ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်ဖို့ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်ပါစေ

blog-image.jpg

သူများတွေအောင်မြင်တာကိုကြည့်ပြီး အားကျနေလား။ ကိုယ်တိုင်ရောအောင်မြင်ချင်နေပြီလား။ ဒါဆိုရင်တော့ အောင်မြင်နေရသူတွေမှာရှိနေတဲ့ လျှို့ဝှက်ချက်လေးတစ်ခုပြောပြမယ်နော်။ ဒါကတော့ လူသားတိုင်းကို သဘာဝတရားကြီးက တပြေးညီပေးထားတဲ့ အချိန် (၂၄) နာရီကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချတတ်ခြင်းပါ။ အောင်မြင်နေတဲ့သူတွေက အချိန်ကိုဘယ်လိုအကျိုးရှိရှိအသုံးချလဲသိချင်ရင် ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပါရစေနော်။

အချိန်ကို အကျိုးရှိရှိအသုံးချခြင်း

တစ်နေ့တာအစီအစဉ်ကိုရေးဆွဲပါ

တစ်နေ့တာမှာ ဘာတွေလုပ်မယ်ဆိုတာကို ကိုယ်တိုင် အစီအစဉ်ဆွဲထားပါ။ အိပ်ရာမဝင်ခင်မှာ နောက်တစ်နေ့တာအတွက် အစီအစဉ်ကို အချိန်အပိုင်းအခြားနဲ့တကွသေချာလေးအစီအစဉ်ချတတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။

အချိန်အတိအကျသတ်မှတ်ပါ

ကိုယ့်တာဝန်တွေကို အပြီးသတ်ရမယ့်အချိန်တွေကို အတိအကျသတ်မှတ်ထားဖို့လိုပါမယ်။ ဥပမာပြောပြရရင်- X ဆိုတဲ့အလုပ်ကို မနက် (၁၀) နာရီမှာပြီးရမယ်။ Y ဆိုတဲ့အလုပ်ကို ညနေ (၃) နာရီမှာပြီးရမယ်။ Z ဆိုတဲ့ အလုပ်ကို ညနေ (၅) နာရီခွဲမှာပြီးရမယ် အချိန်အတိအကျသတ်မှတ်ရပါမယ်။

ပြီးရမယ့်အချိန်ကို အတိအကျသိအောင်လုပ်ပါ

တာဝန်တစ်ခုကို လုပ်ရတော့မယ်ဆိုရင်ပြီးရမယ့်အချိန်ကိုသေချာသိအောင်လုပ်ဖို့လိုပါမယ်။ ဒါမှ အလုပ်ကို အချိန်နဲ့ ကွက်တိကျအောင်လုပ်နိုင်မှာပါ။ ဒါက ကိုယ့်ကိုယ့်ကို ယုံကြည်မှုတိုးစေပြီး အောင်မြင်မှုရစေမယ့် အဓိကအချက်တွေထဲကတစ်ခုပေါ့။

မလုပ်နိုင်ဘူးဆိုတာကို မပြောမိအောင်လုပ်ပါ

အလုပ်တစ်ခုခုလုပ်ရတော့မယ်ဆိုရင် ငါတော့ မလုပ်နိုင်ဘူးဆိုတာကို မတွေးပါနဲ့။ နှုတ်ကနေလည်း မပြောမိပါစေနဲ့။ ဒီလိုမျိုတွေးမိတာက အလုပ်ကြန့်ကြာစေနိုင်သလို လုပ်နိုင်စွမ်းကိုပါထိခိုက်လာနိုင်ပါတယ်။

သတ်မှတ်ချိန်ထက် စောစောလေးပြီးအောင်လုပ်တတ်တဲ့ အလေ့အထမွေးပါ

အလုပ်တွေကို အချိန်မီလုပ်တတ်စေဖို့ သတ်မှတ်ချိန်ထက်စောစောလေးပြီးအောင်လုပ်တတ်တဲ့ အလေ့အထလေးမွေးမြူထားပါ။ အလုပ်ကို အချိန်ကိုက်ပြီးအောင်လုပ်တတ်တာက ကောင်းပေမယ့် စောစောလေးပြီးစီးနေတာကတော့ အကောင်းဆုံးပါနော်။

မြင်သာတဲ့နေရာမှာ နာရီထားပါ

အလုပ်စားပွဲကနေလှမ်းမြင်ရတဲ့နေရာမှာ နာရီတစ်လုံးကိုထားလို့ အချိန်ကို မကြာခဏကြည့်ပေးပါ။ အလုပ်ကိုအချိန်ကိုက်လုပ်တတ်လာပါလိမ့်မယ်။

အာရုံစူးစိုက်ပါ

တစ်နေ့တာမှာ အလုပ်တာဝန်တွေများတာသိပေမယ့် အလုပ်များလို့ဆိုပြီး အာရုံများလို့မဖြစ်ပါဘူး။ အာရုံများတာက အလုပ်မပြီးစေဖို့ အားပေးရာရောက်သွားနိုင်ပါတယ်။ ဒါကြောင့် လုပ်နေတဲ့ အလုပ်တစ်ခုအပေါ်မှာပဲ အာရုံစိုက်ထားပါ။

အာရုံထွေပြားစရာတွေနဲ့ ခပ်ကင်းကင်းနေပါ

အလုပ်လုပ်နေချိန်မှာ အာရုံထွေပြားစေမယ့်အရာတွေ ဥပမာ – ဟန်းဖုန်းကို ခပ်ဝေးဝေးမှာထားပေးပါ။ ဆိုရှယ်မီဒီယာတွေဖွင့်ထားတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက အာရုံစူးစိုက်မှုပိုကောင်းစေပြီး အလုပ်တွင်စေမှာပါ။

အရေးကြီးတာကို သိပါစေ

အလုပ်လုပ်တဲ့အခါ အရေးအကြီးဆုံးကနေစလုပ်ပါ။ ဒါမှ အလုပ်ပြီးမြောက်မှုဖြစ်စဉ်က အောင်မြင်မှာပါ။ ဒါကြောင့် မနက်ခင်းစတင်ချိန်မှာ အရေးအကြီးဆုံးဖြစ်မယ့် အရာကနေစတင်လုပ်ဆောင်ပါ။

ဒီလိုပြောတာနဲ့ တစ်နေ့တာလုံးကို အလုပ်တွေပဲလုပ်နေရမယ်လို့မဆိုလိုပါဘူး။ အလုပ်တာဝန်တွေကို ချိန်သားကိုက်ပြီးစီးအောင် လုပ်ပြီးပြီဆိုတာနဲ့ ကိုယ်ပိုင်အချိန်တွေက အလိုလိုထွက်လာမှာပါ။ ဒီထွက်လာတဲ့ အချိန်တွေကိုမှ ကျန်းမာရေးအတွက် အာဟာရပြည့်ဝအောင်စားတာ၊ အိပ်ရေးဝအောင်အိပ်တာ၊ ကိုယ်လက် လေ့ကျင့်ခန်းလုပ်တာ၊ မိသားစုကိုအချိန်ပေးတာ၊ ဝါသနာပါရာ လုပ်တာတွေအတွက် အသုံးချပါ။ ဒါမှ အလုပ်နဲ့ ဘဝ ဟန်ချက်ညီပြီး နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်တဲ့ လူသားတစ်ယောက်အနေနဲ့ အကောင်းဆုံးဖြတ်သန်းနိုင်မှာပါနော်။

Ref: Helloဆရာဝန်
ရေးသားသူ – Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top