အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့ထက် IQ ရလဒ် သာလွန်နေတဲ့ အထက်တန်းကျောင်းသူ

coeficiente-intelectual-es-superior-al-de-Albert-Einstein-y-Stephen-Hawking.jpg

အသက် (၁၁) နှစ်အရွယ် အထက်တန်းကျောင်းသူလေး တစ်ဦးဟာ Mensa IQ စစ်ဆေးမှုမှာ အဲလ်ဘတ် အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့လို ကမ္ဘာကျော် သိပ္ပံပညာရှင်တွေထက် သာလွန်တဲ့ရလဒ်ကို ရခဲ့တာကြောင့် သတင်းခေါင်းကြီးပိုင်းမှာ ဖော်ပြခံခဲ့ရပါတယ်။

အဲဒီကျောင်းသူလေးရဲ့အမည်က တာရာ ရှာရီဖီ (Tara Sharifi) ဖြစ်ပြီး အီရန်နိုင်ငံသူတစ်ဦး ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံက Aylesbury High School မှာ တက်ရောက်နေတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူက Oxford မှာကျင်းပခဲ့တဲ့ Mensa IQ စစ်ဆေးမှုမှာ ဝင်ရောက်ဖြေဆိုခဲ့ပြီး ‘ဉာဏ်ကြီးရှင် စံနှုန်းအမှတ်’ ဖြစ်တဲ့ (၁၄၀) မှတ်ရဲ့ အထက်ရမှတ်ကို ရရှိခဲ့တာပါ။

(၁၆၂) မှတ်ဆိုတဲ့ သူရဲ့ရမှတ်က သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင် အိုင်းစတိုင်းနဲ့ နာမည်ကြီး စကြဝဠာဗေဒ ပညာရှင် စတီဖင်ဟော့ကင်းတို့ထက်တောင် သာလွန်နေတာဖြစ်ပါတယ်။ Mensa IQ စစ်ဆေးမှုဟာ သတ်မှတ်ချိန်အတွင်းမီအောင် ဖြေဆိုရတဲ့ စစ်ဆေးမှုဖြစ်ပြီး စကားလုံးတွေရဲ့ ဆိုလိုရင်းကို နားလည်ဖို့အတွက် ကျောင်းသား/သူတွေရဲ့ စွမ်းရည်အပေါ် အဓိကထား စစ်ဆေးပါတယ်။

“ကိုယ့်ရလဒ်ကို သိလိုက်ရတော့ တကယ်လန့်သွားတာ။ အဲဒီလို အမှတ်ကောင်းကောင်းရမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး” လို့ ရှာရီဖီက ပြောပါတယ်။ အခုဆိုရင် ရှာရီဖီက သူရရှိခဲ့တဲ့ရမှတ်ကြောင့် IQ မြင့်သူတွေရဲ့ အဖွဲ့အစည်းလို့လူသိများတဲ့ Mensa ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ အရည်အချင်း ပြည့်မီနေပါပြီ။

“ဒီစစ်ဆေးမှုကို ဝင်ဖြေဖို့ ဆုံးဖြတ်ခဲ့တာကတော့ မိဘတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းပါပဲ။ ဒါက Mensa မှာ IQ မြင့်သူတွေနဲ့ တွေ့နိုင်မယ့်အခွင့်အလမ်းလည်း ဖြစ်နေတယ်လေ။ ဒီအခွင့်အလမ်းကို ကျောင်းက သူငယ်ချင်းတချို့ကို ပြောပြပြီးသွားပြီ။ သူတို့ကလည်း တကယ်ကို စိတ်ဝင်တစားရှိကြပါတယ်” လို့ ရှာရီဖီက ပြောပြခဲ့ပါတယ်။ ကြီးလာတဲ့အခါမှာလည်း သင်္ချာနဲ့ ဆက်စပ်တဲ့ ပညာရပ်တွေကို ဆက်ပြီး လေ့လာ သင်ယူသွားမယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။

ရှာရီဖီရဲ့ဖခင်ကလည်း သမီးဖြစ်သူရဲ့ရလဒ်ကြောင့် အံ့အားသင့်ခဲ့ရပြီး အခုရလဒ်မျိုးရခဲ့တဲ့အတွက် ဂုဏ်ယူမဆုံးဖြစ်နေရကြောင်း ဖွင့်ဟခဲ့ကာ “တကယ် ဂုဏ်ယူမဆုံးပါပဲ။ တာရာ ရခဲ့တဲ့ရလဒ်က ကျွန်တော်တို့ကို အံ့သြသွားစေခဲ့ပါတယ်။ တီဗီကနေ ကြည့်နေချိန်မှာလည်း သူ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာ အားလုံးက သိနေခဲ့ပါတယ်။ သူ စာတော်တာကို သိနေပြီးသားပေမဲ့ အဲဒီလို IQ ရလဒ်မျိုး ရမယ်လို့တော့ ထင်မထားခဲ့မိပါဘူး” လို့ ပြောပြခဲ့ပါတယ်။

Ref: Nextshark “11-Year-Old Iranian Girl Gets the Highest Mensa IQ Score, Beating Einstein, Hawking”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top