ရုံတင်ရုပ်ရှင်အညွှန်း : Dimensions (မျက်နှာပြင်များ)

IMG_0480-Copy.JPG

သာကေတ Capital က Mega Ace မှာ ဒီနေ့ Dimensions (မျက်နှာပြင်များ) ရုပ်ရှင်  Press Show ပြလို့ ကြည့်ဖြစ်ခဲ့တယ်။ အစကတည်းက အချိန်ပေးပြီး သေချာ ရိုက်ကူးထားတဲ့ ရုပ်ရှင်လို့ ကြားထားရတဲ့ အတွက် ရုပ်ရှင်ကြည့်တဲ့ ပရိသတ်တွေကို ဘယ်လို ဆွဲခေါ်သွားမလဲ။ ဘယ်လို အသစ်တွေ ထပ်မြင်ရမလဲဆိုတဲ့ စိတ်နဲ့ သွားကြည့်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ကဲ ရုပ်ရှင်အကြောင်းကို သွားလိုက်ရအောင်။

ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်း မမှတ်မိဘဲ သူ လူသတ်သမားပါဆိုပြီး လာအဖမ်းခံတဲ့ လူတစ်ယောက်။ သူဘယ်သူတွေကို သတ်မိနေတာလဲ။ ဘာလို့ လူသတ်မိနေတာလဲဆိုတာလဲ သူမမှတ်မိပါဘူးတဲ့။ သူက ရိုးရိုး အတိတ်မေ့ ဝေဒနာသည်တစ်ယောက်လား။ သူက ဘယ်သူလဲ…။ ဒါတွေကိုတော့ Dimensions ရုပ်ရှင်ကို ကြည့်ရင် အဖြေပေါ်သွားမှာပါ။

 

 

အရင်တစ်ပတ်က လူကြည့်နှုန်းအများကြီး ရရှိခဲ့တဲ့ ဥပါယ်တံမျဉ် (Deception) တုန်းကလည်း ရုပ်ရှင်ကားကောင်း တစ်ကားအဖြစ် ပြည်တွင်းရုပ်ရှင်ချစ် ပရိသတ်အားလုံးက လက်ခံခဲ့ကြသလိုပဲ အခု Dimensions ရုပ်ရှင်ကလည်း ကြည့်ရှုသူတွေကို ကျေနပ်စေမယ့် ကားတစ်ကားလို့ ကြိုပြောပါရစေ။ ခါရာ၊ အဲလစ်အုန်း၊ ဂျာဆိုင်းအိန်၊ မင်းမြတ်စိုးစံ စတဲ့ လူသစ်တန်း သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုအားနဲ့ ကြိုးစားအားထုတ်မှုအားကိုတော့ ချီးကျူးရမှာပါ။ Dimensions ရုပ်ရှင်မှာဆိုရင် ဝါရင့် သရုပ်ဆောင်တွေအနေနဲ့ ဦးဝင်းမြိုင်နဲ့ ရဲမွန်တို့လောက်ပဲ ပါဝင်လာပြီး အကုန်လုံးက သရုပ်ဆောင်အသစ်တွေ ဖြစ်ပါတယ်။

 

IMG 0481 Copy

 

ဇာတ်လမ်း၊ ဇာတ်ညွှန်း နဲ့ ဒါရိုက်တာ က ဥာဏ်ထင် ဖြစ်ပြီး Bonanza Production နဲ့ Shutter Production တို့က ထုတ်လုပ်တာပါ။  ဇာတ်လမ်းအကြောင်း ပြောရမယ် ဆိုရင်တော့ အလှည့်အပြောင်းတွေ၊ ထင်မထားတဲ့ မြှုပ်ကွက်တွေကို တွေ့မြင်ရမယ့် အပြင်ကို ဒီရုပ်ရှင်က မြင်နေကျ ပုံမှန် မြန်မာရုပ်ရှင်ကားတွေနဲ့တော့ နည်းနည်းလေး ကွဲလွဲပါလိမ့်မယ်။ ဇာတ်လမ်းအစပိုင်းတွေမှာ စိတ်ရှည်လက်ရှည် စောင့်ကြည့်ပေးဖို့တော့ အကြံပေးချင်ပါတယ်။ ပျင်းစရာကောင်းတယ်လို့ ခံစားရနိုင်တာလည်း ရှိနိုင်တာမို့လို့ပါ။ ဒါပေမယ့် ဆက်မကြည့်ချင်အောင် ပျင်းစရာ ကောင်းတာမျိုးလည်း လုံးဝ မဟုတ်ပါဘူး။

 

IMG 0482 Copy

 

ဇာတ်ကောင် တည်ဆောက်မှုပိုင်းမှာဆိုရင်တော့ တော်တော်အားသာမှုရှိတာ တွေ့ရပါတယ်။ ခါရာ ရဲ့ ကာရိုက်တာ ဖြစ်တဲ့ လက်ျာမင်းညီ ဟာ အင်တာဗျူးမှာ ဖြေထားတဲ့အတိုင်း မတူညီတဲ့ စိတ်နေစိတ်ထားတွေ ရှိသူအဖြစ် သရုပ်ဆောင်ရတဲ့ နေရာမှာ သရုပ်ဆောင်အသစ်လို့တောင် မထင်ရအောင် တော်တော်ပြေပြေပြစ်ပြစ် သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။

အဓိကဗီလိန်ဇာတ်ကောင် ဝေလ အဖြစ်ပါဝင်ထားတဲ့ မင်းမြတ်စိုးစံ လည်း သူ့နေရာအတွက် တာဝန်ကျေပွန်ပါတယ်။ အခြား သရုပ်ဆောင်တွေကလည်း ကြီးကြီးမားမားအပြစ်ပြောစရာ မရှိအောင် ကိုယ့်နေရာနဲ့ကိုယ် အံဝင်ခွင်ကျ သရုပ်ဆောင်သွားကြတာကို တွေ့ရတယ်။

 

IMG 0483

 

နောက်ပြီး ဂီတပိုင်းမှာ အစောပိုင်းတောက်လျှောက် ဘာသီချင်းမှ မပါခဲ့ဘဲ ပထမဆုံး သီချင်း စထည့်လိုက်တဲ့ နေရာကတော့ တော်တော်ကို အံမကိုက်ဘူးလို့ဆိုရမှာပါ။ နောက်ပိုင်းမှာတော့ ပြန်အဆင်ပြေသွားပါတယ်။ အသံတည်းဖြတ်လည်း ကောင်းမွန်ပြီး အပြစ်ပြောစရာ သိပ်မရှိပါဘူး။

Pre Production ပိုင်းမှာ အချိန် (၆) လကျော်၊ ရိုက်ကူးချိန် သုံးလကျော်နဲ့ Post production ပိုင်းမှာ တစ်နှစ်ကျော် အချိန်ပေးထားတဲ့  ဒီဇာတ်ကားမှာ အဓိကကြည့်ရမှာကတော့ ဇာတ်အလှည့်အပြောင်း တွေပါဝင်တဲ့ ဇာတ်လမ်းတင်မကဘဲ အက်ရှင်ကားပီသတဲ့ လှုပ်ရှားတိုက်ခိုက်မှု ဇာတ်ကွက်တွေရော ပါပဲ။ ဟောင်ကောင် ရာဇဝတ်အက်ရှင်ကား တစ်ကားလို ပီပြင်တဲ့ ချခန်းတွေက မြန်မာကားတွေမှာ ရှားရှားပါးပါး တွေ့ရတာပါ။ လေထဲကို လက်သီးထိုးလိုက်တာနဲ့ ဂျွမ်းပစ်ပြတဲ့ ပုံစံတွေ တွေ့ရမှာမဟုတ်သလို ဇာတ်ကောင်နဲ့ ဇာတ်အိမ်တည်ဆောက်ထားတာက အက်ရှင်အသားပေးဆိုတော့ အဓိပ္ပါယ်မရှိဘဲ ဇာတ်လိုက်က နိုင်နေတာမျိုးလည်း မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံလို ရုပ်ရှင်အက်ရှင်ခန်းအတွက် ကျွမ်းကျင်နည်းပြတွေ သိပ်မသုံးတဲ့နေရာမှာ ဒီလောက်ကောင်းမွန်စွာ ရိုက်ပြနိုင်တာကိုပဲ ချီးကျူးပါတယ်။

 

IMG 0485

 

ဒါရိုက်တာနဲ့ သရုပ်ဆောင်အသစ်တွေ အင်တိုက်အားတိုက်ကြိုးစားထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်တာနဲ့အညီ Dimensions ဇာတ်ကားဟာ သပ်သပ်ရပ်ရပ်ထွက်လာတဲ့ ရှားရှားပါးပါး မြန်မာအက်ရှင်ကားကောင်းတစ်ကားလို့ ဆိုရမှာပါ။ Sci-fi (သိပ္ပံစိတ်ကူးယဉ်) ဖက်နွယ်ပေမယ့် ဘတ်ဂျက်ကြောင့် ဆက်တင်နဲ့ အထူးပြုလုပ်ချက်တွေကို ချွေတာထားတယ်လို့ ထင်ရပါတယ်။ ဒီဇာတ်ကားကိုသာ ဘတ်ဂျက်လုံလုံလောက်လောက်နဲ့ ရိုက်ကူးခဲ့ရင် အာရှအဆင့်မီ အက်ရှင်ကား တစ်ကားဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ Dimensions ရုပ်ရှင်ကိုတော့ လာမယ့် သောကြာနေ့မှာ ရုံတင်ပြသွားမှာပဲ ဖြစ်ပါတယ်။ ပုံမှန် အချစ်အလွမ်းအဆွေး ဇာတ်ကားမျိုး မဟုတ်တဲ့ ရုပ်ရှင်ကို စောင့်မျှော်နေတာဆိုရင်တော့ Dimensions ရုပ်ရှင်ဇာတ်ကားကို သွားကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။

Yoyarlay Rating : 7/10

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top