Microsoft ပိုင်ဆိုင်မှုမှ ဒေါ်လာ ၄.၆ ဘီလီယံကို လှူဒါန်းခဲ့တဲ့ ဘီလ်ဂိတ်

102665409-20150501-2-1285-12.1910x1000-e1551101191260.jpg

၂၀၀၀ ခုနှစ်ကစလို့ အများဆုံးလှူဒါန်းမှုအဖြစ် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဘီလ်ဂိတ်ဟာ ဒေါ်လာ ၄.၆ ဘီလီယံ (ပေါင် ၃.၆ ဘီလီယံ) တန်ကြေးရှိတဲ့ Microsoft  ရှယ်ယာများကို လှူဒါန်းခဲ့ပါတယ်။ ဒီသတင်းကို အမေရိကန်နိုင်ငံ ငွေကြေးလဲလှယ်မှုဆိုင်ရာ ကော်မရှင်က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဘယ်သူကို လှူဒါန်းခဲ့လဲဆိုတာကို မဖော်ပြခဲ့ပါဘူး။ ဒါဟာ ၂၀၀၀ ခုနှစ်က ဘီလ်ဂိတ်နဲ့ မယ်လင်ဒါဂိတ်တို့ တည်ထောင်ထားတဲ့ Bill & Melinda Gates Foundation ကိုလှူဒါန်းခဲ့တာ  ဖြစ်နိုင်ပါတယ်။ Bill & Melinda Gates Foundation ကတော့ ဒီသတင်းကို မှတ်ချက်ပေးခြင်းမရှိခဲ့ပါဘူး။

မိုက်ခရိုဆော့ဖ်ရဲ့ ရှယ်ယာပေါင်း ၆.၄ သန်းကို လှူဒါန်းခဲ့ပေမဲ့ ဘီလ်ဂိတ်ဟာ ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်ရပ်တည်နေဆဲဖြစ်ပြီး ဒီလှူဒါန်းမှုဟာ ဘီလ်ဂိတ်ပိုင်ဆိုင်မှုရဲ့ ၅ ရာခိုင်နှုန်းခန့်ရှိပါတယ်။ လက်ရှိအချိန်မှာ အသက် ၆၁ နှစ်ရှိနေပြီဖြစ်တဲ့ ဘီလ်ဂိတ်ဟာ ၁၉၉၄ ခုနှစ်ကတည်းက ဇနီးဖြစ်သူ မယ်လင်ဒါ နဲ့အတူ ပိုင်ဆိုင်မှုများကို လှူဒါန်းခဲ့သူတစ်ယောက်ဖြစ်ပြီး လှူဒါန်းခဲ့သမျှ စုစုပေါင်းဟာ ဒေါ်လာ ၃၅ ဘီလီယံခန့် ရှိပါတယ်။

ဒီလှူဒါန်းမှုကို ဇွန်လကတည်းက လှူဒါန်းခဲ့တာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန်နိုင်ငံ ငွေကြေးလဲလှယ်မှုဆိုင်ရာ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ကြောင့် သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဘီလ်ဂိတ်ရဲ့ Microsoft ရှယ်ယာများဟာ စုစုပေါင်း ၁.၃ ရာခိုင်နှုန်းခန့် သာရှိတော့တာ ဖြစ်ပြီး အရင်ကလည်း ဘီလ်ဂိတ်ဟာ ၁၉၉၉ ခုနှစ်တုန်းက ဒေါ်လာ ၁၆ ဘီလီယံ တစ်ကြိမ်၊ ၂၀၀၀ ခုနှစ်တုန်းကလည်း ဒေါ်လာ ၅.၁ ဘီလီယံ တစ်ကြိမ်လှူဒါန်းခဲ့ပါသေးတယ်။

လှူဒါန်းမှုများရဲ့ အများစုက  Bill & Melinda Gates Foundation ကိုရောက်သွားခဲ့တာဖြစ်ပြီး Bill & Melinda Gates Foundation ဟာ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကူးစက်ရောဂါများ တိုက်ဖျက်ရေးနဲ့ လူတိုင်း ကွန်ပျုတာ ကိုင်နိုင်စေရေးကို လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်တုန်းက ဘီလ်ဂိတ်နဲ့ လူသိများတဲ့ရင်းနှီးမြှပ်နှံသူ ဝါရင်ဘတ်ဖတ်တို့ဟာ ပေးလှူခြင်း စာချုပ်ကို လက်မှတ်ထိုးခဲ့ကြပြီး ၂၀၁၇ မေလ အရောက်မှာတော့ အခြားသော ဘီလီယံနာ ၁၅၈ ယောက်ဟာ ဒီစာချုပ်ထဲမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလှူဒါန်းမှုဟာ ဒီနှစ်အတွင်း အခြားသော လှူဒါန်းမှုများထက် အများဆုံး လှူဒါန်းမှုဖြစ်ပြီး ဒုတိယအများဆုံးကတော့ ပြီးခဲ့တဲ့လက ဝါရင်ဘတ်ဖတ်ရဲ့ ဒေါ်လာ ၃.၂ ဘီလီယံ လှူဒါန်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တတိယအများဆုံး လှူဒါန်းမှုကတော့ Dell Computer Corporation တည်ထောင်သူ မိုက်ကယ်ဒဲလ် (Michael Dell) နဲ့ ဇနီးဖြစ်သူ ဆူဆန်တို့ရဲ့ ဒေါ်လာ ၁ ဘီလီယံ လှူဒါန်းခြင်း ဖြစ်ပါတယ်။

Ref : BBC News : Bill Gates reduces Microsoft stake with $4.6bn donation

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top