ပုဆိုးရယ်လို့ ကြားဖူးကြပေမယ့် ထောင်ပုဆိုး၊ ရာပုဆိုးလို့ ဆိုလိုက်ရင်တော့ ကြားဖူးကြသူ နည်းပါးမယ်ထင်ပါတယ်။ ၂/၁၀၀ တွေ ၂/၈၀တွေပဲသိတယ် ဘယ်က ထောင်တွေ၊ ရာတွေပါလာတာလဲဆိုရင် အပိုင်းပိုင်းခွဲပြီး ရှင်းပြရနိုင်ပါတယ်။ ထောင်ပုဆိုး၊ ရာပုဆိုးဆိုတာ အလွယ် ခေါ်လိုက်တာဖြစ်ပြီး ဒီပုဆိုးတွေကို မင်ခံပုဆိုးလို့ခေါ်ပါတယ်။
အားလုံးသိကြသလို မြန်မာပြည်မှာ ဟိုးရှေးခေတ်တည်းက ဆေးမင်ကြောင် ထိုးတဲ့ဓလေ့ရှိခဲ့ပါတယ်။ ဒီမင်ကြောင်ထိုးကွင်းထိုးတာဟာ သတ္တိရှိရုံ၊ အနာခံနိုင်ရုံလောက်နဲ့ တက်တူးထိုးသလို အလွယ်တကူ ထိုးလို့ရခဲ့တာမဟုတ်ပါဘူး။ (မင်ကြောင်ထိုးခြင်း ဓလေ့ကို အလျဉ်းသင့်သလို ရေးသားဖော်ပြသွားပါမည်) ပုဆိုးနဲ့ မင်ကြောင် ဘယ်လိုပတ်သက်တယ် ဆိုတာကို ပြောရမယ်ဆိုရင်တော့…
မင်ကြောင်ထိုးမယ့်သူဟာ ငါးပါးသီလခံပြီးချိန်မှာ ကိုယ်မှာ စည်းထားတဲ့ပုဆိုးကိုချွတ်ပြီး ဆေးစင်မှာ တန်းထား(လှမ်းထား)တဲ့ ပုဆိုးကို ယူဝတ်ရပါတယ်။ ဒီပုဆိုးအသစ်ကို မင်ခံပုဆိုးလို့ခေါ်ပါတယ်။ မင်ခံပုဆိုးကို ရက်လုပ်ရာမှာ မိဘ၊ အစ်မ၊ ချစ်သူ ဒီလူသုံးယောက်ထဲက မင်ကြောင်ထိုးမယ့်သူ နှစ်သက်ရာ တစ်ယောက်က ရက်လုပ်ပေးရပါတယ်။
အမေ၊ အစ်မ စသူတို့က ရက်လုပ်ပေးတဲ့ပုဆိုးကို “ရာပုဆိုး” လို့ခေါ်ပြီး ချစ်သူက ရက်လုပ်ပေးတဲ့ ပုဆိုးကိုတော့ “ထောင်ပုဆိုး”လို့ခေါ်ပါတယ်။ဘာကြောင့်ပါလိမ့်? ရှင်းပါတယ်။ မိဘ၊ အစ်မစသူတို့ရဲ့ မေတ္တာသင်္ကေတ ၅၂၈ ဆိုတဲ့ ရာဂဏန်းကို အစွဲပြုလို့ ရာပုဆိုးလို့ ခေါ်သလို ချစ်သူတို့ မေတ္တာဖြစ်တဲ့ ၁၅၀၀ ကို အစွဲပြုလို့ ထောင်ပုဆိုးလို့ ခေါ်ပါတယ်။ ဒီပုဆိုးဟာ ရှေးလူတို့ အိမ်ထောင်ပြုရာမှာလည်း အလွန်အရေးကြီးပါတယ်။
ရာပုဆိုးစည်းသူကိုတော့ သက်ကြီးရွယ်အိုတို့က ဒီလူဟာ မိဘမောင်ဘွားတွေရဲ့ မေတ္တာကို တန်ဖိုးထားတတ်တဲ့ လူလိမ္မာလေးဆိုပြီး ချီးကျူးလို့ သဘောကျ နှစ်သက်တတ်ကြပါတယ်။ ထောင်ပုဆိုးစည်းသူကိုကတော့ လူငယ်ကာလသားအချင်းချင်းနဲ့ အပျိုလေးတို့က သဘောကျ နှစ်သက်ကြပါတယ။် မိဘဆွေမျိုးတွေထက် ချစ်သူကို ပိုပြီးအလေးပေးတယ် ဆိုပြီးတော့ပေါ့။ ဒီထောင်ပုဆိုးကို ရက်လုပ်ပေးခွင့်ရတဲ့ မိန်းမပျိုလေးတွေကလည်း တကယ်ကို ဂုဏ်ယူစရာတစ်ခုပါ။
ဒါဖြင့်.. ထောင်ပုဆိုး ရက်လုပ်ပေးခဲ့ပေမယ့် ဖူးစာမဆုံလို့ မညားကြဘူးဆိုရင်ရော? ဘယ်အကြောင်းနဲ့ပဲဖြစ်ဖြစ် ဥပမာ- မိဘသဘောမတူလို့ဖြစ်စေ၊ သဘောထားမတိုက်ဆိုင်လို့ဖြစ်စေ။ အကြောင်းအမျိုးမျိုးကြောင့် မဆုံစည်းကြဘူးဆိုရင်တောင် ဒီမိန်းကလေးအတွက် မင်ခံပုဆိုးစည်းသူဟာ “မောင်ကျွန်”တစ်ယောက်ပါပဲ။ တစ်သက်လုံးစာပါ။
“မောင်ကျွန်” ဆိုတဲ့စကားအတိုင်းပဲ မင်ခံပုဆိုးစည်းသူကို မိန်းကလေးက မောင်တစ်ယောက်လို ကျေးကျွန်တစ်ယောက်လို ခိုင်းစေနိုင်ပါတယ်။ စိတ်ဆိုးနိုင်တယ်၊ စိတ်ကောက်နိုင်တယ်၊ ရိုက်ပုတ်နိုင်ပါတယ။် ဒါပေမဲ့ ဒါတွေကို သည်းမခံနိုင်တဲ့ မောင်ကျွန်က ပြန်ရိုက်ခဲ့ရင်တော့ မိန်းကလေးကပဲဖြစ်ဖြစ်၊ မိန်းကလေးရဲ့ အမျိုးသားကဖြစ်ဖြစ် ဓမ္မသတ်အရ တရားစွဲဆိုနိုင်ပါတယ်။ မိန်းကလေးကိုတော့ မောင်ကျွန်နဲ့ သူ့အမျိုးသားက တရားမစွဲနိုင်ပါဘူး။ တရားစွဲခဲ့သည်ဆိုရင်တောင်မှ “သူက ကျွန်မရဲ့မောင်ကျွန်ပါ” လို့ပြောလိုက်တာနဲ့ လွတ်ရုံးတို့ တရားသူကြီးတို့က အမှုကိုလက်မခံတော့ဘဲ သိပ်ပြီးအနိုင်မကျင့်ဖို့ချော့မော့ တောင်းပန်ပြီး ပြန်လွှတ်ရပါတယ်။
တကယ်လို့များ မောင်ကျွန်ရဲ့ မိန်းမက မကျေနပ်တာတစ်ခုခုများရှိခဲ့ရင်လည်း လူကြီး မိဘတို့က “ ညည်းယောက်ျား သူ့မောင်ကျွန်ဖြစ်နေတာ သိသားနဲ့ ဘာလို့ယူခဲ့သေးလဲ” လို့သာ ဆိုကြပါတယ်။ မောင်ကျွန်ဖြစ်မှန်းသိလျက် မိဘတွေ သဘောတူလို့ ယူခဲ့ရတာကို ထည့်ပြောပြန်ရင်လည်း “ ညည်းမိဘတွေ သိသိကြီးနဲ့ ပေးစားခဲ့တာ တို့လည်း မတတ်နိုင်ဘူး” လို့သာ ဆိုကြပါတယ်။ ဒါကြောင့် မောင်ကျွန်အဖြစ်ရှိပြီးသားလူကိုတော့ တော်ရုံမိန်းကလေးက တော်ရုံအကြောင်းပြချက်နဲ့ ယူလေ့မရှိပါ။ မိဘတို့ကလည်း အကြောင်းကြီးငယ်မရှိဘဲ မပေးစားကြပါ။
လင်ခိုး၊ မယားခိုး၊ ကြာကူလီ၊ စနှိုက်ကျော် ဇာတ်လမ်းများဖြစ်ခဲ့ရင် (မောင်ကျွန်ရှိသူနဲ့ မောင်ကျွန်တို့ကို သက်ဆိုင်ရာ လင်ယောက်ျားနဲ့ ဇနီးတို့က သင်္ကာ မကင်းဖြစ်ခဲ့ရင် ) ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ။ စစ်ဆေးမေးမြန်းတာမျိုး သိပ်မလုပ်ဘဲ မောင်ကျွန်နဲ့ မောင်ကျွန်ရှိသူ မိန်းမတွေကိုပဲ အပြစ်ရှိတယ်လို့ စီရင်ချက်ချလေ့ရှိပါတယ်။
ဒီလို အကြောင်း အမျိုးမျိုးတွေကြောင့် မင်သေ့၊ မင်ကြောင်၊ ထိုးကွင်းထိုးရာမှာ ထောင်ပုဆိုး စည်းနိုင်သူ ရှားလှပါတယ်။ အချို့တော့ ရှိတာပေါ့လေ… ဒီလိုဓလေ့တွေဟာ ခေတ်အမြင်နဲ့ ကြည့်ရင်တော့ ဥပဒေ ကြောင်းအရရော၊ Gender equality အရပါ လက်မခံနိုင်စရာ တွေရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရိုးရာ အစဉ်အလာတစ်ခုဟာ မဖော်ထုတ်ဘဲ ရှိလက်စနဲ့ ရှိပါစေတော့လို့ ထားလိုက်မယ်ဆိုရင် တိမ်မြှုပ် ပျောက်ကွယ် သွားဖွယ်ရာရှိတာမို့ ကြားဖူး၊ မြင်ဖူးသည်ရှိသော်လည်း မနည်း ဆိုတဲ့ စေတနာ အရင်းခံလို့ ဖော်ထုတ် တင်ပြလိုက်ရပါတယ်။
Reference : ရန်ကုန်ဘဆွေ ၏ “မြန်မာပြည်သား” စာအုပ်မှ
Photo Credits: Mary Eicher’s Pinterest
Angelic Demon (ရိုးရာလေး)