သားဖြစ်သူအတွက် စိုးရိမ်ပူပန်နေတဲ့ မျိုးသက်လွင်ရဲ့ဖခင် စိတ်သက်သာရာရစေဖို့အတွက် FAME ကုမ္ပဏီစီမံခန့်ခွဲမှု ဒါရိုက်တာ ဒေါက်တာခင်မောင်လွင်က မျိုးသက်လွင်ရဲ့ညီဖြစ်သူ မျိုးသက်ပိုင်ကို သူ့ဖခင်ထံ စေလွှတ်ခဲ့ပြီး အကျိုးအကြောင်း ရေးသားထားတဲ့ စာတစ်စောင်နဲ့အတူ ဆေးဖိုးဝါးခ ငွေ ၅ သိန်း ပေးအပ်ခဲ့ပါတယ်။
FAME ကုမ္ပဏီဝန်ထမ်း မျိုးသက်လွင်ဟာ ဖေဖော်ဝါရီလ ၁၉ ရက် ည ၇ နာရီအချိန်က လှိုင်သာယာမြို့နယ် ညောင်ရွာမှာ သမီးရည်းစား ချိန်းတွေ့နေတုန်း ဆိုင်ကယ်နဲ့ရောက်လာသူ နှစ်ယောက်ရဲ့ လုယက်ခြင်းခံခဲ့ရပါတယ်။ မျိုးသက်လွင်ရဲ့ချစ်သူ မိန်းကလေးက အော်ဟစ်အကူအညီတောင်းခံချိန်မှာ လုယက်သူတစ်ယောက်က ခေါင်းကို သံချောင်းနဲ့ ရိုက်ခဲ့လို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ပါတယ်။ မိန်းကလေး ထွက်ပြေးသွားချိန်မှာ မျိုးသက်လွင်နဲ့ လုယက်သူ ၂ ယောက် လုံးထွေးသတ်ပုတ်ရင်း ကျန်နေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ လုယက်သူနှစ်ယောက်က ဓားနဲ့ခုတ်ခဲ့လို့ မျိုးသက်လွင် ဒဏ်ရာရခဲ့ပြီး မျိုးသက်လွင်က သူ့အသက်ကို ခုခံကာကွယ်တဲ့အနေနဲ့ ပြန်လည်တိုက်ခိုက်ရာမှာ လုယက်သူ ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဒေါက်တာခင်မောင်လွင်ဟာ အချုပ်ကျနေတဲ့ မျိုးသက်လွင်ကို လစာအပြည့်နဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ ရပိုင်ခွင့်အပြည့်အဝ ပေးထားသလို အမှုမပြီးမချင်း ခွင့်ပေးထားမယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ သူ့ဆီမှာ ၆ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ မျိုးသက်လွင်ဟာ စာရိတ္တကောင်းမွန်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားတာမျိုး တစ်ခါမျှမရှိခဲ့ဘူးလို့ ထောက်ခံခဲ့ပါတယ်။
ဒေါက်တာခင်မောင်လွင်က “အမှန်တရားနိုင်ပါစေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ လူမှုကွန်ရက်ပေါ်က ပို့စ်ထဲမှာ”မျိုးသက်လွင်.. ဘာမှအားမငယ်နဲ့.. ဆရာနဲ့ တစ်စက်ရုံလုံးက ဝန်ထမ်းတွေ မင်းဘက်ကနေ အပြည့်အဝ ရပ်တည်ပေးနေတယ်.. မင်း အပြစ်ဒဏ်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့.. ဥပဒေနဲ့အညီဖြစ်ဖို့.. အမှန်တရားအတိုင်းဖြစ်ဖို့ ဆရာတို့တွေ အစွမ်းကုန် ကူညီပေးနေတယ်.. ဆုတောင်းပေးနေပါတယ်..
အမှန်တရားက နိုင်ကိုနိုင်မယ်လို့ ယုံကြည်ပါတယ် သား မျိုးသက်လွင်ရေ..”လို့ ဖော်ပြထားပါတယ်။
ကိုယ့်ဝန်ထမ်းအပေါ် အပြည့်အဝ အားပေးထောက်ခံတဲ့ ဒေါက်တာခင်မောင်လွင်ရဲ့ ခေါင်းဆောင်ပီသတဲ့ လုပ်ရပ်ကို အများပြည်သူတွေက လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုနေကြပါတယ်။
Photo- Dr.Khin Maung Lwin’s FB
Team(ရိုးရာလေး)