လိုအပ်ချက်များစွာနဲ့ အဖြေရှာရခက်နေဆဲ “ကျူးကျော်” ပြဿနာ

12-1.jpg

မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မြေယာကျူးကျော်တာ၊ အိမ်ခြံမြေကျူးကျော်တာနဲ့ လမ်းကျူး ကျော်တာ ဆိုတဲ့ကိစ္စတွေကို မကြာခဏကြားရ၊ တွေ့ကြရမှာပါ။ အခုလည်း ဇူလိုင်လ (၂၇) ရက်နေ့ မနက်ပိုင်းတုန်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်၊ (၈၄) လမ်း (မန္တလေး-စစ်ကိုင်းလမ်း) ပေါ်မှာ (၉) အိမ်တန်း တစ်စုကို အစိုးရပိုင်မြေပေါ်ကျူးကျော်တယ်ဆိုပြီး စည်ပင်က ရဲအင်အားသုံးဖယ်ရှားခဲ့တဲ့ကိစ္စက ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။

ဒီဖယ်ရှားမှုမှာ အာဏာပိုင်၊ စည်ပင်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအကြား ပဋိပက္ခဖြစ်ခဲ့ပြီး အာဏာပိုင်တွေက လူ (၃) ဦးကို ပုဒ်မ (၄) ခုနဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။ အခုဖယ်ရှားခံ ရသူတွေဟာ အဲဒီနေရာမှာ နှစ်ပေါင်း (၃၀) ကျော်ကတည်းကနေထိုင်ခဲ့တာဖြစ်ပြီး စစ်အစိုးရခေတ်မှာ ဂရန်ပေးမယ်ပြောလို့ ပိုက်ဆံတွေလည်း သွင်းထားခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

ချမ်းမြသာစည်မြို့နယ်ရဲ့လွှတ်တော်အမတ်ကတော့ “ဒီ (၉) အိမ်တန်းကို ဘာကြောင့်ဖျက်လဲ။ ကျူးတွေအများကြီးရှိပြီး အာစီတိုက်ကြီးတွေတောင်ဆောက်နေကြတာကိုတော့ စည်ပင်ကမမြင်ဘူးလား၊ စည်ပင်မြေပုံကကော ဘယ်လောက်မှန်နေလဲ” လို့ ထောက်ပြမေးခွန်းထုတ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းကလည်း ဒီနားတဝိုက်က အိမ် (၂၃) လုံးကို အခုလိုပဲ ဖယ်ရှားခဲ့သေးတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုပိုမြန်ဆန်ပြီး လူနေအထူထပ်ဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မှာတော့ ကျူးကျော်နေထိုင်သူအရေအတွက်က တစ်နေ့ထက်တစ်နေ့ ပိုလို့များပြားလာနေပါတယ်။ ကျူးကျော်နေထိုင်သူတွေဟာ အစိုးရပိုင်မြေ၊ ဘုရားပရဝုဏ်မြေ၊ စက်ရုံ အလုပ်ရုံအနီး၊ မြစ်ကမ်းဘေး၊ ရထားလမ်းဘေး၊ ကားလမ်းဘေးစတဲ့ အများပိုင်မြေနေရာတွေမှာ ကျူးကျော်နေထိုင်ကြတာဖြစ်ပါတယ်။ တချို့ကျူးကျော်နေထိုင်သူတွေဆိုရင် ကျူးကျော်နေထိုင်ခဲ့တဲ့သက်တမ်း နှစ် (၂၀) ကျော် လောက်တောင်ရှိနေပါပြီ။ အချက်အလက်တွေအရ မြို့ပြနေအိမ်ထောင်စုတွေထဲမှာ မိသားစု (၁၅) ရာခိုင်နှုန်းကသာ ကိုယ်ပိုင်အိမ်ရှိပြီး (၃၀) ရာခိုင်နှုန်းက အိမ်ငှားနေထိုင်ကြသူတွေဖြစ်ပါတယ်။ ကျန် (၄၅) ရာခိုင်နှုန်းကတော့ လက်ရှိ ပြဿနာမကြာခဏဖြစ်နေရတဲ့ မြေယာမဲ့ကျူးကျော်နေထိုင်သူတွေပဲ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဒဂုံမြို့နယ်တွေမှာ တရားမဝင်နေထိုင်တဲ့ ကျူးကျော်အိမ်ခြေ (၁၀၅,၄၄၉) ရှိပြီး ကျူးကျော်နေထိုင်သူဦက (၄၃၁,ဝ၅၀) ခန့်ရှိတယ်လို့ ရန်ကုန်တိုင်း aဒသကြီးအစိုးရအဖွဲ့ကထုတ်ပြန်ထားပြီး မြောက်ပိုင်းခရိုင်မြို့နယ် လှိုင်သာယာမှာ ကျူးကျော်အများဆုံး နေထိုင်နေကြကာ ဒုတိယအများဆုံးကတော့ အရှေ့ပိုင်းခရိုင်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

NLD အစိုးရတက်ပြီးစ တစ်လလောက်အကြာ (၂၀၁၆ ခုနှစ် ဧပြီလ ၂၅ ရက်) တုန်းက UMFCCI မှာ စက်မှုလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစပြောခဲ့တဲ့ဉ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ “ကျွန်တော်တို့က ဘူဒိုဇာအစိုးရမဖြစ်ချင်ဘူး။ ဒီနေရာက မောင်းထုတ်လိုက်ရင် တခြားနေရာသွားဖြစ်နေမယ်” ဆိုတဲ့စကားဟာ ကျူးကျော်တွေကြားပျံ့နှံ့သွားခဲ့ပြီး ကျူးကျော်နေထိုင်မှုအတွက်အားပေးစကားလိုဖြစ်သွားခဲ့လို့ ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးမှာ ကျူးပွဲတော်ကြီးတစ်ခု တမဟုတ်ချင်း ပေါ်လာခဲ့ဖူးပါတယ်။

ယေဘုယျကြည့်ရင် ကောင်းတယ်လို့မှတ်ယူလို့ရတဲ့ဒီစကားဟာ ရွေးကောက်ပွဲအနိုင်ရပါတီတစ်ခုရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းပါအချက်ကို အကောင်အထည်ဖော်ဖို့ ကြွေးကြော်တာမျိုးဖြစ်ပေမဲ့လို့ အုပ်ချုပ်ရေးအတွေ့အကြုံနည်းချိန်၊ ပကတိအခြေအနေကို ခြုံငုံစေငုမကြည့်နိုင်သေးချိန်မှာပြောခဲ့လို့ အခုလိုနောက်ဆက်တွဲဆိုးကျိုးတွေပေါ်လာခဲ့တာလို့ လေ့လာသူတွေကတော့ ထောက်ပြကြပါတယ်။

လက်ရှိမှာ အစိုးရအနေနဲ့ မြေယာမဲ့ကျူးကျော်နေထိုင်နေသူတွေကို စနစ်တကျစာရင်းကောက်ယူစိစစ်ကာ ပြုပြုင်ထားတဲ့မြေလွတ်မြေရိုင်းတွေမှာ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ပြီး နေထိုင်ခွင့်ပြုဖို့ ပြင်ဆင်ဆောင်ရွက်နေပါပြီ။ ကျူးကျော်တွေအတွက် အိမ်ရာတည်ဆောက်ဖို့က လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးဆဲအဆင့်မှာပဲ ရှိနေပါသေးတယ်။ အမှန်တကယ်နေထိုင်စရာမရှိတဲ့ ကျူးကျော်တွေကိုနေထိုင်ဖို့နေရာနဲ့ အလုပ်အကိုင်တွေဖန်တီးပေးမှာဖြစ်ပေမဲ့ စီးပွားဖြစ် မြေကွက်ရိုက်ရောင်းသူတွေနဲ့ပေါင်းပြီး ကျူးကျော်ဟန်ဆောင်နေထိုင်သူတွေကိုတော့ တည်ဆဲဥပဒေေနဲ့ အရေးယူမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားထားပါတယ်။

စာရင်းကောက်ရာမှာ ဒီဂျစ်တယ်နည်းပညာနဲ့ လက်ဗွေနဲ့ မျက်နှာတွေကို မှတ်တမ်းယူပြီး တစ်ဦးချင်းစီရဲ့ နောက်ကြောင်းကိုစုံစမ်းစစ်ဆေးတာ၊ အမြဲနေထိုင်ရန်ဝယ်ယူထားသူနဲ့ ငှားရမ်းနေထိုင်သူ ခွဲခြားစိစစ်တာ တွေလုပ်ပြီးမှ ကျူးကျော်အစစ် ဟုတ်၊ မဟုတ် သတ်မှတ်မှာပါ။ အဲဒီလိုစာရင်းကောက်ပြီး အသိအမှတ်ပြု စမတ်ကတ်ထုတ်ပေးပြီးရင် နေထိုင်ဖို့အိမ်နေရာတွေ ပြန်လည်ချထားပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း စမတ်ကတ်လက်လွှဲရောင်းဝယ်တဲ့ဈေးကွက်ပေါ်လာတာဖြစ်တယ်လို့ ကျူးကျော်စမတ်ကတ် ကိုင်ဆောင်ထားသူတွေကပြောပြပါတယ်။

အမည်ပေါက်စမတ်ကတ်ရရှိထားတဲ့မိသားစုတွေဆီက လက်ဗွေတွေကာက်ယူထားပြီး အိမ်ရာရရှိတဲ့အချိန် အဲဒီမိသားစုကပဲ တရားဝင်ထုတ်ယူဖို့၊ စမတ်ကတ်လက်လွှဲရောင်းချသူ၊ ဝယ်ယူသူတွေရှိရင် စစ်ဆေးအရေးယူဖို့ စည်းကမ်းသတ်မှတ်ထားပေမဲ့ စမတ်ကတ်ပေါက်ဈေးက သိန်း (၂၀) အထိရှိပြီး အဝယ်လိုက်နေတဲ့အတွက် တစ်ဆင့်ပြန်ရောင်းချ တာတွေကတော့ လက်ရှိအချိန်ထိ များစွာရှိနေဆဲပါပဲ။

ဒီအိမ်ရာစီမံကိန်းအောင်မြင်ဖို့အဓိကျတဲ့အချက်က ဘဏ်စနစ်ကောင်းမွန်ရေးဖြစ်တယ်လို့ ဒေါက်တာသက်သက်ခိုင်က ဆိုခဲ့ပြီး ဘဏ်တွေကနေ အိမ်ရာဆောက်မယ့်သူတွေနဲ့ အိမ်ရာဝယ်ယူမယ့်ကျူးကျော်တွေကို ငွေချေးပေးနိုင်ရင်တော့ ကျူးကျော်တွေအတွက်အိမ်ရာစီမံကိန်း အောင်မြင်လာနိုင်မယ်လို့ သူက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကန့်သတ်ချက်ရှိနေတာက ကျူးကျော်တွေဟာ နေစရာတောင်မရှိနေသူတွေဖြစ်လို့ ဘဏ်တွေဘက်က ယုံကြည်ပြီးငွေထုတ်ချေးဖို့ ခက်ခဲနေတာပါ။ ဘယ်လိုဘဏ်မျိုးမဆို ချေးငွေပြန်ရစရာအခွင့်အလမ်းနည်းတဲ့၊ စွန့်စားမှုများလှတဲ့အခြေအနေမျိုးမှာတော့ ထုတ်ချေးနိုင်ချေမရှိလောက်ပါဘူး။ ဘဏ်တွေက ကျူးကျော်တွေကိုငွေမချေးဘဲ လုပ်ငန်းရှင်တွေကိုပဲချေးလိုက်ပြန်ရင်လည်း ဆောက်ပြီးသားတိုက်ခန်းတွေကို ကျူးကျော်တွေကမဝယ်နိုင်ဖြစ်တာကြောင့် လုပ်ငန်းရှင်တွေအတွက် ငွေပြန်ပေါ်ဖို့ခက်ခဲပြီး ဘဏ်တွေအနေနဲ့ ချေးထားတဲ့ငွေကို ပြန်ရဖို့အခွင့်အလမ်းနည်းသွားဦးမှာဖြစ်ပါတယ်။

တကယ်က ကျူးကျော်ဆိုတိုင်း အထင်သေးလို့တော့မရပါဘူး။ တချို့ကနေစရာမရှိလို့မဟုတ်ဘဲ ပိုင်ဆိုင်မှုတွေ ရှိလျက် စီးပွားဖြစ်ကျူးကျော်နေကြတာပါ။ တကယ်နေစရာမရှိတဲ့သူ တွေကို မပြောလိုပေမဲ့ နေရာလွတ်မြင်သမျှ ကျူးချင်နေသူတွေရှိသ၍ ဘယ်လိုပဲနေစရာဖန်တီးပေးနေပါစေ ကျူးကျော် ဆိုတာက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အခုလို ပြဿနာတွေ ရေမရှည်နေစေချင်ရင်တော့ မျှတစနစ်ကျတဲ့ဖြေရှင်းနည်းတွေ၊ တိကျပြတ်သားတဲ့ဥပဒေတွေနဲပပတ်သက်ပြီး အစိုးရဘက်က ပြန်လည်သုံးသပ် ပြင်ဆင်သင့်ပြီ ဖြစ်သလို ကျူးကျော်နေထိုင်သူတွေကလည်း အာဏာပိုင်တွေထုတ်ပြန်သတ်မှတ်တဲ့ ဥပဒေတွေကို လေးစား လိုက်နာပေးဖို့လိုတယ်လို့ ယူဆမိပါတယ်။

တာဝန်ရှိသူတွေအနေဲ့ တည်ဆဲဥပဒေနဲ့ စည်းမျဉ်းတွေအတိုင်း ကိုင်တွယ်ဖြေရှင်းကြတာကထုံးစံဖြစ်ပေမဲ့ အဲဒီဥပဒေနဲ့ စည်းမျည်းတွေကလည်း မျှတသေချာနေဖို့တော့လိုပါတယ်။ ကျူးကျော်နေထိုင်သူတွေအနေဲ့က ကိုယ်က တရားမဝင်နေထိုင်နေတာဖြစ်တဲ့အတွက် နည်းမှန်လမ်းမှန်ကမ်းလှမ်းဖြေရှင်းမှုတွေကို လက်သင့်မခံငြင်းဆန်နေရင် ပြဿနာသံသရာရှည်ပြီး ထိခိုက်နစ်နာရမှုတွေရှိနေရဦးမှာပဲလို့ သုံးသပ်မိပါကြောင်း…။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top