ပန်ဂျပ်ပြည်နယ်မှာ သေနတ်လိုင်စင်လျှောက်သူတွေကို ပျိုးပင် (၁၀) ပင်စိုက်ခိုင်း

67414114_2510389792325259_5313764591224750080_n.jpg

သေနတ်နဲ့ ပျိုးပင်ဆိုတာ လားလားမျှမဆိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ကတော့ အဲဒီနှစ်ခုကိုချိတ်ဆက်ပြီး စီမံကိန်းတစ်ခုဖော်ဆောင်ခဲ့ပါတယ်။ ပန်ဂျပ်ပြည်နယ်ရဲ့ ဖာရိုဇီပူရ်ခရိုင်မှာ သေနတ်လိုင်စင်လျှောက်ထားသူတွေကို အနည်းဆုံး ပျိုးပင် (၁၀) ပင် စိုက်ပျိုးရမယ်လို့ သတ်မှတ်ထားတာ တစ်လရှိပါပြီ။ ”ပန်ဂျပ်ပြည်နယ်သားတွေက ကားတွေ၊ လက်နက်တွေ၊ ဖုန်းတွေကို ရူးသွပ်ကြတယ်။ သူတို့တွေ အပင်စိုက်ပျိုးမှုကိုရူးသွပ်လာဖို့လုပ်ကြရအောင်။ လမ်းတိုးချဲ့မှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေလို့ သစ်ပင်တော်တော်များများအခုတ်ခံခဲ့ရတယ်။ အခု သစ်ပင်ပြန်စိုက်ဖို့အချိန်တန်ပါပြီ”လို့ ခရိုင်ကော်မရှင်မင်းကြီး ချန်ဒါဂန်းက ပြောပါတယ်။

သေနတ်လိုင်စင်လျှောက်ထားသူတွေဟာ ပျိုးပင်တွေနဲ့အတူ ဆယ်လ်ဖီဓာတ်ပုံရိုက်ပြီးတင်ပြရပါတယ်။ ပျိုးပင် (၁၀) ပင်စိုက်တာနဲ့ သေနတ်လိုင်စင်ရမှာမဟုတ်ပါဘူး။ အဲဒီလိုလုပ်မှ လိုင်စင်ပေးဖို့ ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ဖြစ်တဲ့ ဇွန်လ (၅)ရက်နေ့က အဲဒီလို အမိန့်ထုတ်ပြန်ခဲ့တာပါ။

အမိန့်အတိုင်းလိုက်နာတဲ့သူများလာတော့မှ မီဒီယာတွေက ဒီကိစ္စကို အကျယ်တဝင့်ဖော်ပြခဲ့တာပါ။ လိုင်စင်ယူပြီး သေနတ်ကိုင်ဆောင်သူ (၃၆၀၀၀၀) ရှိတဲ့ ပန်ဂျပ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့ သေနတ်လိုင်စင်အများဆုံး ပြည်နယ်တွေထဲမှာ တတိယချိတ်နေပါတယ်။ အဲဒီလိုအမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ပျိုးပင်တွေနဲ့ ဆယ်လ်ဖီရိုက်ပြီး သေနတ်လိုင်စင်လျှောက်ထားသူ အနည်းဆုံး (၁၀၀) ရှိပါတယ်။

သေနတ်လိုင်စင်လျှောက်ထားသူတွေအနေနဲ့ ပျိုးပင်စိုက်ပြီး ဆယ်လ်ဖီရိုက်ရုံနဲ့ မပြီးသေးပါဘူး။ ပျိုးပင်တွေကို ဂရုတစိုက် ရေလောင်း၊ ပေါင်းသင်ကြောင်းသက်သေပြဖို့အတွက် နောက်တစ်လအကြာရင် အဲဒီပျိုးပင်တွေနဲ့ ဆယ်လ်ဖီရိုက်ပြီး လိုင်စင်ရုံးကိုတင်ပြရပါသေးတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top