(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာက နိုင်ငံတကာ အသိုက်အဝန်းကို အားကိုးပြီး ဘင်္ဂါလီအရေးမှာ မြန်မာနိုင်ငံကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဘင်္ဂါလီအရေးက (၃)နှစ်လောက်ကြာလာပေမဲ့ ရခိုင်ပြည်နယ်မှာ ဘေးကင်းလုံခြုံမှု၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်နဲ့ သင့်တင့်လျှောက်ပတ်တဲ့ ပတ်ဝန်းကျင် မဖော်ဆောင်နိုင်သေးလို့ အခုအချိန်အထိ မြန်မာနိုင်ငံကို ဘင်္ဂါလီတစ်ယောက်မျှ ပြန်မပို့ရသေးဘူးလို့ ဟာဆီနာက ဆိုခဲ့ပါတယ်။
လုံခြုံရေးကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်တွေကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်နွှဲခဲ့လို့ ဘင်္ဂါလီ ၇၀၀၀၀ ကျော်က နေရပ်စွန့်ခွာသွားခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘင်္ဂါလီ ၁.၁ သန်းလောက် လက်ခံထားရတယ်လို့ ဟာဆီနာက ဆိုပါတယ်။
” တောင့်မခံနိုင်တော့တဲ့ ကျွန်မတို့ရဲ့အခြေအနေကို နားလည်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ ဒီအကျပ်အတည်းက ဒုက္ခသည်စခန်းတွေကို ကျော်လွန်နေပါပြီ။ ဒီအကျပ်အတည်းကို ထိန်းသိမ်းနိုင်ဖို့ ကျွန်မတို့ ဘက်ပေါင်းစုံက ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဒေသတွင်း ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေပါပြီ”လို့ ဟာဆီနာက ပြောပါတယ်။
ဟာဆီနာဟာ (၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတုန်းကလည်း ဘင်္ဂါလီအရေးကို ဖြေရှင်းနိုင်ဖို့ အချက်(၅)ချက် အဆိုပြုခဲ့ဖူးပါတယ်။ အဲဒီအဆိုပြုချက်တွေထဲမှာ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အပြည့်အဝ အကောင်အထည်ဖော်ရေးနဲ့ ရခိုင်ပြည်နယ်မှာ ဘေးကင်းလုံခြုံရေးဇုန်(Safe Zone)တည်ထောင်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ဘင်္ဂါလီတွေကို ပြန်လက်ခံဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးဆန္ဒနဲ့ ထိရောက်ခိုင်မာစွာ လုပ်ဆောင်ဖို့၊ ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေ၊ လုပ်နည်းလုပ်ဟန်တွေကို ဖယ်ရှားပြီး ယုံကြည်မှု တည်ဆောက်ဖို့၊ ဘင်္ဂါလီကိုယ်စားလှယ်တွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားကြည့်ခွင့်ပေးဖို့၊ နိုင်ငံတကာအသိုက်အဝန်းရဲ့ အရပ်ဘက်ဆိုင်ရာ စောင့်ကြည့်သူတွေကို ဖြန့်ကျက်ပြီး လုံခြုံရေးနဲ့ ဘေးအန ္တရာယ်ကင်းရှင်းရေးကို အာမခံဖို့၊ နိုင်ငံတကာအသိုက်အဝန်းက ဘင်္ဂါလီပြဿနာ အဓိကဇစ်မြစ်ကို ဖြေရှင်းပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အခြားပြစ်မှုကျူးလွန်မှုတွေကို ထည့်သွင်းဖြေရှင်းပေးဖို့ စတဲ့ အချက်(၄)ချက် တောင်းဆိုခဲ့ပါတယ်။
ဟာဆီနာက အဲဒီလိုတောင်းဆိုမှုတွေ မလုပ်ခင် ဘင်္ဂါလီအရေးက မြန်မာနိုင်ငံနဲ့ပဲ သက်ဆိုင်တဲ့ ပြဿနာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ”ငထွား ခါးနာ”ဖြစ်နေရတာပါလို့ ပြောခဲ့ပါတယ်။ ဟာဆီနာရဲ့ မိန့်ခွန်းကို သတ္တုချကြည့်ရင် နိုင်ငံတကာအသိုက်အဝန်းဆီက အထောက်အပံ့မျှော်လင့်ပြီး မြန်မာနိုင်ငံမှာ (Safe Zone)တည်ထောင်ရေး လိုလားနေတာကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ (၅)ရက်မြောက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းပြောကြားမှုမှာ ဟာဆီနာနဲ့ ICC ကို ချက်ကျလက်ကျ တုံ့ပြန်နိုင်ခဲ့ပြီး ”မျက်နှာကြီးရာ ဟင်းဖတ်ပါ” ဖြစ်နေတဲ့ အခြေအနေကိုလည်း မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။
Safe Zone တည်ထောင်ရေး တိုက်တွန်းမှုတွေက အာမခံချက်မရှိသလို အလုပ်ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ဦးကျော်တင့်ဆွေက ယတိပြတ်ပြောခဲ့ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ အပျက်သဘောဆောင်တဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းခဲ့ပြီး ဒုက္ခသည်အရေးမှာ အမြတ်ထုတ်ဖို့ ကြိုးစားနေတာကို မြန်မာအစိုးရက သိတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီ(၂)ချက်က ဟာဆီနာရဲ့ အကြံအစည်ကို ချေပပြီးသား ဖြစ်စေခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၂၃-၁၁-၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သလို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာလည်း နှစ်နိုင်ငံ သဘောတူညီချက်ပုံစံတွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က နေရပ်စွန့်ခွာသူဆိုပြီး ပြန်ပို့ချိန်မှာ သဘောတူညီချက်နဲ့မကိုက်ညီတဲ့ ကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။
နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံနိုင်ရေး၊ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ပြသပြီး ပြန်လည်ဝင်ရောက်လာမယ့်သူတွေအတွက် သင့်တင့်လျှောက်ပတ်တဲ့ ပတ်ဝန်းကျင်တည်ဆောက်ပေးရေးကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ ဦးကျော်တင့်ဆွေက ထည့်သွင်းပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကလည်း နှစ်နိုင်ငံ သဘောတူညီချက်ကို ယုံယုံကြည်ကြည်နဲ့ ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒါက နေရပ်စွန့်ခွာသူအရေးကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းပဲလို့ ဦးကျော်တင့်ဆွေက ပြောခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က နှစ်နိုင်ငံ သဘောတူညီချက်ကို ဖြောင့်ဖြောင့်မတ်မတ် မလုပ်ဆောင်ဘူးဆိုရင်တော့ ဒီကိစ္စအချိန်ကြာနေဦးမှာပဲလို့ တုံ့ပြန်လိုက်တဲ့ သဘောပါ။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေအပေါ် စုံစမ်းစစ်ဆေးခွင့်ပေးဖို့ နိုင်ငံတကာရာဇဝတ်တရားရုံးက (ICC)က တောင်းဆိုနေတာကိုလည်း ဦးကျော်တင့်ဆွေက ငြင်းဆန်ခဲ့ပါတယ်။ARSA(Arakan Rohingya Salvation Army)လက်နက်ကိုင်အဖွဲ့ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ချန်ထားပြီး နေရပ်စွန့်ခွာမှုတွေကို ဖြစ်စေတဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားတဲ့အတွက် ICC ရဲ့တောင်းဆိုချက်က ပြဿနာဖြစ်စေနိုင်တယ်ဆိုတာကို အမှီအခိုကင်းတဲ့ ပညာရှင်တွေက ပိုင်းခြားဖော်ပြခဲ့တယ်လို့ ဦးကျော်တင့်ဆွေက ကိုးကားဖော်ပြခဲ့ပါတယ်။
ICC ရှေ့နေက ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး တစာစာဖြစ်နေတဲ့ အသံတွေကိုပဲ အာရုံစိုက်နေပြီး နေရပ်စွန့်ခွာရမှုနောက်ကွယ်က ကျယ်ပြန့်တဲ့မြင်ကွင်းကတော့ အသံတိတ်နေရတုန်းပဲလို့ ဦးကျော်တင့်ဆွေက ဆိုပါတယ်။ ”အဲဒီတိတ်ဆိတ်မှုက နိုင်ငံတကာရာဇဝတ်တရားရုံးနဲ့ မြန်မာပြည်သူတွေကြား ကွဲလွဲမှုတွေကို ပိုကျယ်ပြန့်စေပါတယ်။ သူတို့ရဲ့စိုးရိမ်ပူပန်မှုက သြဇာတိက္ကမကြီးမားတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေရဲ့ အပေါ်ယံရှပ်ကြည့်တဲ့ အယူအဆလောက် အရေးပေးမခံရဘူးလို့ မြန်မာပြည်သူတွေ ခံစားနေရပါတယ်”လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ZT (ရိုးရာလေး)