စင်ကာပူနိုင်ငံတွင် အလုပ်အကိုင်ရရှိရန် ကြိုးပမ်းနေဆဲ မြန်မာလူငယ်များသို့

unnamed.png

အလုပ်အကိုင်ကောင်း တစ်ခု ရရှိရန် ကြိုးစားရသည်မှာ အရွယ်ရောက်လာသူ လူငယ်များအားလုံးအတွက် စိန်ခေါ်မှုတစ်ခုလိုပင် ဖြစ်လာပါသည်။ ပြည်တွင်း အလုပ်အကိုင်ရှာဖွေသူ တိုးပွားလာသည်သာမက ပြည်ပ အလုပ်အကိုင်ရှာဖွေသူ လူငယ်များမှာလဲ နှစ်စဉ် တရွေ့ရွေ့ တိုးမြှင့်လို့လာခဲ့ပါသည်။ နိုင်ငံအသီးသီးသို့ သွားရောက်လုပ်ကိုင်ရန် ကြိုးပန်းနေသူများအနက် တိုးတက်မှု အရှိန်အမြင့်မားဆုံး အိမ်နီးချင်းနိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးစားနေသူများပင် အတော်အများအပြားရှိလို့ နေပါသည်။

ထို့ကဲ့သို့ ကြိုးစားရာတွင် နည်းစနစ် တိကျသေချာသော ပြင်ဆင်မှုများလိုအပ်ပါသည်။ စာရေးသူမှ ညီငယ် ညီမငယ်လေးများ အတွက် လိုအပ်သော ပြင်ဆင်မှုများကို ရေးသား အကြံပြုလိုပါသည်။ ၂၀၁၇ ဇန်နဝါရီလ မှစ၍ မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ရက်သုံးဆယ် ဗီဇာ ကင်းလွှတ်စွာဖြင့် သွားရောက်နေထိုင်နိုင်ပြီ ဖြစ်ပါသည်။

စင်ကာပူနိုင်ငံသည် နေထိုင်၊ သွားလာ၊ စားသောက်ကုန်ကျစရိတ် မြင့်မားသည့် နေရာဒေသ ဖြစ်သည့်အတွက် နေထိုင်ရန် အခန်းဌားစရိတ်၊ သွားလာရန် ရထားစရိတ်၊ အနည်းဆုံး စားသောက်တန်းများ (Food Court/ Hawker Centres) တွင် တစ်လစာ စားသောက် သွားလာနေထိုင် နိုင်ရန် ငွေကြေး ကြိုတင်ပြင်ဆင်မှုများ လိုအပ်ပါသည်။ ညီငယ် ညီမငယ်လေးများအတွက် အနည်းဆုံး ကုန်ကျစရိတ် (low budget) ပြင်ဆင်နိုင်ရန် အောက်ပါအတိုင်း အကြံပြုလိုပါသည်။

နေထိုင်ရေး

အိပ်ခန်းဌားစရိတ် အတွက် ဒေါ်လာ ၃၀၀ မှ ၄၀၀ ကြား ရက်တိုနေထိုင်ရန် (Short term) အခန်းများကို ShweRooms တွင် ရှာဖွေနိုင်ပါသည်။

သွားလာရေး

စင်ကာပူတစ်နိုင်ငံလုံးကိုပင် လုံခြုံ အဆင်ပြေ သက်တောင့်သက်သာရှိသည့် လမ်းပန်းဆက်သွယ်ရေးစနစ် (MRT) ရထားစီး၍ သွားနိုင်ပါသည်။ မိမိ အင်တာဗျူးများအတွှက် သွားလာရန် ရထားကဒ် ဝယ်ယူ၍ အနည်းဆုံး ဒေါ်လာ ၁၀၀ လောက်တော့ အသုံးပြုရန် လိုအပ်ပါသည်။

စားသောက်ရေး

နေ့စဉ်ပုံမှန် စားသောက်ရန်အတွက် တစ်နပ်ကို ၇ ဒေါ်လာ နှုန်းဖြင့် တစ်နေ့လျှင် ဒေါ်လာ ၂၀ မှ ၃၀ ကြား ချွေတာလျှင် ကုန်ကျမည် ဖြစ်ပါသည်။ သို့ဖြင့် တစ်လလျှင် ဒေါ်လာ ၉၀၀ လောက်တော့ အနည်းဆုံး အသုံးပြုရန် လိုအပ်ပါသည်။ မိမိလိုရာ ပန်းတိုင်ရောက်ရန်အတွက် ရင်းနှီးမှုတစ်ခု ဖြစ်သလို သည်းခံ ချွေတာစွာ နေထိုင်သွားလာရမည့် စိန်ခေါ်မှု တစ်ခုလည်း ဖြစ်ပါသည်။

အလုပ်အကိုင်ရှာဖွေရန် Platform များ

လုပ်ငန်းခွင် လစ်လပ်နေရာများ ရှာဖွေရန် စင်ကာပူနိုင်ငံတွင် အဓိကဦးစားပေးသည့် Job Advertisement Platform များဖြစ်သည့် Job Street, Indeed, MonsterJob နှင့် Linkedin တွင် မိမိနှင့် သက်ဆိုင်ရာ လစ်လပ်နေရာများကို အမြဲစောင့်ကြည့်၍ CV နှင့် email များ ပို့ရန်လိုအပ်ပါသည်။

CV နှင့် email ပို့ရာတွင်လည်း ကောင်မွန်သော ပြင်ဆင်ရေးသားခြင်းနှင့် အလုပ်ရှင်ဘက်မှ လွယ်ကူစွာ ဆက်သွယ်နိုင်ရန် စင်ကာပူ ဖုန်းနံပါတ်, မိမိ Skype account နှင့် WhatsApp number များ ထည့်သွင်း ဖော်ပြရန် လိုအပ်ပါသည်။ ပုံမှန်အားဖြင့် CV နှင့် eMail ပို့ပြီး နှစ်ပတ်မှ သုံးပတ်အတွင်း မိမိသည် လစ်လပ်နေရာအတွက် ကိုက်ညီလျှင် အလုပ်ရှင်ဘက်မှ ဆက်သွယ်လာတတ်ပါသည်။

အလုပ်လျှောက်သောအခါ

ထိုအချိန်တွင် မိမိသည် အင်တာဗျုးအတွက် စတင်ပြင်ဆင်ရန် လိုအပ်လာပါပြီ။ အင်တာဗျုး တွင် အကောင်းဆုံးဖြေဆိုနိုင်ရန် အလုပ်ခေါ်စာတွင် ရေးသားထားသော အလုပ်တာဝန်နှင့် ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်ချက်များ (Job Description) များကို ကြိုတင် ပြောဆိုလေ့ကျင့် ပြင်ဆင်ရန် လိုအပ်ပါသည်။ အင်တာဗျုးတွင် ရိုးသားမှုရှိရန် အရေးကြီးလှပါသည်။ အဓိက အမေးများသည့် မေးခွန်းများဖြစ်သည့် “စင်ကာပူတွင် အလုပ် လုပ်ကိုင်လိုသည့် အကြောင်းအရင်း”၊ “ယခင်အလုပ်မှ နှုတ်ထွက်သည့် အကြောင်းအရင်း”၊ “ယခုအလုပ်ပေါ် ထားရှိသည့် မိမိ၏ မျှော်လင့်ချက်” စသည့် မေးခွန်းများသည် မိမိ၏ စိတ်နေသဘောထားကို ရုတ်တရပ် စစ်ဆေးလိုသည့် မေးခွန်းများ ဖြစ်သည့်အတွက် အချိန်တိုအတွင်း ကောင်းမွန် တည်ငြိမ်စွာ ဖြေဆိုနိုင်ရန် ပြင်ဆင်လေ့ကျင့်ရန် လိုအပ်ပါသည်။

အင်တာဗျုးအပြီးတွင် အလုပ်ရှင်ဘက်မှ အင်တာဗျုးသူ၏ အချိန်နှင့် အခွင့်အရေးအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုသင့်ပါသည်။ အင်တာဗျုးအပြီး နှစ်ပတ်ကျော် သုံးပတ်အတွင်း အလုပ်ရှင်ဘက်မှ ဆက်သွယ်လာခြင်းမရှိပါက မိမိသည် ဖုန်းဖြင့်၊ email ဖြင့် ဆက်သွယ်မေးမြန်း စုံစမ်းရန် လိုအပ်ပါသည်။

နိုင်ငံရပ်ခြားတွင် အလုပ်အကိုင်ကောင်း တစ်ခု ရရှိရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများလဲ များစွာ ပြင်ဆင်ရန် လိုအပ်ပါသည်။ တွေ့မြင်သမျှ ဝယ်ချင်စရာ၊ စားချင်စရာ ကောင်းလှသည့် ကုန်ကျစရိတ်ကြီးသည့် စင်ကာပူလိုနေရာဒေမျိုးတွင် မိမိစိတ်ကို ထိန်းချုပ်ပြီး ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ကြိုးစား ရုန်းကန်ရမည် ဖြစ်ပါသည်။

အေးချမ်း အောင်မြင်သော ဘဝပန်းတိုင်သို့ အရောက်လှမ်းနိုင်ကြပါစေ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top