ရှေးခေတ်ထိုင်းစစ်သည် ဝတ်စုံတွေဝတ်ပြီး ကမ်းခြေ သန့်ရှင်းရေးလုပ်ခဲ့တဲ့ စေတနာ့ဝန်ထမ်းတွေ

4-8-2020-yyl-012.jpg

ကမ်းခြေအလှတရားတွေကို ကြည့်ပြီး ပင်လယ်လေရှုရှိုက်ရတာကလည်း စိတ်ဖိစီးမှုကို ဖြေလျှော့ပေးတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ဒါပေမဲ့ ကမ်းခြေမှာ အမှိုက်သရိုက်တွေ စုပုံနေတာက ကမ်းခြေလာရောက်သူတွေကို စိတ်ပျက်စေတဲ့အပြင် ကမ်းခြေရဲ့အလှတရားကိုလည်း ပျောက်သွားစေပါတယ်။ ကမ်းခြေက အမှိုက်သရိုက်တွေ ရှင်းလင်းပြီး အလှတရားတွေ မြင်တွေ့ရဖို့အတွက် ကမ်းခြေမှာ သန့်ရှင်းလာလုပ်ပေးတဲ့ စေတနာ့ဝန်ထမ်းတွေ မြင်ဖူးကြမယ်ထင်ပါတယ်။ စေတနာ့ဝန်ထမ်းတွေက သူတို့ရဲ့အချိန်တွေကို ယူပြီး ကမ်းခြေသန့်ရှင်းသွားစေဖို့ စေတနာအပြည့်နဲ့ လုပ်ပေးကြတာဖြစ်ပါတယ်။ အခုလည်း ထိုင်းနိုင်ငံက စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ကလည်း ချွန်ဘူရီကမ်းခြေမှာ သန့်ရှင်းရေးလုပ်ပေးခဲ့ကြပါတယ်။ သူတို့တွေက သန့်ရှင်းရေးကို ထူးထူးဆန်းဆန်းဝတ်စုံတွေဝတ်ပြီး လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

သူငယ်ချင်းအဖွဲ့တစ်စုက ထိုင်းရိုးရာစစ်သည်ဝတ်စုံတွေဝတ်ပြီး ချွန်ဘူရီကမ်းခြေမှာ အမှိုက်လိုက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်က ကမ်းခြေလာရောက်သူတွေနဲ့ အင်တာနက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို လျင်လျင်မြန်မြန်ပဲ ရရှိခဲ့ကြပါတယ်။ အမှိုက်အိတ်တွေသယ်ပြီး ချွန်ဘူရီကမ်းခြေမှာ လမ်းလျှောက်နေတဲ့ ထိုင်းစစ်သည်ဝတ်စုံနဲ့ လူတချို့ရဲ့ပုံတွေကို သတင်းဌာနတစ်ခုက သြဂုတ်လ ၂ ရက်နေ့မှာ မျှဝေခဲ့ပါတယ်။

အချိန်ခရီးသွားနေသလိုဖြစ်နေတဲ့ ထိုင်းစစ်သည်ဝတ်စုံနဲ့ အမျိုးသားတွေက စစ်တိုက်ဖို့မဟုတ်ဘဲ ကမ်းခြေမှာ အမှိုက်တွေစုပုံနေတာကို တိုက်ဖျက်ဖို့အတွက် ကမ်းခြေက အမှိုက်တွေ လိုက်သိမ်းနေတာဖြစ်ပါတယ်။ သူတို့တွေက အဲဒီဒေသတစ်ဝိုက်က လူတွေကို သူတို့ရဲ့ဝတ်စုံတွေနဲ့ အံ့အားသင့်စေခဲ့တဲ့အပြင် စံပြပုဂ္ဂိုလ်တွေအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ခရီးသွားဧည့်သည်တွေကလည်း သူတို့ကို ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါသေးတယ်။

ကမ်းခြေကို သန့်ရှင်းရေး အချိန် (၁) နာရီလောက်လုပ်ပြီးတဲ့နောက်မှာ သူတို့တွေက ကမ်းခြေကနေ အမှိုက်အိတ်တွေကိုင်ပြီး ပြန်သွားခဲ့ပါတယ်။ သူတို့တွေက ဘယ်သူတွေလဲ၊ ဘာလို့ သန့်ရှင်းရေး လုပ်ဖြစ်ခဲ့တာလဲဆိုတာကို ဘယ်သူမှမသိကြပါဘူး။ ဒါပေမဲ့ သူတို့လုပ်ခဲ့တဲ့အရာကို လူတွေက အသိအမှတ်ပြုကာ ချီးမွှမ်းစကားဆိုခဲ့ကြပါတယ်။ ဒီထိုင်းစစ်သည် ဝတ်စုံတွေနဲ့လူတွေက ဘယ်သူတွေဆိုတာ မသိရပေမယ့် ကမ်းခြေသန့်ရှင်းအောင် အများပြည်သူအတွက် လုပ်ပေးခဲ့တဲ့သူတို့တွေကတော့ ကျေးဇူးတင်ထိုက်တာကတော့ အမှန်ပါပဲ။

Ref: Volunteers Wear Ancient Thai Warrior Garb To Clean Up Chonburi Beach, Become Local Heroes

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top