ထိုင်းနိုင်ငံရဲ့ဆရာမတစ်ဦးက ဒုတိယတန်းကလေးတွေကို အဝတ်လျှော်နည်းသင်ခန်းစာသင်ကြားပေး

21-9-2002-yyl-015.jpg

ကျောင်းတက်ရမယ့်အသက်အရွယ်မှာ ကလေးတွေက စာရေး၊ စာဖတ်တာ၊ အခြေခံသင်္ချာတွေကို မှန်မှန်ကန်ကန်တွက်တက်အောင် သင်ယူကြရပါတယ်။ ဒါတွေက ကျောင်းသူ၊သားတွေအတွက် အပြင်လောကမှာ လက်တွေ့ကျကျလုပ်ဆောင်ရတဲ့အရာတွေပါပဲ။ ကလေးတွေအတွက် ဘဝမှာ နောက်ထပ်သင်ယူတက်မြောက်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေရှိတယ်ဆိုတာ စဉ်းစားမိခဲ့ဖူးကြလား။ ထိုင်းနိုင်ငံက ဆရာမတစ်ဦးကတော့ ကလေးတွေရဲ့ နေ့စဉ်ဘဝမှာလည်း အကျိုးရှိစေမယ့် ပျော်ရွှင်စရာကောင်းတဲ့ သင်ခန်းစာတစ်ခုကို ဖန်တီးပေးချင်ခဲ့တာပါ။ ဒါကြောင့် ကလေးတွေကို အဝတ်လျှော်နည်းသင်ခန်းစာကို သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံက ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိတော့တဲ့အတွက် စာသင်ကျောင်းတွေပြန်ဖွင့်နေတာဖြစ်ပါတယ်။

ဆရာမ ရက်ဝါဒီ အင်သာကာနော့ခ် (Ratwadee Inthakanok) ဟာ သူ့ရဲ့ကျောင်းသား၊သူတွေနဲ့အတူ လုပ်ဆောင်ခဲ့တဲ့ ပျော်ရွှင်စရာသင်ခန်းစာအကြောင်းကို သူ့ဖေ့စ်ဘွတ်အကောင့်ကနေ မျှဝေပေးခဲ့တာပါ။ “ဒုတိယတန်းကျောင်းသူ၊သားတွေ အဝတ်ဘယ်လိုလျှော်ရမလဲဆိုတဲ့ ဘဝမှာ လိုအပ်တဲ့အရည်အချင်းကို သင်ယူနေကြပါတယ်။ သူတို့လေးတွေ အခြားသူတွေ လုပ်ပေးတာကို စောင့်နေမယ့်အစား ကိုယ်တိုင်လုပ်နိုင်ကြမှာဖြစ်တယ်” ဆိုတဲ့စာသားနဲ့ အဝတ်အစားတွေကို စိတ်ပါလက်ပါနဲ့ လျှော်နေကြတဲ့ ကျောင်းသူ၊သားတွေရဲ့ ပုံတချို့နဲ့ မျှဝေခဲ့ပါတယ်။ ဆရာမကလည်း အဝတ်လျှော်နည်းသင်ခန်းစာကို သင်ကြားပေးနိုင်ဖို့အတွက် ခါတိုင်းဝတ်နေကျအဝတ်အစားကိုတောင် လဲခဲ့တာပါ။

ကလေးတွေကို စာသင်ချိန်အတွင်းမှာ သူတို့ရဲ့ကျောင်းဝတ်စုံတွေကို သန့်စင်သွားအောင် အဝတ်လျှော်နည်းသင်ပေးခဲ့ပါတယ်။ ဒီနည်းက သူတို့လေးတွေ အိမ်ပြန်ရောက်လို့ သူတို့ကိုယ်တိုင် လျှော်ထားတဲ့ ကျောင်းဝတ်စုံတွေကို ဂုဏ်ယူစွာနဲ့ ဝတ်နိုင်စေမှာဖြစ်ပါတယ်။ ကျောင်းသူ၊သားအများစုကလည်း အဝတ်လျှော်လိုက်လို့ သူတို့ဝတ်ထားတဲ့အဝတ်တွေ ရေစိုသွားမှာ မစိုးရိမ်ဘဲ ခြေအိတ်တွေ ချွတ်ပြီး လျှော်ရလောက်အောင် အဝတ်လျှော်တဲ့အတွေ့အကြုံမှာ ပျော်ရွှင်နေကြပါတယ်။

အခုခေတ်မှာ စာသင်ကျောင်းတွေက ကျောင်းသား၊သူတွေကို စာတက်မြောက်ဖို့ကိုသာ ပိုပြီးအာရုံထားဖြစ်ကြပါတယ်။ ကလေးတွေ ပျော်ရွှင်စေမယ့်၊ စိတ်ဝင်စားစေမယ့် လုပ်ဆောင်ချက်တွေကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ကျောင်းသား၊ သူတွေအတွက်ပါ။ ဒီအဝတ်လျှော်နည်းသင်ခန်းစာက ကျောင်းသူ၊သားတွေကို လက်တွေ့ဘဝမှာ တက်မြောက်ရမယ့်အရည်အချင်းတွေထောက်ပံ့ပေးရင်းနဲ့ တကယ်ကို ကောင်းပြီး လက်တွေ့ဆန်တယ်လို့ လူမှုကွန်ယက်အသုံးပြုသူတွေက ဆိုပါတယ်။

“ကလေးတွေက ကျောင်းမှာ စာချည်းသင်နေရတဲ့အတွက် ကလေးတွေစိတ်ဖိစီးမှုဖြစ်စေပြီး ကျောင်းမသွားချင်ဖြစ်စေပါတယ်။ ဒီနည်းက ကလေးတွေကို ကျောင်းနဲ့ ပိုပြီးရင်းနှီးစေတဲ့အပြင် ကလေးတွေကို ပျော်ရွှင်စေမှာလည်းဖြစ်တယ်”၊ “တခြားကျောင်းတွေလည်း ဒီလိုမျိုးသင်ခန်းစာကို လုပ်ကြည့်မယ်လို့ မျှော်လင့်တယ်။ ကလေးတွေရဲ့တစ်နေ့တာဘဝအတွက် ကောင်းတယ်”လို့ ဆိုပါတယ်။ ဒီအတန်းကို တက်ရင်းနဲ့ ကလေးတွေ ပျော်ရွှင်နေတဲ့အတွက် တကယ်တီထွင်ဉာဏ်ကောင်းတဲ့သင်ခန်းစာပါပဲ။ ကလေးတွေအတွက် အကောင်းဆုံးတွေဖြစ်ဖို့ ကြိုးစားနေတဲ့ဆရာမတစ်ယောက်ရှိရတာ ကောင်းတယ်လို့လည်း ထောက်ခံသဘောကျနေကြပါတယ်။

Ref: TheSmartLocal “Thai Teacher Has ‘Laundry Class’ For Grade 2 Kiddos So They Can Learn Useful Life Skills”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top