်တွေဟာ သွေး လည်ပတ်မှုကိုအနှောက်အယှက်ပေးပြီး အနာဖြစ်တဲ့နေရာကို သွေးရောက်နှေးစေ တဲ့အတွက် အရေပြားပြန်လည်ပြုပြင်ရာမှာကြာနေစေခြင်းဖြစ်ပါတယ်။

(၂) သွားပိုးစားခြင်း

သွားပိုးစားတာဟာ ကလေးတွေအကြားမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သွားထဲမှာရှိတဲ့ ဘက်တီးရီးယား ပိုးလေးတွေဟာ သကြားဓာတ်ကိုမှီဝဲပီး သွားကိုပျက်စီးစေတဲ့ အက်ဆစ်တွေထုတ်ကြတဲ့အတွက် သွားတွေကို ပျက်စီးလာစေပါတယ်။

(၃) ကိုယ်အလေးချိန်တိုးခြင်းနဲ့ အဝလွန်ရောဂါဖြစ်စေနိုင်ခြင်း

သကြားဓာတ်ဟာ ကာဘိုဟိုက်ဒြိတ်ဖြစ်တာကြောင့် ခန္ဓာကိုယ်တွင်းမှာ တဖြည်းဖြည်းနဲ့ အဆီအဖြစ်ကို ပြောင်းလဲသွားပါတယ်။ ကယ်လိုရီများပြီး အခြားအာဟာရဓာတ်လည်းနည်းတဲ့ ကာဘိုဟိုက်ဒြိတ်တွေ လိုအပ်တာထက်လွန်ကဲလာတဲ့အခါ ခန္ဓာကိုယ်အတွင်းမှာ အဆီတွေပိုများလာစေတဲ့အတွက် ကိုယ်အလေးချိန်တိုးစေပြီး ဒါဟာအဝလွန်ရောဂါရဲ့ အခြေခံလည်းဖြစ်ပါတယ်။

(၄) ကိုယ်ခံအားနည်းစေခြင်း

ခန္ဓာကိုယ်တွင်းသကြားဓာတ်လွန်ကဲခြင်းဟာ ကိုယ်ခံအားကိုယုတ်လျော့စေပြီး အပြင်ကဝင်လာတဲ့ ဘက်တီးရီးယားတွေကိုတိုက်ထုတ်ရာမှာ အားနည်းစေပါတယ်။ ဒါ့အပြင် မုန့်အချိုတွေကိုပဲကြိုက်နှစ်သက်ပြီး အစားရွေးတတ်တဲ့ကလေးတွေမှာဆိုရင် အာဟာရပြည့်ပြီး အခြားကိုယ်ခံအားကောင်းစေမယ့်အစားအစာတွေ စားသုံးမှုနည်းပါးတာကြောင့်လည်း ကိုယ်ခံအားနည်းတတ်ကြပါတယ်။

သတိမမူမိပဲကျွေးလိုက်မိတဲ့အစားအသောက်တွေ၊ ကျန်းမာစေလိုတာကြောင့်တိုက်ကျွေးတဲ့ နို့မှုန့်တွေထဲမှာပါတဲ့သကြားဓာတ်တွေဟာ မိမိတို့ရဲ့ ကလေးတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှု ရှိနိုင်တယ်ဆိုတာသိရှိနားလည်ထားနိုင်အောင် အထက်ပါအချက်တွေကို ဝေမျှပေးလိုက်တာပါ။ ဒါ့ကြောင့် ကျန်းမာတဲ့ကလေးတွေဖြစ်လာအောင်ပျိုးထောင်နိုင်ကြစေဖို့ မုန့်၊ ဖျော်ရည်၊ နို့ဗူးတွေဝယ်ယူတဲ့အခါ ပါဝင်ပစ္စည်းတွေနဲ့ ပါဝင်နေတဲ့ သကြားပမာဏများကို သေချာလေ့လာစိစစ်ပြီးမှ ရွေးချယ်တိုက်ကျွေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Ref: foxnews “4 shocking ways sugar affects your kids health”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top