MPT က နိုင်ငံတစ်ဝန်းဒီဂျစ်တယ်ပညာရေးအစီအစဉ်၏ (၆) ကြိမ်မြောက်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

1-1.jpg

MPT သည် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ဖြင့် ကွန်ပျူတာနည်းပညာကျွမ်းကျင်မှုသင်တန်းများ၏ နောက်ဆုံးအသုတ်သင်တန်းများ အောင်မြင်စွာပြီးဆုံးသည့်အထိမ်းအမှတ်အဖြစ် သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။ ယခုအကြိမ် သင်တန်းဆင်းပွဲတွင် အောင်မြင်ခဲ့သည့်သင်တန်းသား စုစုပေါင်း (၂,၀၀၀) ကျော်ရှိခဲ့ကာ MPT အနေဖြင့် အင်တာနက်ချိတ်ဆက်ပေးခြင်းနှင့် ကွန်ပျူတာပြုပြင်စရိတ်များအပါအဝင် ယခုနှစ်အတွက် ကွန်ပျူတာဆရာဖြစ်သင်တန်းသားများကိုလည်း ဤအစီအစဉ်ပြီးမြောက်သွားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် သင်တန်းများဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

MPT ၏ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ပြုလုပ်သည့်ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ အခွင့်အလမ်းနည်းပါးလှသည့်လူငယ်များကို ကွန်ပျူတာကျွမ်းကျင်မှုနည်းပညာရပ်များ သင်ကြားပို့ချ ပေးနိုင်ရန်ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင်စတင်ခဲ့သည့် ဤသင်တန်းအစီအစဉ်သို့ နိုင်ငံတစ်ဝန်းမှ သင်တန်းသူ၊ သင်တန်းသားပေါင်း (၃,၈၀၀) ကျော် တက်ရောက်သင်ကြားခဲ့ကြပြီးဖြစ်သည်။ MPT အနေဖြင့် ဤသင်တန်းများအတွက် laptops ကွန်ပျူတာအလုံး (၃၀၀)၊ အင်တာနက်ကွန်ရက်ချိတ်ဆက်မှု၊ အင်တာနက်ချိတ်ဆက်မှုအတွက် လိုအပ်သည့်ဆက်စပ်ပစ္စည်းတို့အပြင် သင်တန်းသားအားလုံး လုံလောက်စွာ သင်ကြားနိုင်ရန် သင်တန်းဆရာ၊ ဆရာမများကိုလည်း ပိုမိုတိုးမြှင့်ကာ ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။

သင်တန်းများကိုတက်ရောက်သင်ကြားပြီးဆုံးခဲ့သူများအနက်မှ စိတ်ပါဝင်စားသူများအား မိမိတို့၏ သက်ဆိုင်ရာဒေသများ၌ အသိပညာ၊ အတတ်ပညာများကိုမျှဝေပေးပြီး အနာဂတ်ခေါင်းဆောင်များကို တစ်ဖက် တစ်လမ်းမှကူညီမွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် MPT သင်တန်းကျောင်း၌ ဆရာဖြစ်သင်တန်းများကိုလည်း ထပ်ဆောင်းဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်တန်းတက်ရောက်သူ ဆရာ၊ ဆရာမများ အနေဖြင့် ၎င်းတို့တတ်မြောက်ထားသည့်ပညာရပ်များကို ပြန်လည်မျှဝေနိုင်ရန်အတွက် ထိရောက်စွာဖြင့်အပြန်အလှန်သင်ကြားပို့ချပေးနိုင်မည့်နည်းစနစ်များကို မည်သို့ဖန်တီးရမည်ဆိုသည့်နည်းလမ်းများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်သည်။ သင်တန်း ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားပို့ချမှုနည်းစနစ်များကို စနစ်တကျအသုံးချနိုင်မှသာ အနာဂတ်တွင် ယခုအစီအစဉ်အတွက် အကျိုးကျေးဇူး ကောင်းများ ခံစားနိုင်ကြမည်ဖြစ်သည်။  MPT ၏ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ”အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားပေးနေသည့် သင်တန်းများကို NLD ပညာရေးကွန်ရက် နှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သည်။

MPT အနေဖြင့် ဒီဂျစ်တယ်နည်းပညာတတ်ကျွမ်းမှုကွာဟချက်လျော့ချရေးကို နည်းလမ်းမျိုးစုံဖြင့် တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ MPT Telecenter ပေါင်း (၁၅၀) ကျော်၌ လူအများအတွက် အသုံးဝင်ပြီးအကျိုးရှိသည့်သတင်းအချက်အလက်များ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကိုလည်း ပေးအပ်လျက်ရှိသည်။ ထို့အပြင် MPT ၏ မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ဖြင့်လည်း မြန်မာ့လူငယ်စွန့်ဦးတီထွင်သူများအတွက် ဒီဂျစ်တယ်နည်းပညာများဖြင့် စီးပွားရေးလုပ်ငန်းများတည်ထောင်ပြီး မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်လူမှုစီးပွားကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်လာစေရန်ကူညီ ပေးလျက်ရှိသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top