တရုတ်မြစ်ထဲ ရေနစ်နေတဲ့အမျိုးသမီးကို ကယ်တင်ပေးခဲ့လို့ ဟီးရိုးအဖြစ်သတ်မှတ်ခံနေရတဲ့ ဗြိတိန်သံတမန်

17-11-2020-yyl-025.jpg

တရုတ်နိုင်ငံမှာ ဗြိတိန်သံတမန်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၆၁ နှစ်အရွယ် စတီဖန် အယ်လစ်ဆန် (Stephen Ellison) ဟာ ရေနစ်နေတဲ့အမျိုးသမီးတစ်ဦးကို ကယ်တင်ဖို့အတွက် တရုတ်မြစ်ထဲကို ခုန်ချခဲ့တာကြောင့် သူ့ကို ဟီးရိုးအနေနဲ့ သတ်မှတ်နေကြတဲ့အပြင် ရဲရင့်တဲ့သံတမန်ဖြစ်တယ်လို့လည်း ချီးမွှမ်းနေကြပါတယ်။ ချုံချင့်မြို့မှာ ဗြိတိန်ကောင်စစ်ဝန်ချုပ်ဖြစ်လာဖို့လည်း လျာထားခံနေရပါတယ်။

စနေနေ့က ဗြိတိန်သံတမန် စတီဖန်ဟာ Zhongshan ရှေးဟောင်းမြို့ကို အလည်အပတ်သွားရင် ခရီးသွားဧည့်သည်တစ်ဦး ရေထဲပြုတ်ကျသွားတာကို မြင်တွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီခရီးသွားဧည့်သည်အမျိုးသမီးက ရေနစ်ပြီး ပေါလောပေါ်နေတဲ့အတွက် စတီဖန်က ကယ်တင်ဖို့အတွက် ရေစီးသန်တဲ့မြစ်ထဲကို ခုန်ချခဲ့ပါတယ်။ တရုတ်လူမှုကွန်ယက်အကောင့်မှာ ပျံ့နှံ့နေတဲ့ ဗြိတိန်သံတမန်ကယ်တင်ခဲ့တဲ့ဗီဒီယိုမှာ အခြားသူတွေရဲ့အော်ဟစ်သံတွေလည်း ကြားရနိုင်ပါတယ်။ ဗီဒီယိုထဲမှာ တွေ့ရတာက အမျိုးသမီးတစ်ဦး ရေစီးသန်တဲ့ရေစီးကြောင်းကို ရုန်းကန်နေတာပါ။ စတီဖန်က မြစ်ထဲခုန်ချပြီး အမျိုးသမီးဆီကို ရေကူးသွားကာ ဘေးကင်းစွာနဲ့ ဆွဲခေါ်ကယ်တင်ပေးခဲ့တာကိုလည်း တွေ့ရတဲ့အပြင် အနီးနားမှာရှိနေတဲ့သူတွေကလည်း ကယ်ဆယ်ရေးအတွက် အကူအညီပေးနိုင်မယ့် ရာဘာကွင်းကိုလည်း ပစ်ချပေးခဲ့ပါတယ်။

အဲဒီအမျိုးသမီးကို စတီဖန် ရေထဲကနေကယ်တင်ပေးခဲ့ပြီးတဲ့နောက်မှာ ရှေ့ဦးသူနာပြုနည်းနဲ့လည်းအရေးပေါ်ကယ်တင်ပေးခဲ့ပါတယ်။ ရေနစ်နေတဲ့အမျိုးသမီးကို ကယ်တင်ပေးခဲ့သူက ဗြိတိန်သံတမန် စတီဖန်ဖြစ်တဲ့အပြင် အမျိုးသမီးကလည်း မြန်မြန်ဆန်ဆန် သတိပြန်ရလာပြီးအသက်ရှုလာကာ ဘာမှထိခိုက်ဒဏ်ရရတာမရှိဘူးလို့ ဗြိတိန်ကောင်စစ်ဝန်ရုံးက အတည်ပြုပေးခဲ့ပါတယ်။ ဗြိတိန်သံတမန် စတီဖန် အယ်လစ်ဆန်ရဲ့ဟီးရိုးဆန်တဲ့လုပ်ရပ်ကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေက ချီးကျူးထောပနာပြုနေကြပါတယ်။ “သူက တကယ်ကြင်နာပြီး ရဲရင့်တာပဲ”၊ “ရေထဲခုန်မချခင်မှာ သူ့နာရီချွတ်ဖို့တောင် အချိန်မပေးခဲ့ဘူး”လို့လည်း လူမှုကွန်ယက်အသုံးပြုတွေက ရေးသားပြောဆိုနေကြပါတယ်။

ဗြိတိန်သံတမန် စတီဖန်က တရုတ်နိုင်ငံမှာ အလုပ်လုပ်ရင်း နေထိုင်နေတာ (၉) နှစ်ရှိနေပါပြီ။ သူဟာ နယူးကာဆယ်မြို့မှာ မွေးဖွားခဲ့ပြီး လွန်ခဲ့တဲ့ ၆ နှစ်က ပေကျင်းမြို့ဗြိတိန်သံရုံးရဲ့ နိုင်ငံတကာကုန်သွယ်ရေးဌာနကို ဝင်ရောက်ခဲ့ပါတယ်။ စတီဖန်က 2019 Beijing International Triathlon (နိုင်ငံတကာရေကူး၊စက်ဘီးစီးနဲ့အပြေးပြိုင်ပွဲ) မှာ အနိုင်ရရှိခဲ့ဖူးပါတယ်။

Video ကြည့်ရှုရန်

Ref: TheSun”WATER HERO Incredible moment hero Brit diplomat jumps in to save drowning woman floating face down in Chinese river”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top