သားအရင်းလိုမျိုး ရှားပါးရောဂါခံစားနေရတဲ့ ကောင်လေးကို မွေးစားခဲ့တဲ့ စုံတွဲ

17-12-2020-yyl24.jpg

မွေးကင်းစကတည်းက စွန့်ပစ်ခံခဲ့ရတဲ့ တရုတ်နိုင်ငံက ရှားပါးမျိုးရိုးဗီဇရောဂါနဲ့ ကောင်လေးကတော့ သူ ထာဝရနေထိုင်လို့ရမယ့်အိမ်ကို ရှာတွေ့သွားခဲ့ပါပြီ။ အခုနှစ်အစောပိုင်းမှာ ကင်တပ်ကီပြည်နယ်က မိုနီကာ နဲ့ ဂျော့ချ် ပိုနီတာ ဆိုတဲ့ စုံတွဲတစ်တွဲက အသက် ၉ နှစ်အရွယ် ထရေးကို မွေးစားခဲ့တာပါ။ သူတို့ရဲ့သားအရင်း တပ်ချ် (Tag) ကလည်း ထရေး လိုမျိုး ရှားပါးမျိုးရိုးဗီဇရောဂါရှိသူတစ်ယောက်ပါပဲ။

သူတို့စုံတွဲကလည်း နောက်ထပ်သားတစ်ယောက်ရတာကို ကြိုက်တဲ့အပြင် သူတို့ရဲ့သားကလည်း အစ်ကိုတစ်ယောက်ရတာကို သဘောကျနေတာဖြစ်ပြီး သူတို့မိသားစုအတွက် ထရေးက ဘယ်လောက်အဓိပ္ပာယ်ရှိတယ်ဆိုတာ စကားလုံးနဲ့တောင် ဖော်ပြဖို့ခက်တယ်လို့ ဂျော့ချ်က ပြောပါတယ်။ ထရေးနဲ့ တပ်ဂျ်တို့ နှစ်ဦးစလုံးက ပြင်းထန်တဲ့ Hemophilia Type A ရောဂါ (သွေးမတိတ်ရောဂါ) ရှိတဲ့သူတွေပါပဲ။ ဒီရောဂါက ရုတ်တရက်သွေးထွက်စေပြီးသွေးမတိတ်တာမျိုးတွေဖြစ်စေပြီး ဘဝတစ်လျှောက်လုံး ကုသမှုခံယူရမှာဖြစ်ပါတယ်။ တပ်ဂျ်က (၂) ရက်သားအရွယ်မှာပဲ ဒီရောဂါကိုခံစားခဲ့ရတာပါ။ သူတို့မိသားစုမျိုးရိုးမှာ Hemophilia Type A ရောဂါရှိတယ်ဆိုတာ မသိခဲ့ဘူးလို့ မိုနီကာက ပြောပါတယ်။

မိုနီကာတို့က တပ်ဂျ်အပြင် နောက်ထပ်ကလေးယူဖို့အတွက် (၆) နှစ်လောက်အချိန်ယူခဲ့ပေမဲ့ ကလေးမရခဲ့တဲ့အတွက် သူတို့ကိုယ်တိုင်မမွေးဘဲ တခြားနည်းနဲ့ကလေးရနိုင်တယ်ဆိုတာကို နားလည်ခဲ့တယ်လို့ ဆိုပါတယ်။ မိုနီကာတို့စုံတွဲက HemAware မဂ္ဂဇင်းမှာဇာတ်လမ်းတစ်ပုဒ်ကို ဖတ်မိပြီးတဲ့နောက်မှာတော့ ကလေးမွေးစားချင်စိတ်ဖြစ်လာခဲ့ပါတယ်။ မဂ္ဂဇင်းမှာ တွေ့ရတဲ့ဇာတ်လမ်းကတော့ မိသားစုတစ်စုက Hemophilia ရောဂါနဲ့ကလေးတစ်ယောက်ကို မွေးစားခဲ့တယ်ဆိုတာပါပဲ။

လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းကတော့ တရုတ်နိုင်ငံမှာ Hemophilia ရောဂါသည်ကလေးတွေကို မွေးစားဖို့အတွက် တရားမဝင်ပါဘူး။ မလုံလောက်တဲ့စောင့်ရှောက်မှုတဲ့ရှိနေတာကြောင့် မိဘမဲ့ဂေဟာမှာ အဲဒီလိုကလေးတွေအများကြီးရှိနေတယ်လို့ သိရပါတယ်။ မိုနီကာတို့ကတော့ ကလေးမွေးစားဖို့အတွက် Hand in Hand International Adoptions အဖွဲ့အစည်းနဲ့ အဆက်အသွယ်လုပ်ခဲ့တာပါ။ ၂၀၁၉ခုနှစ် ဧပြီလမှာ ထရေးရဲ့ဓာတ်ပုံနဲ့ ဗီဒီယိုကို သူတို့တွေ့ခဲ့ကြပါတယ်။ ထရေးက လမ်းလျှောက်ဖို့ အခက်အခဲရှိပေမဲ့ သူ့ရဲ့မျက်နှာမှာ အပြုံးတွေကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။ ထရေးကို သူတို့ရဲ့ဓာတ်ပုံအယ်ဘမ်ကိုလည်း ပို့ပေးခဲ့ပါတယ်။

နောက်တော့ မိုနီကာတို့က ထရေးနဲ့ လူချင်းတွေ့ရဖို့အတွက် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ကို လာရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ထရေးက သူ့ရဲ့ရောဂါကြောင့် ပုံမှန်ထက်သွေးယိုစီးမှုဖြစ်တဲ့အတွက် ဝှီးချဲနဲ့နေခဲ့ရပါတယ်။ အခုတော့ ထရေးက ဝှီးချဲနဲ့မဟုတ်တော့ပါဘူး။ ဆေးကုသမှုလည်း ကောင်းကောင်းခံယူနေပါတယ်။ ထရေးနဲ့တပ်ဂျ်တို့က အတူတူရေကူးရတာ၊ စက်ဘီးစီးရတာတွေကို နှစ်သက်ပါတယ်။

မိုနီကာတို့စုံတွဲက ထရေးကို မွေးစားပြီးတဲ့အချိန်မှာ ရောဂါသည်ကလေးတွေကို မွေးစားဖို့အတွက် ငွေကြေးအခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို ကူညီပေးနေတဲ့ RARE is Adoption Fund ဆိုတဲ့ ရန်ပုံငွေအဖွဲ့အစည်းနဲ့ ထောက်ပံ့ကူညီပေးနေပါတယ်။

Ref: ABCNews “Couple adopts boy with same rare disease as their biological son”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top