မြန်မာနိုင်ငံတွင် အောင်မြင်စွာကျင်းပခဲ့သည့် ONE: NXT Networking Night Myanmar

viber_image_2019-09-14_21-30-53.jpg

မြန်မာနိုင်ငံရဲ့ အားကစားလောကမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးကွက်အလားအလာ၊ Brand Engagement နဲ့ အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်တွေအကြောင်း ဆွေးနွေးတဲ့ ONE: NXT Networking Night Myanmar ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၁) ရက်နေ့က Melia Hotel ရှိ Garbo Bar မှာ ကျင်းပခဲ့ပါတယ်။ ONE: NXT ကို အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ကျင်းပပြီးဖြစ်ကာ တတိယမြောက်ပွဲအဖြစ် မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

“မြန်မာနိုင်ငံဟာ တကယ့်ထူးခြားမှုတွေနဲ့ ပြည့်နက်နေပါတယ်။ အရမ်းကိုလှပတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ရိုးရာ ကိုယ်ခံပညာရပ် နှစ်ပေါင်းများစွာကတည်းက သန္ဓေတည် ရှင်သန်လာခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံဟာ အရမ်းကို ကောင်းမွန်ထူးချွန်တဲ့ ကမ္ဘာ့ချန်ပီယံ တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပါတယ်” လို့ ONE Championship ရဲ့ Chief Commercial Officer ဖြစ်သူ Hari Vijayarajan က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ONE: NXT Networking Night Myanmar ပွဲကို မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေးလုပ်ငန်းတွေရဲ့ အကြီးတန်း စီမံခန့်ခွဲသူတွေ၊ အားကစားဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်တွေ စုစုပေါင်ဦးရေး (၁၀၀) ကျော် တက်ရောက်ခဲ့ကြပြီး ONE ရဲ့ CCO ဖြစ်သူ Hari က ကိုယ်ခံပညာနဲ့ Esports တွေအတွက် အာရှဈေးကွက်အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ONE Championship ရဲ့ Facebook Page မှာ Followers (၁၇) သန်းကျော်ရှိပါတယ်။ အဲဒီအထဲက (၇) သန်းသော Followers တွေဟာ မြန်မာနိုင်ငံကပါ။ နောက်ပြီး ONE: New Era ပြိုင်ပွဲမှာ တိုက်ရိုက် ပွဲကြည့်ရှုသူဦးရေ (၄၂) သန်းကျော် ရှိခဲ့ပါတယ်။ ဒီအထဲမှာ (၉) သန်းလောက်ဟာ မြန်မာနိုင်ငံကဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အားကစားနဲ့ ပတ်သက်ရင် ကောင်းမွန်တဲ့ အခြေခံတွေ ရှိနေပါတယ်” ဟု Hari က ပြောခဲ့ပါတယ်။

အဲဒီနောက် BUILDING FAN ENGAGEMENT STRATEGIES THROUGH SPORTS ခေါင်းစဉ်နဲ့ ဆွေးနွေးခြင်း အစီအစဉ်ကို စတင်ခဲ့ပြီး ONE Championship ရဲ့ Senior Commercial Advisor ဖြစ်သူ Erica KernerWorld Lethwei Championship ရဲ့ CEO ဖြစ်သူ Gerald NgCity Mart Holding Co., Ltd ရဲ့ Marketing & Communications Consultant ဖြစ်သူ Eileen Lui တို့ က ဆွေးနွေးခဲ့ကြပါတယ်။

တတိယပိုင်းအစီအစဉ်မှာ မြန်မာရိုးရာလက်ဝှေ့ ချန်ပီယံဟောင်းဖြစ်သူ လုံးချော၊ မြန်မာလက်ရွေးစင် ဘောလုံးသမားဟောင်း သီဟစည်သူနဲ့ မြန်မာနိုင်ငံကိုယ်စားပြု ONE Championship ကစားသမား စိုင်းဉာဏ်လင်း တို့က OUR JOURNEY – MYANMAR ATHLETES ခေါင်းစဉ်နဲ့ သူတို့ ဖြတ်သန်းခဲ့ရတဲ့ အားကစားသမားဘဝ အတွေ့အကြုံတွေကို ဆွေးနွေးခဲ့ကြပါတယ်။

“ဒီလိုမျိုးပွဲလေးတွေ စနစ်တစ်ကျလုပ်ပေးတာ ကောင်းပါတယ်။ ကျွန်တော်တို့လည်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည် မျှဝေလို့ရတာပေါ့။ ကျွန်တော်တို့ခေတ် နောက်ပိုင်းမှာ အားကစားလောကက ခေတ်နဲ့ အညီ ပြောင်းလဲလာတာလေးတွေတွေ့ရတယ်။ ကျွန်တော်တို့တုန်းက နယ်ပွဲအချို့ဆိုရင် ဝါးလုံးတန်းပြီး ဝါးကပ်အခင်းနဲ့တောင် ထိုးခဲ့ရဖူးတယ်။ မိုးရွာရင် ကြိုးဝိုင်းပေါ်မှာ မထိုးရဘဲ တဗိုင်းဗိုင်းလဲနေကြရော၊ အခုနောက်ပိုင်း ကြိုးဝိုင်းတွေဆိုလည်း တော်တော် ကောင်းလာတယ်။ ONE Championship မှာ ရိုးရာလက်ဝှေ့ ကစားသမားတွေ ယှဉ်ပြိုင်နေကြတာ တွေ့ရတယ်။ ကျွန်တော်အမြင်ကတော့ ဒါဟာ ကောင်းတဲ့ လက္ခဏာပါပဲ။ ကစားသမားတွေလည်း အခြား မတူတဲ့ အတွေ့အကြုံရတာပေါ့။ နောက်ပြီး ငွေကြေးပိုင်းလည်း အထောက်အကူတစ်ခုရတာပေါ့” လို့ မြန်မာရိုးရာ လက်ဝှေ့ချန်ပီယံဟောင်း လုံးချောက ပြောကြားခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဂိုးသမား သီဟစည်သူကလည်း “ဒီပွဲရဲ့ ရည်ရွယ်ချက်လေးက ကောင်းတယ်။ ကျွန်တော်တို့ဆီမှာက ဒီလိုမျိုး စနစ်တကျ မလုပ်နိုင်ကြသေးဘူး။ သူတို့ရဲ့ အချက်အလက်တွေနဲ့ စနစ်တကျလုပ်ထားတာ မြင်ရတော့ အားကျမိတယ်။ နောက်ပြီး ကျွန်တော်တို့လည်း သူတို့ကို အတုယူပြီး လိုက်လုပ်မယ်ဆိုရင် မြန်မာအားကစားလောက ပိုပြီး တိုးတက်လာမယ်လို့မြင်မိတယ်။ စပွန်ဆာတွေ ထောက်ပံ့ပေးမယ့်သူတွေလည်း အခုထက်ပိုများလာနိုင်မယ်” လို့ ပြောခဲ့ပါတယ်။

ONE: Century Part I နှင့် Century Part II ကို လာမယ့် အောက်တိုဘာလ (၁၃) ရက်နေ့ရောက်ရင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပ ပြုလုပ်သွားမှာပါ။ အဲဒီပြိုင်ပွဲဟာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြီးကျယ် အခမ်းနားဆုံးပြိုင်ပွဲကြီးလို့ဆိုနိုင်ပြီး ကိုယ်ခံပညာရပ်ပေါင်းစုံမှာ ကျင်လည်ကျက်စားနေတဲ့ ကမ္ဘာ့ချန်ပီယံ (၂၈) ဦးအထိ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Ref: ONE Championship

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top