ကိုဗစ်-၁၉ ပထမလှိုင်းတုန်းကလို အမှားတွေ ထပ်မလုပ်မိစေဖို့

31-8-2020-yyl-021.jpg

ကိုဗစ်-၁၉ ဒုတိယလှိုင်း စတင်လာတဲ့ အခြေအနေကြောင့် မြန်မာနိုင်ငံမှာ အတည်ပြုလူနာ ၇၈၇ ယောက်အထိ ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တနှစ်ပတ်အတွင်းမှာ လူနာသစ်တွေ့ရှိမှု တစ်ကျော့ပြန် မြင့်တက်လာခဲ့တာပါ။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရောဂါကူးစက်မှု မြင့်မားနေတဲ့အတွက် ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ်အားလုံးကို Stay at Home အစီအစဉ်မှာ ထည့်သွင်းခဲ့ပြီး ရခိုင်ပြည်နယ်ကနေ တခြားတိုင်းဒေသကြီး/ ပြည်နယ်တွေဆီ ရောက်ရှိလာသူတွေကို သက်ဆိုင်ရာထံ သတင်းပေးပို့ပြီး ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့ ညွှန်ကြားထားပါတယ်။ သတင်းပေးပို့ဖို့ ပျက်ကွက်သူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။ ဒုတိယလှိုင်း ရင်ဆိုင်နေရချိန်မှာ ပထမလှိုင်းတုန်းကလို အမှားမျိုးတွေ ထပ်မလုပ်မိစေဖို့ အကြံပြုပါရစေ။

ဒါကတော့ ကိုယ့်တာဝန်ကိုယ်ယူဖို့ ပျက်ကွက်တာနဲ့ ရောဂါပိုးရှိသူ မိသားစုကို မလိုလားအပ်တဲ့ လူမှုရေး ဒဏ်ရာဒဏ်ချက်ဖြစ်စေတာဆိုတဲ့ ကိစ္စ ၂ ခုပါပဲ။ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မြင့်မားတဲ့နေရာကို သွားလာခဲ့သူတိုင်း အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူရမယ်လို့ ညွှန်ကြားချက်အမိန့် ထုတ်ပြန်ထားပေမဲ့ တချို့တွေကတော့ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူရမှာကို နည်းမျိုးစုံသုံးပြီး တိမ်းရှောင်လှည့်ဖျားနေကြပါတယ်။ ဒီလိုလုပ်တာကို ဉာဏ်ကောင်းလှပြီ၊ လည်လှပြီဆိုပြီး ဂုဏ်ယူဝံ့ကြားနေတာမျိုးတောင် ရှိပါတယ်။ တကယ်တော့ တလွဲဆံပင်ကောင်းပြီး မလုပ်သင့်တာမျိုးကို မိုက်မိုက်မဲမဲ လုပ်နေတယ်ဆိုတာ သတိမထားမိကြပါဘူး။ တကယ်လို့ ရောဂါကူးစက်ခံရရင် ကိုယ့်မိသားစု အရင်ဆုံး ထိခိုက်မယ်ဆိုတာကိုလည်း မစဉ်းစားမိကြပါဘူး။ ဒီလိုလူတွေကပဲ နိုင်ငံမတိုးတက်တာ ဟိုလူကြောင့်၊ ဒီလူကြောင့်ဆိုပြီး အပြစ်ပြောနေကြတဲ့အခါ ရင်မောစရာပါပဲ။ ကိုယ့်နိုင်ငံကို တကယ်တိုးတက်စေချင်ရင် ကိုယ်ကိုယ်တိုင်က နိုင်ငံကြီးသား ပီသတဲ့ စိတ်ဓာတ်မျိုး မွေးရမှာပါ။ (ဒါကတော့ ဘယ်ကိစ္စအတွက်မဆို လိုအပ်တဲ့အချက်ပါ)

နောက်တစ်ခုကတော့ လေသံဖမ်း တရားနာတာ၊ မလိုအပ်ဘဲ လူမှုအသိုက်အဝန်းမှာ စိတ်ဒဏ်ရာရအောင် လုပ်နေကြတာမျိုးလည်း တွေ့ရပါတယ်။ ဥပမာ တစ်ယောက်မှာ ရောဂါပိုးတွေ့လို့ ကျန်တဲ့မိသားစုဝင်တွေကို လာခေါ်တာမျိုးကိုလည်း အရင်ကတည်းက ရောဂါပိုး ရှိနေသူကို အိမ်မှာ ထားထားတယ်လို့ ဆိုကြပါတယ်။ အစိုးရိမ်လွန်ကဲသွားတဲ့အခါ မယုံသင့်တာကို ယုံပြီး လက်တွေ့ကျကျ စဉ်းစားမှုနဲ့ ဝေးကွာသွားတတ်တဲ့ သဘောပါ။

တကယ်တော့ ဘယ်သူကမှ ကိုဗစ်-၁၉ ရောဂါ အကူးမခံချင်ကြပါဘူး။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေကို ပြစ်မှုကျူးလွန်သူတွေ၊ ရာဇဝတ်သားတွေလို သဘောမထားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း မှာကြားထားခဲ့ပြီးသားပါ။ ( ရောဂါဖြစ်ပွားနိုင်ခြေများတဲ့နေရာက ပြန်လာတယ်၊ ကွာရန်တင်းမဝင်ဘူး၊ အဆင်ခြင်မဲ့ နေထိုင်သွားလာတယ်ဆိုတဲ့သူတွေကတော့ အပြစ်ကျူးလွန်တယ်လို့ ဆိုနိုင်ပါတယ်)။ ဒါပေမဲ့ ကံအကြောင်းမလှလို့ ရောဂါကူးစက်ခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုအပေါ် ဝေဖန်တိုက်ခိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒါက သူတို့ကို လူမှုရေးဒဏ်ရာဒဏ်ချက် ဖြစ်စေပြီး စိတ်အားငယ်စေပါတယ်။ ဒီလိုအချိန်မှာ လူချင်းဝေးအောင် နေရပေမဲ့ နှလုံးသားချင်းနီးနီးနေပြီး တတ်နိုင်သမျှ ဖေးမကူညီရမှာပါ။ ဒုတိယလှိုင်းကို ရင်ဆိုင်ကျော်လွှားရာမှာ ဒီအချက်တွေကို ရှောင်ကျဉ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top