မင်ကြောင်ထိုးခြင်းဓလေ့

Tatoolarge.jpg

ဆေးမင်ထိုးတယ်ဆိုရာမှာ ယနေ့ခေတ် တက်တူးထိုးသလို ဒီပုံလေးလှလို့ ဒီပုံလေးထိုးပေးပါလောက်ပြောပြီး တက်တူးဆရာက ထိုးပေးလိုက်ရုံနဲ့ ပြီးမသွားပါဘူး။

ဆေးမင်ထိုးတဲ့အချိန် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိနေပါသေးတယ်။

ဆေးမင်ထိုးမယ်လို့ စပြီး ပြင်ဆင်ကြပြီဆိုတဲ့အခါ ဦးစီးပြုလုပ်သူ မင်ကြောင်ဆရာက သတ်မှတ်ထားတဲ့နေရာတစ်ဝိုက်ကို အရင်ဆုံး ပရိတ်ရေဖြန်း၊ ဆန်မန်းပေါက်ပေါက်ကြဲပြီး မန္တာန်တွေ ရွတ်ဆိုရပါတယ်။ ပတ်ပတ်လည်မှ ရာဇမတ်ကာပြီး ပရိတ်သဲဖြူတွေ ခင်းလို့ ထောင့်လေးထောင့်မှာ ငှက်ပျောပင်တွေစိုက်၊ ဂြိုဟ်ရှစ်လုံးနေ့နံသင့် ပန်းတွေ၊ အညွန့်အခက်တွေကို အမိုးပတ်ပတ်လည်မှာ ဆွဲချိန်ထားရပါတယ်။ အမိုးအတွက်ကတော့ နေ့နံသင့်အပျိုတစ်ယောက်တည်းက ရက်လုပ်တဲ့ ဖျင်ဖြူမှာ ပထမံ စမရုပ်တွေ၊ အင်းတွေကို ဟင်္ဿပြဒါးနဲ့ ရေးခြယ်ပြီး မိုးပါတယ်။ ဘေးပတ်ပတ်လည်မှာ နေ့နံသင့် အပျိုလေးတွေရက်တဲ့ တင်းတိမ်စောင်တွေကို ပရိတ်ချည်တွေ တွဲပြီး ကာရံပါတယ်။ မြေပေါ်မှာတော့ အလယ်ကြောခွာပြီးတဲ့ ငှက်ပျောရွက်တွေကို ဆီမန်းလိမ်းပြီးခင်းထားရပါတယ်။ ဒါကို မှောင်ခန်းလို့ခေါ်ပါတယ်။

ဆေးမင်ထိုးမယ့် ကာလသားက မှောင်ခန်းထဲ မဝင်ခင် ရေမိုးသန့်စင်ပြီးခေါင်းဖြီးလို့ ပုဆိုးသစ်စည်းထားရပါတယ။် အချိန်ကျလို့ မှောင်ခန်းထဲ ဝင်မယ့်အခါ မှောင်ခန်းမှာဝဲပေါက် ၊ ယာပေါက် ရှိသည့်အလျောက် ဝဲပေါက်ကဝင်သူကို ဝဲမှောင်၊ ယာပေါက်က ဝင်သူကို ယာမှောင်လို့ ခေါ်ပါတယ်။ ယာမှောင်ဆိုတာကတော့ ဆေးအင်းတွေမပါဘဲ အလှအပအတွက်သာ ထိုးခြင်းဖြစ်ပါတယ်။ ဒီလိုထိုးမယ်ဆိုရင် ဦးစီးမင်ကြောင်ဆရာက သုံးကွက်၊ ငါးကွက်၊ ကိုးကွက်အစရှိသဖြင့် ထိုးပေးပြီးရင် ကျန်တဲ့အကွက်တွေအတွက် လက်ထောက် တပည့် ၂ယောက်က တစ်ပြိုင်တည်း ဖြည့်ထိုးပေးပါတယ်။ ဒီနှစ်ယောက်ညောင်းလာရင် ကျန်တဲ့ နှစ်ယောက်က အစားဝင်ပြီး အလွယ်တကူထိုးပေးနိုင်လို့ ယာမှောင်သမားတစ်ယောက်ကို အချိန် တစ်နာရီ၊ နှစ်နာရီလောက်သာ ကြာပါတယ်။

ဝဲမှောင်မှာတော့ ဒီလိုလုပ်လို့မရတော့ပါဘူး။ သူ့ကိုတော့ ဦးစီးဆရာနဲ့ နေ့သင့်နံသင့်ရွေးထားတဲ့ မင်ကြောင်ဆရာ ၂ယောက် စုစုပေါင်း ၃ယောက်ကသာ ထိုးပေးနိုင်ပါတယ်။ တစ်ကြိမ်မှာလည်း ဆရာတစ်ယောက်သာ ထိုးပေးရပါတယ။် သတ်မှတ်ထားတဲ့ မင်သေ့ကွက် (မင်ကြောင်ကွက်)တွေကို အစီအစဉ်အတိုင်းသာ လှည့်ပတ်ထိုးပေးရပါတယ်။ တစ်ဘက်တည်းမှာ အပြည့်ထိုးပြီးမှ နောက်တစ်ဘက်ကူးထိုးလို့မရပါ။ ဆေးထိုးစဉ်မှာ မန္တာန်ကျူးရပါသေးတယ်။ မင်သေ့ကွက်တိုင်းကို ဆေးအင်းအစီအရင်တွေအတိုင်း နက္ခတ်သင့်သည့်အတိုင်း ထိုးပေးရပါတယ်။ ဆိုလိုတာက မင်ကြောင်ထိုးတဲ့အခါ ဘယ်မင်သေ့ကွက်ကို ဘယ်နက္ခတ်သင့်တဲ့အချိန်မှာ ထိုးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေပါတယ်။

ဝဲမှောင်မှာထိုးမယ့် ကာလသားကလည်း မင်သေ့မထိုးခင် ဆေးစင်ကို ထိခြင်းငါးပါးနဲ့ရှိခိုးရပြီးနောက်မှာ ငါးပါးသီလ ခံယူရပါတယ်။ ပြီးရင် စည်းထားတဲ့ပုဆိုးကိုချွတ်ပြီးကိုယ်လုံးတီးနဲ့ မင်သေ့ဆရာတွေကို ရှိခိုးရပါတယ်။ ပြီးရင်တော့ အနာကြီး၊ အိုင်းအနာ ၊ ပွေးစတဲ့ ရောဂါတွေ မရှိကြောင်း၊ ယောက်ျားစင်စစ်ဖြစ်ကြောင်း စသဖြင့် ကိုယ်ကို သုံးပတ်လှည့်ပြီး စစ်ဆေးခံ၊ မေးမြန်းခံရပါတယ်။ ပြီးရင်တော့ မန္တာန်စုပ်လို့ နံ့သာဖြန်းပြီးတဲ့နောက်မှာ ဆေးမင်ထိုးဖို့ လဲလျောင်းပြီး အချုပ်ခံရပါတယ်။ ဆေးမင်ထိုးမယ့်သူကို ချုပ်မယ့်သူ လေးယောက်ရှိပါတယ်။ ဒီလေးယောက်ကလည်း ဆေးမင်ထိုးမယ့်သူနဲ့ နေ့နံသင့်သူများသာဖြစ်ရပြီး ပုဆိုးသစ်စည်းထားတဲ့သူတွေသာ ဖြစ်ရပါတယ်။

ဦးစီးမင်သေ့ဆရာကြီးက သတ်မှတ်ထားတဲ့နေရာတွေမှာ ဂြိုဟ်ကြီးရှစ်လုံးရုပ်၊ ကုမ္ဘဏ်ရုပ်၊ ဇော်ရုပ်၊ ဂဝံရုပ်၊ ဝက်ကုန်းရုပ်၊ ကြောင်ရုပ် စတာတွေကို ထိုးပြီးမှ ကျန်တဲ့အဖြည့်ရုပ်တွေကို လက်ထောက်မင်သေ့ဆရာတွေကို ထိုးခိုင်းလေ့ရှိပါတယ်။ ဒီလိုနဲ့ ခါးကိုပတ်ပြီးမင်သေ့ထိုး၊ ခါးကနေ ပေါင်ကိုဆက်၊ ပေါင်ကမှ ဒူးကိုဆက်ပြီး ထိုးနှံရပါတယ်။ ဆေးနီ၊ ဆေးနက် ၂မျိုးရှိသည့်အတိုင်း ၂မျိုးလုံးထိုးမယ်ဆိုရင်တော့ ဆေးနီကို အရင်ထိုးလို့ ပြီးကာမှ ဆေးနက်ကို ကိုင်ရပါတယ်။ ဆေးနီထိုးထားတဲ့ စုက်နဲ့ ဆေးနက်ကို မထိုးနှံရပါဘူး။

ဆေးမင်ထိုးပေးပြီးတဲ့အခါမှာ ဝါးကပ်နဲ့ ထမ်းယူရသူ၊ သူငယ်ချင်း နှစ်ယောက် ဒါမှမဟုတ် တစ်ယောက်နဲ့ တွဲထုတ်ရသူ၊ ကိုယ်ကိုယ်တိုင်ပဲ အကူအညီမပါဘဲ ထွက်နိုင်ထနိုင်သူ ဆိုပြီး ၃မျိုးခွဲပါတယ်။ မင်ကြောင်ထိုးပြီးလို့ တင်းတိမ်အပြင်ကို ရောက်တာနဲ့ လက်ပန်းပေါင်း အနည်းဆုံး ၃ချက်စေ့အောင် ခတ်ကြရတဲ့ အလေ့တစ်ခုရှိပါတယ်။ ဝါးကပ်နဲ့ထမ်းယူရတဲ့သူဟာ ဝါးကပ်ပေါ်ကနေ ထူပေးထားတဲ့သူကိုမှီလို့ ခတ်ခဲ့ရင် ဒါကို အဝါခတ်လို့ခေါ်ပါတယ်။ တွဲပေးတဲ့သူနဲ့ထွက်လာပြီး တွဲပေးသူကိုမှီလို့ခတ်ခဲ့ရင် ဒါကိုတော့ အမြှောင်ခတ်လို့ခေါ်ပြီး တစ်ယောက်တည်းထွက်လာနိုင်ပြီး လက်ပန်းပေါင်း မမောမချင်းခတ်နိုင်သူကိုတော့ ထီးထီးခတ်လို့ခေါ်ပါတယ်။

ဒါတွေဟာ ယာမှောင်သမားတွေအတွက် အရေးမကြီးလှသော်လည်း ဝဲမှောင်သမားတွေအတွက်တော့ အလွန်အရေးပါပါတယ်။ ဝဲမှောင်မှ ထွက်လာတဲ့သူတွေအတွက် အမြှောင်ထ၊ အထီးထ ထနိုင်ထွက်နိုင်မှသာ ကြတ္တိကာနက္ခတ်ထွက်တဲ့ တန်ဆောင်မုန်းလ ကျီးမနိုးပွဲမှာ ဆေးထပ်ခြင်း ၊ ဆေးထိုးခြင်းတို့ကို ပြုလုပ်နိုင်မှာပါ။ ( စပ်မိလို့ ပြောရရင်ဖြင့် ကျီးမနိုးပွဲဆိုတာဟာလည်း ယနေ့ခေတ်လို ကြက်ခိုး၊ ဘူးသီးခိုး၊ ပစ္စည်းခိုးပြီး ပျော်ပွဲကျင်းပတဲ့ ပွဲတော် မဟုတ်ကြောင်းကိုလည်း ဆောင်းပါး တစ်ပုဒ်အနေဖြင့် တင်ပြပါဦးမည်။ )
မင်သေ့ထိုးလို့ အိမ်ပြန်လာတဲ့ကာလသားဟာ လမ်းတစ်လျှောက်မှာ တွေ့သမျှသူတို့က နှုတ်ဆက်သမျှ ပြန်နှုတ်ဆက်ရပါတယ်။ ဒီနေရာမှာလည်း ယောက်ျားအချင်းချင်းတွေ့လို့ နှုတ်ဆက်မယ်ဆိုရင်တော့ လက်ပန်းပေါင်းကို ဖြောင်းဖြောင်းမြည်အောင်ခတ်လို့ “ဒါမှ ယောက်ျားဟေ့” လို့ အော်ပြီး နှုတ်ဆက်ကြပါတယ်။ မင်ကြောင်ထိုးခဲ့သူကလည်း လက်ပန်းပေါင်းသံပြန်ပေးလို့ “ယောက်ျား” လို့ပြန်အော်ရပါတယ်။ ခေါ်သံနဲ့ လိုက်သံ ညီအောင်ပေးဖို့ဆိုတာ သွေးချင်းချင်းရဲအောင် မင်ကြောင်ထိုးထားရတဲ့သူအဖို့တော့ မလွယ်လှပါဘူး။ မိန်းကလေးတွေကတော့ အိမ်ထဲကနေ လှမ်းခေါ်ပြီး ဆေးမင်မထိုးတဲ့ ကျော၊ ရင်၊ လက်မောင်းသား၊ ခြေသလုံးစတာတွေမှာ နံ့သာရည်နဲ့ လူးပေးကြပြီး နံ့သာခွက်ထဲက ပန်းကိုပေးရပါတယ်။ ဒီအခါ မင်ကြောင်ထိုးတဲ့ ကာလသားဟာ မိန်းကလေးပေးတဲ့ပန်းကို သျှောင်မှာထိုးပြီး ရောင်မှာ ပန်ထားလက်စပန်းကို မိန်းကလေးကို ဖြုတ်ပေးရပါတယ်။ အိမ်ကိုရောက်တော့မှ မိခင်တိုက်တဲ့ ပရိတ်ရေကိုသောက်၊ ပရိတ်ချည်တွေနဲ့ သျှောင်မှာဖွဲ့ရစ်ပြီးကာမှ အသင့်ပြင်ထားတဲ့ အိပ်ရာပေါ် လဲလျောင်းပြီးမှသာ မင်ကြောင်ထိုးခြင်း တစ်ကဏ္ဍရပ်ပါတော့တယ်။

ယနေ့ခေတ်မှာ တက်တူးယဉ်ကျေးမှု ထွန်းကားလာတာနဲ့အမျှ လူငယ်တွေကြားမှာလည်း ခေတ်စားတဲ့ ဖက်ရှင်တစ်ခုဖြစ်လာပါပြီ။ သို့သော်ငြား မြန်မာ့ယဉ်ကျေးမှုနဲ့ နှီးနွယ်လာတဲ့အခါ လူကြီးတွေကလည်း တက်တူးထိုးထားရင် လူဆိုးလိုလို၊ လူမိုက်လိုလို ကြည့်တတ်ကြတာမျိုးရှိသလို လူငယ်တွေဘက်ကလည်း အရင်ကတောင် မင်ကြောင်ထိုးကြသေးတာပဲ ခုလည်း တက်တူးထိုးတာ ဘာကွာလို့လဲ၊ ယဉ်ကျေးမှုထိန်းသိမ်းသလိုတောင်ဖြစ်သေးတယ်လို့ နှုတ်လှန်ထိုးတာတွေလည်း တွေ့လာရပါတယ်။
စာရေးသူအမြင်မှာတော့ တက်တူးထိုးဖို့ဆိုတာ အနည်းဆုံး အနာခံရဲတဲ့သတ္တိကတော့ လိုအပ်ပါတယ်။ ဘယ်လောက်ပဲ အလှကြိုက်ကြပါစေ၊ ကိုယ့်အသားအနာခံပြီးမှ လှဖို့ဆိုတာတော့ လူတိုင်းမဝံ့ရဲတဲ့အရာပါ။ ဒီတော့ အနည်းဆုံးတော့ ဒီလို သတ္တိမျိုးရှိနေတဲ့လူငယ်တွေကိုလည်း လူကြီးတွေဘက်က မကြည်တဲ့မျက်လုံးမျိုးနဲ့ မကြည့်ဘဲ သူတို့သတ္တိကို အရောင်တင်လို့ လမ်းမှန်ကိုရောက်အောင် ပို့ပေးလို့ရပါတယ်။ နောက်တစ်ချက် သတိချပ်စေချင်တာက တက်တူးထိုးတိုင်း လူမိုက်မဟုတ်ဘူးဆိုတာပါပဲ။ ဒါဟာ ခေတ်အလိုက်ဖြစ်ပေါ်လာတဲ့ ဖက်ရှင်တစ်ခုပါ။ လူငယ်ဆိုတာ ဖက်ရှင်တစ်ခု trend ဖြစ်လာတာနဲ့အမျှ ဒီရေစီးနောက်ကို လိုက်ကြတဲ့ အမျိုးတွေပဲ မဟုတ်ပါလား။ ဝါသနာအရ ထိုးကြတာမျိုးတောင် ရှိနေသေးတာမို့ လူကြီးတွေဘက်ကလည်း အနည်းငယ်တော့ အမြင်ပြောင်းပေးဖို့ လိုပါလိမ့်မယ်။

လူငယ်တွေဘက်ကလည်း ယဉ်ကျေးမှု၊ ယဉ်ကျေးမှုဆိုပြီးတိုင်းတာပြောနေရလောက်တဲ့ထိ တက်တူးနဲ့ မင်ကြောင်ဟာ မတူပါဘူး။ မတူရခြင်းအကြောင်းရင်းကိုလည်း အထက်မှာဖော်ပြခဲ့ပြီးပါပြီ။ တက်တူးထိုးတာဟာ အသားနာတာကလွဲလို့ မင်ကြောင်နဲ့ လားလားမှမတူပါဘူး။ ဒါကြောင့် ယဉ်ကျေးမှုအရေခြုံလို့ ကိုယ့်ဝါသနာကို မကွယ်ဝှက်ပါနဲ့။ တက်တူးထိုးခြင်းဟာ လူတစ်ယောက်ကို လူမိုက်အဖြစ်ပြောင်းမသွားစေပါဘူး။ စိတ်သာအဓိကပါ။ တက်တူးမရှိတဲ့လူမိုက်တွေများသလို တစ်ကိုယ်လုံးတက်တူးအပြည့်နဲ့ လူတော်၊ လူကောင်းလေးတွေလည်း အများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် တက်တူးထိုးတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ မိဘတွေ၊ အုပ်ထိန်းသူတွေနဲ့ ပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့ စိတ်ကို အသင့်ပြင်ထားတာက အကောင်းဆုံးပါပဲ။ ရွဲ့ခြင်း၊ စောင်းခြင်း၊ ထေ့ခြင်း၊ ငေါ့ခြင်း မလုပ်ကြဘဲ လူငယ်နဲ့ လူကြီးကြား မှန်ကန်တဲ့ ဆွေးနွေးမှုတွေ၊ တိုင်ပင်မှုတွေလုပ်ပြီး နားလည်မှုယူခြင်းကသာ ဒီလူတွေကြား ပြေလည်စေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်လို့သာ ပြောကြားရင်း…
Angelic Demon ( ရိုးရာလေး)
Photo credit – Yan Win (Taung Da Gar) : Htoe Kwin

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top