ကြောက်စိတ်ကို တွန်းလှန်ပစ်ပါ

Fear.jpg

လူတွေရဲ့အကျိုးမဲ့စိတ်လှုပ်ရှားမှုတွေထဲမှာ “ကြောက်စိတ်” ဆိုတာက အဆိုးဆုံး ဖြစ်ပါတယ်။ ကြောက်စိတ်ဝင်လာတဲ့အခါ ‘ဖြစ်နိုင်ပါ့မလား’၊ ‘ဒီထက်များ ပိုဆိုးသွားမလား’ စတဲ့အတွေးတွေက တားမရအောင် ဝင်လာတတ်တာပါ။ ယုံကြည်မှုတွေကို ချည့်နဲ့လျော့ရဲစေပြီး ဆက်လှမ်းမယ့် ခြေလှမ်းတွေကို တွန့်ဆုတ်စေတာကြောင့် အောင်မြင်ဖို့ အလားအလာတွေကိုပါ လက်လွတ်သွားစေတတ်ပါတယ်။

စိုးရိမ်စိတ်များလာတဲ့အခါ ကြောက်စိတ်က အလိုလို ပါလာပါတယ်။ တကယ်တော့ ကြောက်လန့်တယ်ဆိုတာ မှန်ကန်ရေရာတဲ့အကြောင်းတရားတစ်ခုမဟုတ်ဘဲ ဦးနှောက်က အတွေးတွေကို ပုံဖော်ဖန်တီးလိုက်မှုတစ်မျိုးသာ ဖြစ်ပါတယ်။ အန္တရာယ်ဆိုတာ ဖြစ်နိုင်တဲ့အရာဖြစ်ပေမဲ့ ကြောက်လန့်တာကတော့ တွန်းလှန်ပစ်လို့ရတဲ့အရာပါ။ အကြောက်တရားနဲ့ပတ်သက်လို့ ရွေးချယ်စရာက ( ၂ ) မျိုးရှိနေပါတယ်။ တစ်မျိုးက မေ့ပစ်ပြီးထွက်ပြေးမလား၊ နောက်တစ်မျိုးကတော့ ရင်ဆိုင်ကျော်လွှားပစ်လိုက်မလား ဆိုတာပါ။ တကယ်တော့ ကိုယ့်အနာဂတ်ကိုကြောက်စိတ်နဲ့ ရွေးချယ်ဆုံးဖြတ်တာမျိုး ဘယ်တော့မှမလုပ်သင့်ပါဘူး။ ကြောက်ရွံ့မှုရဲ့နောက်မှာ လှပတဲ့အနာဂတ်ကိုဖျက်ဆီးနိုင်တဲ့အကြောင်းတရားတွေ ကပ်ပါနေလို့ပါပဲ။

လူတစ်ဦးချင်းစီမှာ ကြောက်စိတ်တစ်မျိုးစီရှိနေတတ်တာက သဘာဝကျပါတယ်။ အမှောင်ကိုကြောက်သူ၊ အမြင့်ကိုကြောက်သူ၊ (ပိုးဟပ်၊ ကြွက်၊ မြွေ၊ အိမ်မြှောင် စတဲ့) တိရိစ္ဆာန်တွေကိုကြောက်သူနဲ့ သရဲ၊ တစ္ဆေ၊ နာနာဘာဝ ဆိုတာတွေကိုကြောက်သူ စသဖြင့် အမျိုးမျိုးရှိတတ်ကြတာပါ။ ဒီလိုကြောက်တတ်တဲ့စိတ်ဟာ ဘဝတိုးတက်ရေးအတွက် အတားအဆီးဖြစ်နိုင်တဲ့အရာဖြစ်တာကြောင့် အရေးပါတဲ့အရာတွေနဲ့ လွဲချော်ရတာမျိုးတောင်ဖြစ်လာစေပါတယ်။ ကြောက်စိတ်ကိုဖယ်ရှားပစ်ရမယ်ဆိုတဲ့နေရာမှာ နေရာတိုင်း ဆင်ကန်းတောတိုးနဲ့ မကြောက်မရွံ့ပြုမူဖို့သဘောမဟုတ်ဘဲ လိုအပ်တဲ့ပြင်ဆင် လေ့လာ စူးစမ်းမှုတွေ အလုံအလောက် ပြုလုပ်ပြီး မိမိကြောက်ရွံ့တဲ့အရာကို ရင်ဆိုင်လိုက်ဖို့ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။

ကြောက်စိတ်ရှိတဲ့အတွက် မစလိုက်ရခင်ရပ်တန့်ပစ်ခဲ့ရတာတွေ၊ အဆုံးထိရောက်အာင်မကြိုးစားဖြစ်ခဲ့တာတွေကြောင့် သူများတွေ အောင်မြင်ပြီးမြောက်သွားကြချိန် ကိုယ်ကနဂိုအခြေအနေနဲ့ပဲ ကျန်နေခဲ့ရတာမျိုး လူတိုင်းကြုံဖူးကြပါလိမ့်မယ်။ ဒါကြောင့် နေရာတိုင်းမှာ ကြောက်ရွံ့တွန့်ဆုတ်မနေဘဲ လေ့လာမှု၊ ကြိုတင်ပြင်ဆင်မှုတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်လိုက်သင့်ပါတယ်။ ကိုယ့်ရဲ့တိုးတက်အောင်မြင်မှုတွေကိုအဟန့်အတားဖြစ်စေတဲ့ ကြောက်စိတ် ဆိုတာကိုဖယ်ရှားပစ်ပြီး အောင်မြင်မှုတွေရရှိအောင် ကြိုးစားနိုင်ကြပါစေလို့ ရိုးရာလေးက တိုက်တွန်းဆန္ဒပြုအပ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top