ခွေးငယ်လေးတစ်ကောင်ကို သားသမီးရင်းပမာ မွေးမြူ စောင့်ရှောက်ထားတဲ့ မျောက်

monkey-adopts-puppy-erode-india-131.jpg

အိန္ဒိယနိုင်ငံ ရိုဒ်မြို့ကလူတွေကြားမှာတော့ ပိုင်ရှင်မဲ့ ခွေးငယ်တစ်ကောင်ကို မွေးစားထားတဲ့ မျောက်တစ်ကောင်ရဲ့အကြောင်းက ပျံ့နှံ့လို့ နေပါတယ်။ စတွေ့ကြစဉ်တုန်းက အံ့အားသင့်နေခဲ့ကြပေမဲ့ အခုတော့ ဒီ တိရိစ္ဆာန် နှစ်ကောင်ရဲ့ကြားက ထူးခြားတဲ့ မေတ္တာတရားကို မြို့ခံလူတွေက သဘောပေါက်လာကြပါပြီ။

မျောက်က ခွေးငယ်လေးကို သူ့ရဲ့သားသမီးရင်းချာလို ရင်အုပ်မကွာ အမြဲ စောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ်။ သူတို့နှစ်ကောင် ဘယ်လိုဆုံဆည်းခဲ့ကြတယ်ဆိုတာကို ရေရေရာရာ မသိရပေမဲ့ လမ်းပေါ်မှာပဲ မွေးဖွားခဲ့ပုံရတဲ့ ခွေးလေးက အခုဆိုရင် ကျွေးမွေးစောင့်ရှောက်သူ ရသွားပြီလို့ ဆိုရမှာပါ။

မျောက်ဟာ ခွေးငယ်လေးကို သူ့မျက်စိအောက်ကနေ ခဏတောင်အပျောက်မခံဘဲ တခြား ခွေးကြီးတွေရဲ့ အန္တရာယ်ကနေလည်း ကာကွယ်ပေးထားပါတယ်။ သတိထားမိလာတဲ့လူတချို့က သူတို့အတွက် အစာ လာချကျွေးတတ်ကြပြီး ဒီအခါမှာ မျောက်က ခွေးငယ်လေးကိုပဲ ဦးစားပေး စားစေတာကို တွေ့ကြရပါတယ်။

“သူတို့ရဲ့ အပြန်အလှန်တွယ်တာမှုက ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့ နမူနာကောင်း တစ်ခုကို ပြသနေပါတယ်” လို့ Zee News က ဖော်ပြခဲ့ပါတယ်။

စောင့်ရှောက်သူမဲ့ ခွေးငယ်လေးကို မိဘလို တာဝန်ယူ စောင့်ရှောက်ပေးလိုတဲ့ မျောက်အတွက်တော့ မျိုးနွယ် ကွဲပြားခြားနားခြင်းက အတားအဆီး ဖြစ်မနေခဲ့ပါဘူး။ ဒီအဖြစ်ကြောင့် မေတ္တာ၊ ကရုဏာနဲ့ စာနာရိုင်းပင်းလိုမှုတွေအတွက် ဘယ်လို ကန့်သတ်တားဆီးမှုမှ ရှိမနေဘူးဆိုတာကိုလည်း ကျွန်တော်တို့ အထင်အရှား မြင်တွေ့နိုင်ပါတယ်။

Ref: One Green Planet “This Monkey Found a Homeless Puppy Living on the Street and Decided to Adopt Him as His Own!”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top