နေထိုင်မှုပုံစံသစ်နဲ့ ကျောင်းဖွင့်ချိန်

back-to-school.jpg

ပုံမှန်အတိုင်းဆိုရင်တော့ ဒီနေ့(ဇွန်လ ၁ ရက်)ဟာ ပညာသင်နှစ် အသစ်အတွက် ကျောင်းတွေ ပြန်ဖွင့်ရမယ့်အချိန်ပါ။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်း ကူးစက်ခံရသူ ၆.၂ သန်းကျော်၊ သေဆုံးသူ ၃၇၀,၀၀၀ ကျော်ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြောင့် ကျောင်းတွေကို ဇူလိုင်လ ၁၅ ရက်နေ့နောက်ပိုင်းမှပဲ ဖွင့်လှစ်ဖို့ ရှိတယ်လို့ သတင်းထွက်နေပါတယ်။ ကျောင်းသားမိဘတချို့ကတော့ သူတို့သားသမီးတွေရဲ့ ကျန်းမာရေးကို စိတ်ပူကြလို့ ကျောင်းဖွင့်ရင်တောင် ကျောင်းမပို့သေးဘူးလို့ ဆိုကြပါတယ်။ ဒီကာလမှာ ကျောင်းသားမိဘတိုင်း ရတက်မအေးကြပါဘူး။ ကိုယ့်ကလေး ပညာရေးက တစ်ဖက်၊ ကျန်းမာရေးကတစ်ဖက် ဝေခွဲရခက်နေကြပါတယ်။

နည်းပညာအရာမှာရော၊ စည်းစနစ်ပိုင်းမှာပါ ရှေ့တန်းရောက်တဲ့ တောင်ကိုရီးယား၊ ဂျပန်တို့လို နိုင်ငံတွေမှာတောင် ကျောင်းတွေ ဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်နေကြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ကျောင်းဖွင့်ပြီး သိပ်မကြာခင် ကျောင်းသားတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့လို့ ကျောင်း ၅၀၀ ကျော်ကို ပြန်ပိတ်ခဲ့ရပါတယ်။ ဂျပန်မှာလည်း မူလတန်းကျောင်း တက်နေတဲ့ ကလေးငယ်တွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ ကျောင်းတွေ ပြန်ပိတ်ခဲ့ရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် ဒီလိုဖြစ်နေရင် ငါတို့နိုင်ငံမှာရော စိတ်ချရပါ့မလား၊ ဖြစ်ပါ့မလားဆိုတဲ့ အတွေးမျိုး ကျောင်းသားမိဘတော်တော်များများဆီမှာ ရှိကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ဘယ်အချိန် ပြီးဆုံးမယ်ဆိုတာ မသေချာတဲ့အတွက် ကျောင်းပြန်ဖွင့်မယ့်ကိစ္စကို ရောဂါပိုး ကင်းစင်ပပျောက်သွားတဲ့အထိ စောင့်ဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စာသင်ခန်းနဲ့ ကျောင်းသား/ ကျောင်းသူအချိုးအစားက မမျှပါဘူး။ အခုလိုအနေအထားမှာ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ ထိုင်ရမှာဖြစ်လို့ အရင်တုန်းက စာသင်ခန်းတစ်ခန်းစာ ကျောင်းသား/ ကျောင်းသူအရေအတွက်ကို အခုချိန်မှာ အခန်း ၃ ခန်းလောက် ခွဲထည့်ရဖို့ ရှိနေပါတယ်။ ဒါဆိုရင် နဂိုကတည်းက အချိုးအစားမမျှဖြစ်နေတဲ့ ကျောင်းသား/ဆရာအချိုး ပိုတိုးလာမှာ သေချာပါတယ်။

‌ကျောင်းဖွင့်တဲ့အခါ ကျောင်းသား/ ကျောင်းသူတွေ၊ ဆရာ/ဆရာမတွေကို Face Shield၊ နှာခေါင်းစည်းတွေ အခမဲ့ပေးဝေသွားမှာဖြစ်ပြီး အပူချိန်တိုင်းတာရေးကိရိယာတွေနဲ့ စစ်ဆေးပြီးမှ ဝင်ခွင့်ပြုဖို့ စီစဉ်နေပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ကပ်ရောဂါအန္တရာယ်ကင်းစေရမယ်လို့ ရာနှုန်းပြည့်အာမခံချက်ပေးဖို့ ခက်ခဲတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ကျောင်းတက်တဲ့အခါ၊ ကျောင်းဆင်းတဲ့အခါ အရင်ကလိုမျိုး အစုလိုက်အပြုံလိုက် မနေကြစေဖို့ စီစဉ်ရမယ့်ကိစ္စတွေလည်း ရှိပါတယ်။ အာဏာပိုင်တွေဘက်က ကျောင်းတွေပြန်ဖွင့်ဖို့ ဘယ်လိုစီမံဆောင်ရွက်ထားတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ချပြပြီး မိဘတွေနဲ့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ မိဘဆရာအသင်းလို အသင်းအဖွဲ့တွေကတစ်ဆင့် သက်ဆိုင်ရာဒေသအလိုက် အများပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ရမှာပါ။ ဘာကြောင့်လဲဆိုရင် ရောဂါကူးစက်မှုမရှိအောင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ကျောင်းသား၊ ကျောင်းသူတစ်ဦးတစ်ယောက်ချင်းစီက လိုက်နာအောင် မိဘတွေး ပူးပေါင်းပါဝင်ကူညီဖို့ လိုအပ်တာကြောင့်ပါပဲ။

နောက်တစ်ချက်ကတော့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေအပေါ် မူတည်ပြီး နည်းပညာကို အခြေခံတဲ့ ပညာရေးစနစ် တဖြည်းဖြည်းချင်းပြောင်းလဲသွားရမယ့် လမ်းစတစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က လူသားတွေရဲ့ နေထိုင်မှုပုံစံဟောင်းတွေကို ပြောင်းလဲစေခဲ့ပြီဖြစ်လို့ နေထိုင်မှုပုံစံသစ်မှာ အသားကျအောင် သင်ယူရင်း အသစ်အသစ်သော တိုးတက်ပြောင်းလဲမှုတွေကို ပုံဖော်ဖန်တီးဖို့ လိုအပ်နေတာကြောင့်ပါပဲ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top