အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့က ဂျွန်ပက်ဖ် (John Pfaff) ဆိုသူဟာ သူတို့အရွယ်လူတွေရဲ့ငယ်ဘဝကို ပြန်ပြောင်းအောက်မေ့စရာဖြစ်စေဖို့ သူ့ရဲ့ ဆယ်စုနှစ်သုံးခုစာသက်တမ်းရှိ Apple IIe ကွန်ပျူတာအဟောင်းပုံတွေကို တွစ်တာမှာတင်ခဲ့ပါတယ်။ အဲဒီကွန်ပျူတာကို ဖုန်သုတ် သန့်စင်ပြီး ဖွင့်ကြည့်တဲ့အခါ ကောင်းကောင်းကြီးအလုပ်လုပ်သေးတာကိုလည်း သူက အံ့သြခဲ့ရပါတယ်။


“ဂိမ်းခွေအဟောင်းတစ်ခုကိုထည့်ဖွင့်တော့ အရင်ဆော့လက်စ မှတ်ထားတာကို ပြန်ဆော့မလားလို့တောင် မေးသေးတယ်။ ကွန်ပျူတာက နှစ် (၃၀) လောက်သက်တမ်းရှိနေပြီလေ..ကျွန်တော်လည်း ဆယ်နှစ်သားတစ်ယောက်လို ပြန်ဖြစ်သွားတယ်” လို့ ပက်ဖ်က တွစ်တာမှာရေးထားခဲ့ပါတယ်။
Apple IIe ဟာ ၁၉၈၃ ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Apple II series ရဲ့ တတိယမျိုးဆက်ကွန်ပျူတာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ အဲဒီကွန်ပျူတာမော်ဒယ်အားလုံးကို ထုတ်လုပ်ရောင်းချမှုရပ်ဆိုင်းခဲ့ပါတယ်။

၁၉၇၈ ခုနှစ်ထုတ် စာသားနဲ့ညွှန်ကြားတဲ့ကစားနည်း Adventureland ကို ပြန်ဖွင့်ကြည့်ပြီး ကွန်ပျူတာဖန်သားပြင်ပေါ်ကသဲလွန်စကိုဖတ်ရင်း “လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက ဒီဂိမ်းရဲ့ ဘယ်နေရာကနေထွက်ထားခဲ့တယ်ဆိုတာကိုမမှတ်မိတော့ သတိထားပြီးစဉ်းစားရမယ်” လို့လည်း ပက်ဖ်က တွေးမိခဲ့ပါတယ်။
အခုလိုမျိုး နှစ်များစွာသက်တမ်းရှိနေတဲ့ကွန်ပျူတာအဟောင်းကို ပြန်စမ်းသပ်ဖွင့်သုံးကြည့်ရာမှာ ဂိမ်းအဟောင်းတွေကိုပြန်တွေ့ခဲ့ရတဲ့အပြင် မှတ်ထားဖူးတဲ့ အထက်တန်းကျောင်းသင်ခန်းစာမှတ်တမ်းတွေနဲ့ သူ (၁၁) နှစ်အရွယ်မှာ ဖခင်ကရေးပေးခဲ့တဲ့စာတစ်စောင်ကိုပါ ပြန်ရှာတွေ့ခဲ့ပါသေးတယ်။

iPhone X ကိုသုံးနေပြီဖြစ်တဲ့ခေတ်မှာ နေထိုင်နေကြတဲ့ သားသမီးတွေကို သူ့ရဲ့စနစ်ဟောင်းကွန်ပျူတာနဲ့ မိတ်ဆက်ပေးကြည့်တဲ့အခါ ပက်ဖ်ပြန်ရလိုက်တဲ့ တုံ့ပြန်မှုကေ သူထင်ထားတဲ့အတိုင်းပါပဲ။ ကလေးတွေက ဒီကွန်ပျူတာကို ကွန်ပျူတာလို့တောင် မထင်မိကြပါဘူး။
“ကျွန်တော့်ရဲ့အသက် (၉) နှစ်အရွယ်အကြီးဆုံးကလေးက “‘ဒါကြီးက ကွန်ပျူတာတဲ့လား” လို့ တအံ့တသြမေးတော့တာပဲ…Floppy Drives တွေကိုလက်ထိုးပြပြီး “ဒါတွေကကော ဘာတွေလဲ” လို့မေးသေးတယ်။ အငယ်အမွှာနှစ်ယောက်ကတော့ ဒီပစ္စည်းက သူတို့အတွက် အထူးအဆန်း၊ ရူးနှမ်းနှမ်းပစ္စည်းတစ်ခုလို့ မြင်နေကြတယ်ထင်ရဲ့..ရယ်ပဲရယ်နေကြတော့တယ်” လို့ ပက်ဖ်က ပြောပြထားခဲ့ပါတယ်။
Ref: CNN Business “Man discovers 30 year old Apple computer still in working order”
TH (ရိုးရာလေး)

