ကြောင်းကျိုးမြင်သိ ပညာရှိထံ နည်းနာခံ မှတ်ရန် အောင်မြင်ကြောင်း

(၁) ဗုဒ္ဓဒေသနာလာ တရားဓမ္မ၊ အဆုံးအမတွေကို လေ့လာကြည့်တဲ့အခါ ဘုရားရှင်ဟာ လောကလူသားတွေ ဘေးမဖြစ်စေဖို့ ရှောင် ကြဉ်ရမယ့်အရာ၊ မလုပ်သင့်တာတွေ မလုပ်ဖို့ အရင်တားမြစ်ပါတယ်။ ပြီးမှ ဆောင်ရွက်ရမယ့်အရာ၊ လုပ်သင့်တာတွေကို လုပ်ဆောင်ဖို့ ဟောကြားလမ်းညွှန်ထားတာ တွေ့ရမှာပါ။ ဘဝမှာ မလုပ်သင့်တာနဲ့ လုပ်သင့်တာနှစ်မျိုးရှိတဲ့အထဲက မလုပ်သင့်တာကို ဘာဖြစ်လို့ အရင်ပြောလဲဆိုရင်တော့ လုပ်သင့်တာ ကို မလုပ်တာထက် မလုပ်သင့်တာကို လုပ်မိရင် ပိုပြီး ဘေးအန္တ ရာယ် ရှိနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒီ သဘောအတိုင်းပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအတွက် ”ဘဝနေနည်းအနှစ် ချုပ်”လို့ဆိုနိုင်မယ့် မင်္ဂလသုတ္တန်လာ မင်္ဂလာတရား (၃၈)ပါးမှာ လူမိုက်တွေကို မပေါင်းသင်းဖို့ ဗုဒ္ဓဘုရားရှင်က အရင်ဦးဆုံး လမ်းညွှန် ပါတယ်။ တစ်ခုရှိတာက လူတစ်ယောက်ရဲ့ဘဝ တိုးတက်ကြီးပွားဖို့ဆိုတဲ့ နေရာမှာ လူဆိုးလူမိုက်တွေကို ရှောင်ကြဉ်ရုံနဲ့တင် မလုံလောက်သေးပါဘူး။ ”လူမိုက်ကို မမှီဝဲတာက ဆိုးလမ်း ရှောင်တာပဲရှိသေးတယ်။ ဆိုးလမ်းရှောင်ပြီးရင် ကောင်းလမ်းကိုလည်းပဲ ထပ်မံရွေးချယ်ရဦး မယ်”လို့ မင်္ဂလာဓာရဏကထာမှာ ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးက လမ်းညွှန်ပါတယ်။

ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမအတိုင်း ဆရာတော်၊ သံဃာတော်ကြီးများ ဟောကြားလမ်းညွှန်ထားတဲ့ ကောင်းလမ်းဆိုတာကတော့ ဗာလခေါ် လူမိုက်တွေကို ရှောင်ပြီးပြီဆိုတဲ့နောက် ပဏ္ဍိတလို့ခေါ်တဲ့ ပညာရှိသူတော်ကောင်းတွေကို မှီဝဲပေါင်းသင်းကြဖို့ ဖြစ် ပါတယ်။ ”ပဏ္ဍိတာနဉ္စ သေဝနာ၊ ဧတံ မင်္ဂလ မုတ္တမံ။ ပညာရှိကို ဆည်းကပ်ခြင်းသည် မြတ်သောမင်္ဂလာမည်၏” လို့ မင်္ဂလသုတ်မှာ ဟောကြားထားတာ အထူးပြောစရာ မလိုတော့ပါဘူး။

(၂) ကျွန်တော်တို့တွေ ကျောင်းနေအရွယ် ကလေးဘဝကတည်းက သင်ကြား၊ ရင်းနှီးပြီးသား ကျေးညီနောင်ပုံပြင်ဖြစ်တဲ့ ပိဋကတ်တော်လာ သတ္တိဂုမ္ဗဇာတ်ကို အားလုံးသိကြပါတယ်။ကျေးညီနောင်ပုံပြင်မှာ ကြက်တူရွေးနှစ်ကောင်ဟာ ညီအစ်ကိုရင်းဖြစ်တာတောင်မှ ဓားပြလူမိုက်တွေဆီရောက်သွားတာနဲ့ ရသေ့သူ တော်စင်ဆီရောက်သွားတဲ့အပေါ်မူတည်ပြီး အပြောအဆို၊ စရိုက် လက္ခဏာတွေ ကွာခြားသွားတယ်။ လူမိုက်ရဲ့အရိပ်မှာ သွားနားတော့ လူမိုက်ဓာတ်ကူးပြီး ပညာရှိသူတော်စင်ရဲ့အရိပ်အောက်မှာ ခိုဝင်တော့ သူတော်ကောင်းဓာတ်တွေ စီးဝင်ကူးစက်သွားတဲ့သဘောပါပဲ။

၅၅ဝ ဇာတ်နိပါတ်၊ ဂိရိဒတ္တဇာတ်မှာ ဂိရိဒတ္တဆိုတာ ဗာရာဏ သီပြည့်ရှင် သာမဘုရင်ရဲ့ ပဏ္ဍဝမြင်းကို ထိန်းကျောင်းပေးရသူ မြင်းထိန်းတစ်ယောက်ပါ။ ဂိရိဒတ္တရဲ့ ချို့ယွင်းချက်က သူဟာ ခြေ ထောက် သိပ်မသန်ဘဲ ခြေခွင်နေရှာတယ်။ ခြေခွင်နေတယ်ဆိုတော့ လမ်းလျှောက်တဲ့အခါ ထော့နဲ့ထော့နဲ့ပဲပေါ့။ ဂိရိဒတ္တထိန်းကျောင်းရတဲ့ ရှင်ဘုရင်ရဲ့မြင်းဟာ နဂိုတုန်းက ခြေထောက်နှစ်ဘက်စလုံး သန်သန်မာမာပါ။ ဒါပေမဲ့ မြင်းထိန်း ဖြစ်တဲ့ ဂိရိဒတ္တ လမ်းလျှောက်တာကို မြင်ပါများတော့ ပဏ္ဍဝမြင်းပါ လိုက်ပြီး ခြေထော့နဲ့ထော့နဲ့ ဖြစ်သွားခဲ့ရတယ်။ ဒါဟာ ဓာတ်ကူးသွားတဲ့သဘော ဖြစ်ပါတယ်။

ဗုဒ္ဓလက်ထက်တော်အခါကာလမှာ ပညာဉာဏ်ကြီးမားတဲ့ ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ တပည့်တွေ အားလုံး ပညာကြီးကြ သလို တန်ခိုးအရာ ကြီးမားသာလွန်တဲ့ ရှင်မောဂ္ဂလာန်ရဲ့ နောက် ပါ တပည့်တွေအားလုံးဟာလည်း တန်ခိုးအရာ ကြီးမားကြပါသတဲ့။ အဲဒီလိုပဲ။ ဘုရားရှင်ကို ရန်သူထင်ပြီး မကောင်းကြံ၊ အံတုခဲ့သူ ရှင်ဒေဝဒတ် ဆိုးညစ်ယုတ်မာသလို သူ့နောက်လိုက် တပည့်တွေဟာလည်း ဒေဝဒတ်ဆီက ဓာတ်ကူးပြီး အလိုဆိုး၊ စိတ်ဆိုးစိတ်ယုတ် မာတွေ ရှိကြတယ်။ ဒါကြောင့် ”သတ္တဝါများမှာ ဓာတ်တူချင်း နှီးနှော ညီညွတ်ကြရ သည်”လို့ ဓာတုသံယုတ်မှာ ဟောကြားထားတာပါ။

ကျေးဇူးတော်ရှင် ကျမ်းပြုအကျော် သပြေကန်ဆရာတော်ကြီး ရေးသားစီရင်အပ်တဲ့ ”ပရိတ်ကြီးနိဿယသစ်”ကျမ်းစာပါ ”မင်္ဂလ သုတ် နိဿယသစ်”မှာလည်း- ”ဓာတ်တို့သည် ကူးစက်တတ်၊ နှီးနှောမိတတ်သောကြောင့် သားသမီး၊ တပည့်တပန်းတို့ လူတော်လူကောင်းဖြစ်ဖို့အရေး၌ မိဘ ဆရာတို့ သူတော်ကောင်းဖြစ်ရန်လည်းကောင်း၊ ပတ်ဝန်းကျင် အပေါင်းအသင်းတွေမှာ လူလိမ္မာဖြစ်ရန်လည်းကောင်း အရေးကြီး လှ၏။ မတတ်သာ၍ မိဘမိုက်၊ ဆရာမိုက်တို့နှင့် ဆုံနေရသည်ဖြစ် စေ၊ လူမိုက်တို့နှင့် ပေါင်းနေရသည်ဖြစ်စေ၊ ဓာတ်မကူးအောင် အထူးသတိထားသင့်၏။ အကောင်းဓာတ်သည် အကူးအစက်နှေး တတ်သော်လည်း မကောင်းဓာတ်ဟူသည်မှာ အကူးအစက် မြန်တတ်သည်”လို့ ထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။ ငယ်ရွယ်စဉ်ကာလကစလို့ ကျင်လည်ရာ ဘဝခရီးတစ်လျှောက် ကောင်းကျိုးချမ်းသာ မင်္ဂလာတွေ ရရှိခံစားလိုတယ်ဆိုရင်တော့ ပဏ္ဍိတာနဉ္စ သေဝနမင်္ဂလာကို လိုက်နာကျင့်သုံးဖို့ လိုအပ်တာအမှန် ပါပဲ။

(၃) မင်္ဂလသုတ်လာ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာသုံးပါးထဲက ဒုတိယမြောက်မင်္ဂလာအရ ပညာရှိလူလိမ္မာကို ပေါင်းသင်း ဆက်ဆံရ မယ်ဆိုတာတော့ သိကြပါပြီ။ ဒါပေမဲ့ ”ပဏ္ဍိတ”လို့ ခေါ်ဆိုထိုက်သူ ပညာရှိဆိုတာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ၊ ”ပဏ္ဍိတ”တို့ရဲ့ အကျင့်သီလ၊ စရိုက်လက္ခဏာတွေဟာ ဘယ်လိုအရာတွေလဲဆိုတာတော့ စိစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ လူမှုဝန်းကျင်မှာ အတန်းပညာ၊ အတတ်ပညာတွေတတ်ပြီး ဘွဲ့လက်မှတ်ဒီဂရီတွေ ရရှိထားတဲ့ ခေတ်ပညာတတ် တွေ အများကြီးရှိပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေကို ပညာတတ်အဖြစ် သတ်မှတ်လို့ရပေမယ့် မင်္ဂလာသုတ်မှာပါဝင်ဟောကြားထားတဲ့ ပဏ္ဍိတဆိုတာကတော့ ပညာတွေတတ်ရုံနဲ့ မလုံလောက်ပါဘူး။

တချို့ ပညာတွေတတ်သလောက် တစ်ဖက်သားအပေါ် ယုတ်မာ ကောက်ကျစ်နေတဲ့ ပညာတတ်လူယုတ်မာ၊ ပညာတတ်လူမိုက်တွေ ရှိတတ်ပါတယ်။ တကယ်တမ်း ပညာတတ်တွေ ယုတ်မာပြီဆိုရင် ပိုပြီး ကြောက်စရာကောင်းသလို လူ့အဖွဲ့အစည်းအတွက် အဖျက်စွမ်း အား ပိုကြီးတတ်တာ သိကြပြီးသားပါပဲ။ ဗုဒ္ဓဘုရားရှင် ဟောကြားထားတဲ့ ပဏ္ဍိတဆိုတာ ပညာလည်း ရှိ၊ သူတော်ကောင်းစိတ်ဓာတ်လည်း ရှိသူ ပညာရှိသူတော်ကောင်းတွေကို ခေါ်ဆိုတာပါ။ ပညာလည်းတော်၊ ကိုယ်ကျင့်တရားလည်း ကောင်းတဲ့ လူတော်လူကောင်းတွေကို ဆိုလိုတာပါ။ တစ်နည်းပြောရရင် တကယ့်ပညာရှိ ပဏ္ဍိတအစစ်ဆိုတာ အသိရော၊ အကျင့်ပါ ပြည့်စုံနေသူကို ညွှန်းဆိုတာပဲ ဖြစ်ပါတယ်။

”ပညာ”ရဲ့အဓိပ္ပာယ်ဟာ ”အမှားအမှန်၊ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်ခြင်း” ဖြစ်ပါတယ်။ ဒီအဓိပ္ပာယ်အရ ပညာရှိဆိုတာဟာ အမှားနဲ့အမှန် ခွဲခြားသိနိုင်သူ၊ အကျိုးနဲ့ အကြောင်း ဝေဖန်ပိုင်းခြားတတ်သူ၊ ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲ ခြားနားလည်နိုင်စွမ်းရှိသူလို့လည်း ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ပညာရှိတို့ရဲ့ အမူအကျင့်၊ စရိုက်လက္ခဏာတွေကို အလွယ်တကူ သိရှိနိုင်ဖို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဟောကြားထားတဲ့ ပဏ္ဍိတ လက္ခဏာ လင်္ကာလေးကို ထုတ်နုတ်ပြပါရစေ။

”ကောင်းဆိုးနှစ်ပါး၊ သိတတ်ငြား၊ မှတ်သား လူလိမ္မာ။ သုစရိတ ကျင့်ကြံက၊ မှတ်ကြ လူလိမ္မာ။
ကြံ, ပြော, လုပ်မှု၊ ဤသုံးခုများ ကောင်းမွန်ငြား၊ မှတ်သား လူလိမ္မာ။ ကီ,ကုတ် နှစ်မျိုး၊ အကျိုးနှစ်ဝ၊ ရလေက၊ မှတ်ကြ လူလိမ္မာ” ဆိုတဲ့ ဆောင်ပုဒ်လင်္ကာလေး ဖြစ်ပါတယ်။ လောကလူ့ရွာထဲ လူတစ်ဦးနဲ့တစ်ဦး၊ မိသားစုတစ်စုနဲ့တစ်စု၊ လူမှုဝန်းကျင်တစ်ခုနဲ့ တစ်ခု ပေါင်းသင်းဆက်ဆံကြတဲ့အခါမှာ လူမိုက်တွေဟာ အမှားနဲ့အမှန်၊ အကောင်းနဲ့အဆိုး၊ အကျိုးနဲ့အပြစ် မသိပေမဲ့ လူလိမ္မာပညာရှိတွေကတော့ ကိုယ်လုပ်လိုက်တဲ့ကိစ္စတစ် ခုအတွက် ကုသိုလ်၊ အကုသိုလ်၊ ကောင်းကျိုးဆိုးပြစ်တွေကို စိစစ် ခွဲခြားနိုင်ကြတယ်။

အကောင်းနဲ့အဆိုး၊ ကုသိုလ်နဲ့အကုသိုလ်ကို ခွဲခြားနားလည်ထား သူ ပညာရှိဟာ ကိုယ်တိုင် အကျိုးမရှိ၊ သူတစ်ပါးလည်း အကျိုး မရှိတဲ့ ဒုစရိုက်အမှုတွေကို ရှောင်ပြီး သုစရိုက်အမှုတွေကို ပြုမူကျင့် ကြံတယ်။ ပဏ္ဍိတဆိုတာ သူတစ်ဘက်သား ပျက်စီးရာပျက်စီးကြောင်းတွေ ကို စိတ်ထဲက မကြံစည်၊ နှုတ်ကနေ မဖွင့်ဟသလို ကာယကံမှုနဲ့ လည်း တစ်ဘက်သား နစ်နာအောင် မပြုတတ်ပါဘူး။ ”အကောင်း ကြံ၊ အမှန်လုပ်၊ ဟုတ်တာပြော”ဆိုသလို ကံသုံးပါးစလုံး ကောင်းမွန် မြတ်မြင့်နေသူကိုမှ ပဏ္ဍိတလို့ ခေါ်ဆိုထိုက်တာဖြစ်ပါတယ်။

ဒီအချက်သုံးချက်ကိုပဲ ”(၁) ကောင်းသောအကြံအစည်ကိုသာ ကြံစည်လေ့ရှိခြင်း၊ (၂) ကောင်းသောစကားကိုသာ ပြောလေ့ရှိခြင်း၊ (၃) အကောင်းသောအလုပ်ကိုသာ လုပ်လေ့ရှိခြင်း”ဆိုပြီး ပဏ္ဍိတ လက္ခဏာ(၃)ပါးမှာ ပြဆိုထားတာပါ။နောက်ပြီး ဗုဒ္ဓမြတ်စွာ ဟောကြားထားတဲ့ တကယ့်ပဏ္ဍိတအစစ်ဟာ မျက်မှောက်ဘဝ ကြီးပွားရေး၊ လောကီအကျိုးကိစ္စအပြင် နောင်ဘဝသံသရာနဲ့ လောကုတ္တရာအကျိုးကိစ္စအတွက်ပါ ထည့်သွင်းစဉ်းစားတတ်သူဖြစ်ကြောင်းလည်း မှတ်သားနာကြားရပါတယ်။

(၄) ဘုရားဟောဒေသနာလာ ပညာရှိလက္ခဏာတွေကို သိရှိပြီးတဲ့ နောက် ပဏ္ဍိတာနဉ္စ သေဝနမင်္ဂလာနဲ့ပတ်သက်လို့ မေးစရာရှိတာက ကျွန်တော်တို့တွေရဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ ဘာဖြစ်လို့ ပညာရှိသူတော်ကောင်းတွေကို ရွေးချယ်ပေါင်းသင်းဖို့ လိုအပ်တာလဲဆိုတာပါ။
ဒီမေးခွန်းအတွက် အရင်ဆုံးပြောရမှာက ပညာရှိပဏ္ဍိတဆီက သူတော်ကောင်းဓာတ် အမွန်အမြတ်တွေ ကိုယ့်ဆီကို ကူးစက်လာ အောင်ပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဖက်ရွက်လေးတစ်ခုဟာ သူ့နဂိုတုန်းက ဘာနံ့မှ မရှိသေးပါဘူး။ ဒါပေမဲ့ အဲဒီဖက်ရွက်ထဲကို ရနံ့လှိုင်တဲ့ စံပယ်ပန်းလေးတွေ ထည့်ပြီးထုပ်ထားလိုက်ရင်တော့ စံပယ်ပန်းရနံ့လေးတွေ ကူးစက်လာပါတယ်။ နောက်ဆုံး စံပယ်ပန်းတွေကို ပြန်ယူလိုက်ရင် တောင် ဖက်ရွက်မှာ စံပယ်ပန်းရနံ့လေး သင်းကျန်နေပါသေးတယ်။

အဲဒီလိုမျိုးပဲ။ ကျွန်တော်တို့တွေရဲ့ လူမှုဝန်းကျင်မှာလည်း စံပယ် ပန်းလို ရနံ့သတင်းမွှေးပြီး သူတော်ကောင်းစိတ်ဓာတ်ရှိသူ လူလိမ္မာ ပညာရှိတွေနဲ့ ပေါင်းဖော်မှီဝဲမယ်ဆိုရင် ပညာရှိဆီက သုစရိုက်လက္ခ ဏာ အမူအကျင့်တွေ ပျံ့နှံ့ကူးစက်လာနိုင်ပါတယ်။ ”လူလိမ္မာပညာရှိဖြစ်ဖို့ဆိုတာ ဆရာကောင်း၊ သမားကောင်းတွေ၊ မိကောင်းဖခင်တွေရဲ့ သွန်သင်ဆုံးမမှုကို ရရှိတဲ့ပုဂ္ဂိုလ်မှသာလျှင် လူလိမ္မာပညာရှိ ဖြစ်ကြတာ”လို့ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာ တော်ကြီးက ”လူလိမ္မာ ပညာရှိ”တရားတော်မှာ ဟောကြားပြီး ဒီလိုပုဂ္ဂိုလ်တွေဟာ လောကမှာ ပေါင်းသင်းထိုက်သူ၊ အတုယူပြီး မှီခိုအားထားထိုက်သူတွေဖြစ်ကြောင်း ထပ်လောင်းမိန့်ကြားထားပါ တယ်။
ပဏ္ဍိတကို ပေါင်းဖော်ရခြင်းအကြောင်းရင်းအတွက် အရေးကြီးတဲ့ အချက်ရှိပါသေးတယ်။အဲဒါကတော့ ကျွန်တော်တို့တွေဟာ ပညာရှိသူကို ပေါင်းသင်းလိုက်ရုံနဲ့ နေ့ချင်းညချင်းကြီး တိုးတက်ကြီးပွား မသွားနိုင်ဘူးဆိုရင် တောင် လူမိုက်နဲ့အတူနေရသလိုမျိုးတော့ ဘေးအန္တရာယ်ဖြစ်မသွားနိုင်တာကြောင့်ပါ။

ဓမ္မပဒဒေသနာမှာ ”လူမိုက်နဲ့အတူနေရတာဟာ ရန်သူနဲ့အတူ နေရသလိုပဲ။ ပညာရှိ သူတော်ကောင်းနဲ့ပေါင်းရတာကတော့ ကိုယ့်ရဲ့ ဆွေမျိုးတွေနဲ့ နေရသလိုပါပဲ”လို့ ဆိုထားတာကို မှတ်သားနာယူကြဖို့ ဖြစ်ပါတယ်။ ပညာရှိသူတော်ကောင်းကို ပေါင်းဖော်မှီဝဲ အမှီသဟဲပြုရင် ရနိုင်တဲ့အကျိုးကျေးဇူးနဲ့ပတ်သက်လို့ နီတိမှာပြောထားတဲ့စကား တချို့လည်း ရှိပါတယ်။


”ပိုးလောက်လန်းပင်ဖြစ်သော်လည်း မြတ်လေးပန်းနဲ့ပေါင်းရတော့ မိဖုရားရဲ့ခေါင်းပေါ်ကို ရောက်ရတယ်”ဆိုတဲ့အကြောင်း နီတိဆရာက ဆိုထားတာပါ။ နောက်ပြီး ”မျက်စိနှစ်ဖက် အစုံပျက်နေတဲ့ပုဂ္ဂိုလ်ပင်ဖြစ်သော် လည်းပဲ မျက်စိမြင်တဲ့ပုဂ္ဂိုလ်ရဲ့ တောင်ဝှေးကို ဆွဲကိုင်ပြီး လိုက်မယ် ဆိုရင် လိုရာပန်းတိုင်ကို ရောက်နိုင်ပါတယ်”ဆိုတဲ့ နီတိစကားဟာလည်း စဉ်းစားစရာကောင်းလှပါတယ်။

(၅) မြန်မာစာ မြန်မာစကားမှာ ”မုဆိုးနားနီး မုဆိုး၊ တံငါနားနီး၊ တံငါ”ဆိုတာ ရှိသလို ”သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့”ဆိုတဲ့စကားလည်း ရှိပါတယ်။ လူမှုဝန်းကျင်မှာ အပေါင်းအသင်း၊ သူငယ်ချင်း ရှာဖွေတဲ့အခါ ဘယ်လိုလူမျိုးနဲ့ ပေါင်းသင်းမလဲဆိုတဲ့ကိစ္စဟာ ကိုယ့်ရွေးချယ်မှုနဲ့ လည်း သက်ဆိုင်တဲ့သဘောပါပဲ။ တကယ်လို့ ကိုယ်က ကံမကောင်း အကြောင်းမလှလို့ အန္ဓဗာလ တွေများတဲ့ ပတ်ဝန်းကျင်၊ မကောင်းတဲ့ လူမှုအသိုက်အဝန်းတစ်ခု မှာ ချောင်ပိတ်နေတယ်ဆိုရင်တောင် လူမိုက်တွေကိုတော့ ရှောင် ကြဉ်နိုင်ဖို့ အရေးကြီးပါတယ်။
မကောင်းတဲ့ပတ်ဝန်းကျင်ကနေ ဖောက်ထွက်ပြီး ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်း နည်းကောင်းလမ်းပြ၊ ဆိုဆုံးမပေးနိုင်သူ ပဏ္ဍိတတွေနဲ့ ပေါင်းဖော်နိုင်မှ ဒီဘဝ သံသရာ နှစ်ဖြာသော အကျိုးကျေးဇူးတွေ ရရှိနိုင်မှာပါ။ အထက်မှာဆိုခဲ့တဲ့ ဂိရိဒတ္တဇာတ်မှာ ခြေမသန်တဲ့မြင်းထိန်းကြောင့် သူပါလိုက်ပြီး ခြေထော့နဲ့ထော့နဲ့ဖြစ်သွားခဲ့တဲ့ ပဏ္ဍဝမြင်းဟာ နောက်မြင်းထိန်းတစ်ယောက်ပြောင်းလိုက်တော့မှ နဂိုအတိုင်း ပြန်ဖြစ်သွားတယ်။

ဗုဒ္ဓလက်ထက်မှာ အဇာတသတ်ဘုရင်ဟာ ဒေဝဒတ်ကို ဆရာတင်မှားလို့ အဖသတ်သားအဖြစ် ဒီကနေ့တိုင်အောင် ရာဇဝင်တွင်ခဲ့ရတယ်။ သူကျူးလွန်ခဲ့တဲ့အပြစ်အတွက် မျက်မှောက်ဘဝမှာတင် နောင်တတစ်ဖန် ပူပန်မှုတွေနဲ့ အိပ်လို့မရအောင်ဖြစ်ခဲ့ရပေမယ့် ဗုဒ္ဓမြတ်စွာဆိုတဲ့ အတုမရှိ ပညာရှိ သူတော်ကောင်းကြီးရဲ့ အဆုံးအမတွေ ရရှိလာချိန်မှာ လက်ကျန်ဘဝအတွက် ဖြေဆည်ရာ၊ ကုသိုလ်ကောင်းမှုတွေ ပြုဖြစ်လာခဲ့တယ်။ လူတစ်ယောက်ရဲ့ ဘဝတိုးတက်ရေးလမ်းကြောင်းဟာ မိတ် ကောင်းဆွေကောင်းတွေအပေါ် မူတည်နေတာနဲ့ပတ်သက်လို့ နောက်ထပ် ထောက်ပြပြောဆိုစရာ အဆုံးအမ၊ သာဓကတွေလည်း အများကြီးပါ။ ဒီစာစုမှာတော့ မူလပဏ္ဏာသ။ စူဠဂေါပါလကသုတ်လာ အဆုံးအမကိုစပ်ဆိုထားတဲ့ ”ချမ်းမြေ့မင်္ဂလာ သင်စရာ”စာအုပ်ထဲက အနှစ်ချုပ်လင်္ကာတစ်ပုဒ်နဲ့ ပဏ္ဍိတာနဉ္စ သေဝနမင်္ဂလာကို နိဂုံးချုပ် လိုက်ပါတယ်။

”ကိုယ့်ထက်သာသူ၊ တန်းတူလူ၊ တွေ့မူပေါင်းသင်းလေ။
ထိုသူ နှစ်စား၊ မတွေ့ငြား၊ တစ်ပါးတည်းသာနေ။
လူမိုက်ကိုကား၊ မပေါင်းငြား၊ ရှောင်ရှား ဝေးဝေးနေ။
ပညာမဲ့သူ ဆည်းကပ်မူ၊ ထိုသူ ဆင်းရဲသည်။
ပညာရှိအား ဆည်းကပ်ငြား၊ ကြီးပွားချမ်းသာသည်။
ဆိုင်ရာကိစ္စ ကျနမမြင်၊ မကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊ ထိုသူ ဆုံးရှုံးသည်။
ဆိုင်ရာကိစ္စ ကျနသိမြင်၊ တတ်ကျွမ်းကျင်သူ၊ ဆည်းကပ်မူ၊
ထိုသူကြီးပွားသည်”။ အားလုံး ကြီးပွားချမ်းသာ မင်္ဂလာဖြစ်ကြပါစေခင်ဗျာ။

မိုးအောင်လင်းနိုင် (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top