၇၆ နှစ်အကြာမှ မိသားစုထံရောက်ရှိလာခဲ့တဲ့ အမေရိကန်စစ်သားတစ်ဉီးရဲ့စာတစ်စောင်

letter.jpg

ပြီးခဲ့တဲ့လက အိန်ဂျယ်လီနာ ကွန်ဆယ်ဗီစ် (Angelina Gonsalves) ဆိုတဲ့ အမျိုးသမီးဟာ အမေရိကန်စာပို့လုပ်ငန်းကနေ မမျှော်လင့်ထားတဲ့ပါဆယ်ထုတ်တစ်ခုလက်ခံရရှိခဲ့ပါတယ်။ အဲဒါကတော့ ၁၉၄၅ ခုနှစ်က သူ့ရဲ့ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း နိုင်ငံရပ်ခြားမှာ တပ်ဖြန့်ထားစဉ် သူ့ရဲ့မိခင်ဆီ ရေးခဲ့တဲ့ စာတစ်စောင်ပါ။ 

အဲဒီစာကို ရေးခဲ့တုန်းက အိန်ဂျယ်လီနာရဲ့ခင်ပွန်းက အသက် ၂၂ နှစ် အရွယ် တပ်ကြပ်ကြီးတစ်ယောက်ပါ။ တပ်ကြပ်ကြီး ဂျွန် ကွန်ဆယ်ဗီစ် (John Gonsalves) က မကြာခင် မက်ဆာချူးဆက်ပြည်နယ်ရှိ သူ့ရဲ့အိမ်ကို ပြန်လာတော့မယ်ဆိုတာကို သူ့မိခင်ဆီ အသိပေးရင်း စာရေးသားပေးပို့နေခဲ့တာပါ။

စာက ၁၉၄၅ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ဖြစ်ပြီး သူ့မိခင်ရဲ့အိမ်ကို ရောက်ရှိမလာခဲ့ပါဘူး။ ဒါပေမဲ့ ၇၆ နှစ်နဲ့ ၃ ရက်အကြာမှာတော့ မမျှော်လင့်ဘဲနဲ့ အဲဒီစာကို သူ့ရဲ့ဇနီးဆီ USPS စာပို့လုပ်ငန်းက ပေးပို့လာခဲ့ပါတယ်။ အိန်ဂျယ်လီနာနဲ့ ဂျွန်တို့ဟာ အဲဒီစာရေးတဲ့အချိန်တုန်းက အချင်းချင်းမသိခဲ့ကြပါဘူး။ သူတို့နှစ်ဉီးက ၁၉၅၃ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သား (၅) ယောက်ရှိပါတယ်။ ၂၀၁၅ခုနှစ် အသက် ၉၂ နှစ်မှာ ဂျွန် ကွယ်လွန်သွားခဲ့ပါတယ်။ 

စာမျက်နှာ (၂) မျက်နှာ ပါတဲ့ စာမှာ ဂျွန်က Bad Orb မြို့လေးမှာ အစားအသောက်နဲ့ ရာသီဥတုအကြောင်း ပြောပြထားတာပါ။ နေမထွက်တဲ့အကြောင်း၊ တစ်လကို နေ့တစ်ဝက်လောက်တော့ နေထွက်တာကို မြင်ရတဲ့အကြောင်း ရေးထားပါတယ်။ မိသားစုဆီ ချစ်ခြင်းမေတ္တာတွေ ပေးပို့ခြင်းဖြင့် စာကို အဆုံးသတ်ထားပါတယ်။ စာအိတ်ရဲ့အရှေ့ဘက်မှာ ခြောက်ဆင့်တံဆိပ်ခေါင်းတစ်ခုပါရှိပါတယ်။

အဖေရဲ့စာကို ဖတ်နေရင်း သူ့အမေရဲ့မျက်နှာ ဝင်းလက်လာတာ မြင်ရတာ ဝမ်းသာမိတယ်လို့ အိန်ဂျယ်လီနာနဲ့ဂျွန်တို့ရဲ့သား ဘရိုင်ယန် ကွန်ဆယ်ဗီစ် (Brian Gonsalves) က ပြောပါတယ်။

ဒီလောက်နှစ်အကြာကြီး အဲဒီစာ ဘယ်ရောက်နေလဲဆိုတာကတော့ မရှင်းလင်းပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ဒီစာကို USPS Pittsburgh စီမံဆောင်ရွက်ရေးစင်တာမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဂျွန်ရဲ့စာနဲ့အတူပါလာတဲ့ USPS ရဲ့စာတစ်စောင်မှာ ဆိုထားပါတယ်။ စင်တာက ဝန်ထမ်းတွေဟာ စစ်သားတစ်ယောက်ရဲ့စာရဲ့အရေးပါမှုကို သိတဲ့အတွက်ရော ဒီစာကို မိသားစုသမိုင်းကြောင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက်ပါ ဂျွန်ရဲ့ဆွေမျိုးတွေကို စုံစမ်းပြီး ပေးပို့ခဲ့တာဖြစ်ပါတယ်။ “၂၀၁၅ခုနှစ််က မင်းရဲ့ခင်ပွန်းဆုံးပါးသွားတာကို သိခဲ့ရတဲ့အတွက် ထပ်တူထပ်မျှဝမ်းနည်းရပါတယ်။ စာပို့ဝန်ထမ်းတွေရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် မင်းရဲ့လိပ်စာကို သိခဲ့ရပြီး ၇၆ နှစ် နှောင့်နှေးကြန့်ကြာပြီးမှ ဒီစာကို ပေးပို့လိုက်ရပါတယ်။ မင်းတို့မိသားစုအတွက် အဓိပ္ပာယ်ရှိတာကြောင့် ဒီစာကို ပေးပို့ရတာ ကျွန်တော်တို့အတွက် အရေးကြီးလှပါတယ်” လို့ USPS က ရေးသားထားပါတယ်။

အိန်ဂျယ်လီနာက ဒီစာကို ဒီဇင်ဘာ ၉ ရက်နေ့က လက်ခံရရှိခဲ့တဲ့အတွက် ခရစ်စ္စမတ်လက်ဆောင်ကောင်းတစ်ခုဖြစ်ခဲ့တယ်လို့ ဘရိုင်ယန်က ဆိုပါတယ်။ 

Ref: CNN “A letter from an American soldier has been delivered to his family — 76 years after he mailed it”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top