ကင်ဂျုံအန်နဲ့ ဒေါ်နယ်ထရမ့်တို့ရဲ့ စကားစစ်ထိုးပွဲတွေ အရှိန်မြှင့်လာတာနဲ့ တစ်ပြိုင်နက် ဂျပန်နိုင်ငံကလည်း ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နေပါတယ်။ ဥပမာပြရမယ်ဆိုရင် ဂျပန်နိုင်ငံမြောက်ဘက်ပိုင်း ရာမာဂါတာ နယ်(Yamagata Prefecture) ဆာကာတာ မြို့(Sakata) မှာဆိုရင် အချက်ပေးဥဩသံ မြည်လာတာနဲ့ မူလတန်းကျောင်းသား၊ ကျောင်းသူလေးများဟာ ကစားကွင်းမှ ပြေးထွက်လာကြပြီး ပိုပြီးလုံခြုံရာ အားကစားရုံသို့ ပြေးလွှားကြပါတယ်။ ဒါ့အပြင် တခြားသောပြည်သူများဟာလည်း နံရံတွေနားပြေးထွက်ခြင်း၊ လယ်ကွင်းတွေကြားပြေးလွှားခြင်းနဲ့ အများပြည်သူအချက်ပေးရေးစနစ်ကလည်း ပြည်သူတွေကို လုံခြုံရာမှာ ပုန်းခိုဖို့ အချက်ပေးဆော်ဩခြင်းကို လေ့ကျင့်ကြပါတယ်။
မြေငလျင်လှုပ်ခြင်းနဲ့ ဆူနာမီအန္တရာယ်တွေကြားမှာ ဂျပန်ပြည်သူတွေဟာ အသားကျပြီး အန္တရာယ်ကို ရှောင်လွှားတတ်ဖို့ အလေ့အကျင့်ရှိနေပေမဲ့ ယခုချိန်မှာတော့ ဂျပန်ပြည်သူတွေအတွက် ကြောက်စရာ နောက်ထပ်တစ်ခု ထပ်တိုးလာပါပြီ။ ဒါကတော့ မြောက်ကိုးရီးယားရဲ့ ဒုံးကျည်တွေပါပဲ။
ပြီးခဲ့တဲ့အပတ်တုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားရန်စမှုများကို “ဒေါသအမျက်မီး” နဲ့ ကြုံတွေ့ရမယ်လို့ သတိပေးပြီးနောက်မှာ ပြုံယမ်းကလည်း အားကျမခံ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်း(Guam) ကို နူဒုံးကျည်များနဲ့ ပစ်လွှတ်မယ်လို့ တန်ပြန်ပြောဆိုခဲ့ပါတယ်။ ဒီလို ခြိမ်းခြောက်နေကြတဲ့ စကားများကြားမှာ ဂျပန်နိုင်ငံဟာ စိုးရိမ်စရာ အနေအထားတစ်ရပ်ကို ကြုံတွေ့လာရပါတော့တယ်။
ဒီနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၁၄ လုံး လုံးဟာ ဂျပန်ကမ်းရိုးတန်းအနီးမှ ပွတ်ကာသီကာ ပျံသန်းနေကြပြီး ၁၉၉၈ ခုနှစ်တုန်းကလည်း မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်လုံးဟာ ဂျပန်ပိုင်နက်ကို ကျော်ကာဖြတ်သန်းသွားပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ ပေါက်ကွဲသွားခဲ့ပါတယ်။
ကျွမ်းကျင်သူများရဲ့ အဆိုအရ မြောက်ကိုရီးယားက ဂျပန်နိုင်ငံကို တိုက်ရိုက် ဒုံးကျည်ပစ်လွှတ်မယ်ဆိုရင် ဂျပန်ပြည်သူတွေအနေနဲ့ ဒုံးကျည်အန္တရာယ်ကို တုံ့ပြန်ဖို့ အချိန် ၁၀ မိနစ်အောက် သာရရှိမှာ ဖြစ်ပါတယ်။ ပြုံယမ်းဟာ လတ်တလောမှာလည်း သူရဲ့ ဟွာဆောင် ၁၂ ဒုံးကျည် (Hwasong-12) ၄လုံးဟာ ဂျပန်ပိုင်နက်တွေဖြစ်တဲ့ ဟီရိုရှီးမား အပါအဝင် အခြား ဂျပန်ပြည်နယ်သုံးခုကို ကျော်လွန်ကာ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းကို ပစ်လွှတ်နိုင်တယ် လို့ပြောဆိုခဲ့ပါတယ်။
ဒီလို ပြောဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးဖြစ်သူ အစ်ဆူနိုရီ အိုနိုဒါရာ ( Itsunori Onodera) က ဂျပန်နိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ဂျပန်ပိုင်နက်ပေါ်က ဖြတ်သန်းသွားတဲ့ ဘယ်ဒုံးကျည်ကိုမဆို ပစ်ချနိုင်ခွင့်ရှိတယ်လို့ သတိပြန်ပေးခဲ့ပါတယ်။ ဒါအပြင် လက်တွေ့လုပ်ဆောင်ချက် တစ်ခုအနေနဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးဟာ ဂျပန်ပြည်နယ် ၄ ခုမှာ ဒုံးကျည်တန်ပြန်တိုက်ဖျက်ရေး စနစ်များကို တပ်ချထားခဲ့ပါတယ်။
တိုကျိုရှိ Temple တက္ကသိုလ်မှ အာရှတိုက်ရေးရာ ကျွမ်းကျင်သူ ဂျက်ဖ်ကင်းစတန်(Jeff Kingston) ကတော့ လွန်ခဲ့တဲ့ ၇၂ နှစ်ကတည်းက ဟီရိုရှီးမားနဲ့ နာဂါစာကီ တို့မှာ နူကလီးယား ဗုံးအတွေ့အကြုံများ ခံစားဖူးတဲ့အတွက် ဂျပန်ပြည်သူများဟာ နူကလီးယား ဒုံးကျည်များကို ကြောက်လန့်နေကြပြီး “မြောက်ကိုရီးယားဟာ အမေရိကန်ပိုင် ဂူအမ်ကျွန်းနားကို နူဒုံးကျည်ပစ်မယ့်လမ်းဟာ ဂျပန်ပိုင်နက်တစ်ချို့ကိုကျော်ဖြတ်သွားမယ်လို့ နာမည်တပ်ပြီးပြောတော့ ဂျပန်ပြည်သူတစ်ရပ်လုံးဟာ ခြောက်ခြားနေကြပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ဟီရိုရှီးမားနဲ့ နာဂါစာကီကို သွားရောက်တဲ့ခရီးစဉ်မှာ ဂျပန်နိုင်ငံရဲ့ လက်ရှိ ဝန်ကြီးချုပ်ဖြစ်သူ ရှင်ဇို အာဘေး (Shinzō Abe) ဟာ ကမ္ဘာလုံးဆိုင်ရာ နူကလီးယားလက်နက် ထိန်းချုပ်ရေးအကြောင်းကို ပြောဆိုခဲ့ပြီး ဂျပန်နိုင်ငံက ဒီအရေးကို အခိုင်အမာထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ဂျပန်ပြည်သူအများစုဟာ အမေရိကန်နိုင်ငံရဲ့ စစ်ပွဲမဖြစ်အောင် ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်ကို ယုံကြည်မှု လျော့ကျနေကြပြီး မြောက်ကိုရီးယားကိုသာမက အမေရိကန်နိုင်ငံနဲ့ ဂျပန်အစိုးရရဲ့ လုပ်ဆောင်ချက်များကိုလည်း သတိကြီးစွာ စောင့်ကြည့်လျက်ရှိနေပါတယ်။
Ref : Guardian News : Japan fears the once distant threat of North Korean missiles is becoming real
လူမို (ရိုးရာလေး)