ကျော်ကြားသော ဘိုဇီနာ အန်တိုနီယာ၏ လူသိနည်းသည့် အချက် (၅) ချက်

65188278_321747432112321_7937880126069407744_n.jpg

ONE Championship ၏ မြန်မာကစားသမားများထဲတွင် ဘိုဇီနာ “တိုတို” အန်တိုနီယာသည် တစ်ဦးတည်းသော အမျိုးသမီးအားကစားသမားအဖြစ် ရပ်တည်လျက်ရှိသူဖြစ်သည်။ အသက် (၂၄) နှစ်သာ ရှိသေးသည့် အန်တိုနီယာသည် ပြိုင်ပွဲ (၃) ပွဲ ယှဉ်ပြိုင်ပြီးသည့်နောက်တွင် နှစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး လာမည့်ဇူလိုင်လအတွင်း စတုတ္တမြောက်ပွဲကို ယှဉ်ပြိုင်ကစားရတော့မည် ဖြစ်သည်။ ကြိုးဝိုင်းထဲတွင် အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် ပြိုင်ဘက်များကို ရဲရဲရင့်ရင့်ရင်ဆိုင်တတ်သူ အန်တိုနီယာနှင့် ပတ်သက်၍ လူသိနည်းသည့်အချက်များကို စုစည်းတင်ပြလိုက်ရပါသည်။

“တိုတို” ဆိုသည့် အမည်နာမ

အန်တိုနီယာသည် “တိုတို” ဟူသည့် ကြိုးဝိုင်းနာမည် ယူထားသလို ၎င်း၏ အသင်းကိုလည်း “Team Toto” ဟု အမည်ပေးထားသည်။ အဆိုပါ “တိုတို” ဆိုသည့် စကားလုံးသည် ၎င်း၏ နာမည်ဖြစ်သော အန်တိုနီယာ ဆိုသည့် စကားလုံးမှ အဖျားဆွတ်၍ ရယူထားခြင်း ဖြစ်သည်ဟု ကိုယ်တိုင်ရှင်းပြခဲ့သည်။ အန်တိုနီယာကဲ့သို့ ရိုမန် ကတ်သလစ် ခရစ်ယာန်ဘာသာဝင်အသိုင်းအဝိုင်းတွင် အဆိုပါနာမည်မျိုးမှာ ပုံမှန်မှည့်ခေါ်လေ့ရှိသည့် နာမည်မျိုးဖြစ်သော်လည်း အခြားဘာသာဝင်များအတွက် အလွယ်တကူမရင်းနှီးသည့် နာမည် ဖြစ်နေသည်ဟုလည်း ၎င်းကဆိုသည်။

ယင်းနာမည်ကိုကြားလျှင် မြန်မာဟု မထင်ကြဘဲ နိုင်ငံခြားသားတစ်ယောက်ဟုအထင်ခံရသဖြင့် ပရိသတ်များ ပိုမို ခေါ်ရလွယ်သည့်နာမည်တစ်ခုကို ရယူရန်စဉ်းစားမိခဲ့သည်။ ထို့ကြောင့် “အန်တိုနီယာ” ဆိုသည့် နာမည်မှတ်မိလွယ်ပြီး အလွယ်တကူ လူတိုင်းရင်းနှီးနိုင်သည့် “တို” ဆိုသည့် စကားလုံးကိုအဖျားဆွတ်ကာ “တိုတို”ဟူသည့် အမည် ၎င်းကိုယ်တိုင်ပေးခဲ့ခြင်းဖြစ်သည်။

အနုပညာဝါသနာကြီးသူ

အန်တိုနီယာသည် ငယ်စဉ်ကတည်းက အဆို၊ အက၊ သရုပ်ဆောင် အနုပညာအလုပ်များကို ဝါသနာပါခဲ့သူဖြစ်ပြီး ငယ်စဉ်ကသာ မိဘများကအားပေးခဲ့လျှင် အနုပညာသမားတစ်ဦးပင် ဖြစ်နိုင်ခဲ့သူဖြစ်သည်။ သို့သော် ကျေးလက်တောရွာတွင်နေထိုင်သည့် တိုင်းရင်းသားမိဘများက အန်တိုနီယာကို အနုပညာလောကထဲ ဝင်ခွင့်ပြုရန် စိတ်မချသဖြင့် အားကစားဘက်သို့အာရုံပြောင်းသွားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်ထိ အနုပညာဝါသနာပိုး ရှိနေသေးပြီး လူမှုကွန်ရက်ပေါ်တွင် Tik Tok ဗီဒီယိုဖိုင်အတိုလေးများ ရိုက်ကူးကာ သရုပ်ဆောင်ပြလေ့ရှိသူ အန်တိုနီယာ၏ ချစ်စရာ အမူအယာဟန်ပန်များကြောင့် ပရိသတ်များက တခဲနက် အားပေးကြသည်ကိုလည်း တွေ့ရသည်။ အန်တိုနီယာက လက်ရှိအချိန်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားဘက်ကိုသာ အာရုံစိုက်တော့မည်ဖြစ်ပြီး အနုပညာလောကထဲဝင်ရောက်ရန် စိတ်ကူးမရှိတော့ဟု ဆိုခဲ့သော်လည်း ကြော်ငြာများနှင့် အလှဓာတ်ပုံရိုက်ကူးမှုများအတွက် ကမ်းလှမ်းလာပါက လက်ခံဖြစ်မည်ဟု ဆိုထားသည်။

ကိုယ်ကာယလေ့ကျင့်ရေးဆရာမ

အန်တိုနီယာသည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကထဲမဝင်ရောက်မီက ကိုယ်ကာယလေ့ကျင့်ရေး အားကစားခန်းမများတွင် ဆရာမတစ်ဦးအနေဖြင့် အလုပ်လုပ်ခဲ့ဖူးသည်။ အနောက်တိုင်းလက်ဝှေ့တွင် ပြည်တွင်း ရွှေတံဆိပ်နှစ်ခုရရှိခဲ့ဖူးသလို ဆီးဂိမ်းပြိုင်ပွဲအတွက်ပင် စခန်းသွင်းလေ့ကျင့်ခြင်းခံခဲ့ရဖူးသည့် အန်တိုနီယာကို ကိုယ်ကာယလေ့ကျင့်ရေးအားကစားရုံများက နည်းပြဆရာမအဖြစ် ကမ်းလှမ်းခဲ့ကြသည်။

အန်တိုနီယာသည် Transcend ကိုယ်ကာယလေ့ကျင့်ရေးခန်းမတွင် အနောက်တိုင်းလက်ဝှေ့သင်ကြားပေးသည့် နည်းပြတစ်ဦးအနေဖြင့် နှစ်နှင့်ချီကာ အလုပ်လုပ်ခဲ့ဖူးသည်။ ထိုသို့လုပ်ကိုင်ခဲ့ခြင်းကပင် ၎င်းကို ONE Championship နှင့် နီးစပ်စေခဲ့ခြင်းလည်း ဖြစ်သည်။ ONE Championship ၏ သတင်းစာရှင်းလင်းပွဲ တစ်ခုကို အဆိုပါလေ့ကျင့်ရေးခန်းမတွင်ပြုလုပ်ခဲ့ရာ လက်ဝှေ့ချန်ပီယံဟောင်းတစ်ဦးဖြစ်သော အန်တိုနီယာကို သတိပြုမိခဲ့ပြီး ပြိုင်ပွဲတွင်ပါဝင်ထိုးသတ်ရန် ကမ်းလှမ်းခံခဲ့ရခြင်း ဖြစ်သည်။

အခင်ဆုံးသူငယ်ချင်း

အန်တိုနီယာ၏ ဘဝတွင် ခင်မင်ရင်းနှီးသည့် မိတ်ဆွေ သူငယ်ချင်း အမြောက်အမြားမရှိကြောင်း ၎င်းကိုယ်တိုင် ဝန်ခံခဲ့ဖူးသည်။ သို့သော် အဆိုပါနည်းပါးသည့်သူငယ်ချင်းများထဲတွင် အရင်းနှီးဆုံးတစ်ယောက်ဟု ကိုယ်တိုင် ထုတ်ဖော် ပြောကြားခဲ့သူတစ်ဦးမှာ ONE Championship ၏ လက်ရှိ အမျိုးသမီးစတောဝိတ်တန်းချန်ပီယံ Xiong Jing Nan ဖြစ်သည်။ အန်တိုနီယာနှင့် Xiong တို့သည် Bali MMA လေ့ကျင့်ရေးခန်းမတွင် အတူတကွ လေ့ကျင့်ရင်းမှ ရင်းနီးခင်မင်ခဲ့ကြခြင်းဖြစ်ကာ သွားအတူ၊ လာအတူ၊ စားအတူ၊ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်များ ဖြစ်ခဲ့ကြသည်။

Xiong သည် အန်တိုနီယာအတွက် အတုယူရသည့် စံပြအားကစားသမားတစ်ဦးလည်း ဖြစ်သည်။ ၎င်း၏ စာနာတတ်မှု၊ ကြင်နာတတ်မှုနှင့် အရှုံးမပေးတတ်သည့်စိတ်ထားများကို သဘောကျကြောင်း အန်တိုနီယာက ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။ Xiong က သူတပါးအပေါ်ကူညီရခြင်းကို သဘောကျပြီး စိတ်ထားကောင်းသူတစ်ဦးဖြစ်သည်ဟုလည်း ၎င်းက အမွှမ်းတင်ခဲ့သည်။ သို့သော် လတ်တလောတွင် Xiong သည် စင်ကာပူမှ Evolve အားကစားရုံတွင် သွားရောက်လေ့ကျင့်နေသဖြင့် အန်တိုနီယာ နှင့်အတူ ရှိမနေတော့ကြောင်းလည်း သိရသည်။

တိရစ္ဆာန်ချစ်တတ်သူ

ကြမ်းတမ်းသည့် ကိုယ်ခံပညာအားကစားကို ယှဉ်ပြိုင်ကစားနေသော်လည်း အန်တိုနီယာသည် အတွင်းစိတ်က နူးညံ့ပျော့ပြောင်းပြီး တိရိစ္ဆာန်ငယ်လေးများကို ချစ်တတ်သူတစ်ဦးဖြစ်သည်။ ၎င်း၏ ပတ်ဝန်းကျင်တွင် တွေ့သမျှ တိရိစ္ဆာန်တိုင်းနှင့် ဖက်လှဲတကင်း ရင်းရင်းနှီးနှီးရှိပြီး ၎င်းတို့နှင့်တွဲကာဓာတ်ပုံရိုက်၍ လူမှုကွန်ရက်ပေါ် တင်သည်ကိုလည်း မကြာခဏတွေ့ရသည်။

သို့သော် ၎င်းကိုယ်တိုင်မွေးမြူထားသည့်တိရိစ္ဆာန်ဟူ၍ မရှိသေးကြောင်း အန်တိုနီယာက ပြောပြခဲ့သည်။ အန်တိုနီယာက ၎င်းကိုယ်တိုင် တစ်ကိုယ်တော်လှုပ်ရှားရုန်းကန်နေရသူ ဖြစ်သဖြင့် တိရိစ္ဆာန်တစ်ကောင်ကို ဂရုတစိုက်ကျွေးမွေးပြုစုရန် မဖြစ်နိုင်သောကြောင့် မမွေးခြင်းဖြစ်သည်ဟုလည်း ရှင်းပြခဲ့သည်။ သို့သော် ၎င်း၏မိဘများက နေအိမ်တွင် တိရိစ္ဆာန်များမွေးလေ့ရှိပြီး အိမ်ပြန်ရောက်သည့်အခါ အဆိုပါတိရိစ္ဆာန်လေးများနှင့် ရင်းရင်းနှီးနှီး ကျွေးမွေးစောင့်ရှောက်လေ့ ရှိသည်ဟုလည်း ပြောပြခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top