Stay Home ကာလ ညစ်ညူးစရာ အတွေးစများ

24-10-2020-yyl-042.jpg

ကိုဗစ်ကြောင့် Stay Home နေရချိန်က တစ်လကျော်၊ နှစ်လကျော် ဖြစ်လာလို့ အနည်းနဲ့အများတော့ မွန်းကျပ်မိတယ်။ တစ်နေ့တစ်နေ့ လူနာသစ်တွေ့ရှိမှုကလည်း ၁၃၀၀ ဝန်းကျင်လောက်က မကျသေးဘူး။ ရန်ကုန်မှာ ကိုဗစ်ထိန်းနိုင်ပြီဆိုပေမဲ့ တစ်နေ့တာ လူနာသစ်တွေထဲမှာ ရန်ကုန်က ၉၀၀၊ ၁၀၀၀ ဝန်းကျင် ရှိနေတုန်းပဲ။ Stay Home ကာလမှာ လူမှုကွန်ရက် ပိုသုံးမိပေမဲ့ နောက်ပိုင်းတော့ စိတ်ညစ်ညူးစရာ သတင်းတွေ၊ ပြောဆိုရေးသားမှုတွေကြောင့် လူမှုကွန်ရက် သုံးရတာပါ မွန်းကျပ်စရာ ဖြစ်လာခဲ့ပါတယ်။

ကိုဗစ်-၁၉ လူနာက ၄၂၀၀၀ ကျော် ရှိလာပြီး အဆင့်(၇၆) ဖြစ်လာပြီ။ ဒီနှုန်းအတိုင်းဆိုရင် သိန်းဂဏန်းဖြစ်လာမှာကို စိုးရိမ်နေရပြီ။ ကိုဗစ် ဒုတိယလှိုင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတဲ့ ဒီလိုချိန်မှာ မဲဆွယ်အင်အားပြနေကြတာတွေက ထိန်းမနိုင်၊ သိမ်းမရ။ ပါတီတွေရဲ့ ဝန်းရံသူတွေကြား ပဋိပက္ခဖြစ်ပွားလို့ အသက်ဆုံးရှုံးမှု ဖြစ်ခဲ့သေးတယ်။ ဒါဟာ လူ့အဖွဲ့အစည်းထဲမှာ အမုန်းတရားတွေ ဖြစ်ပေါ်နေသလားလို့ မေးခွန်းထုတ်ရမယ့် ဖြစ်ရပ်တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ လူမှုကွန်ရက်အသုံးပြုမှု မြင့်တက်လာတဲ့အတူ လူမှုကွန်ရက်ပေါ်မှာ တစ်ဖက်နဲ့ တစ်ဖက် ဝေဖန်၊ ထိုးနှက်မှုတွေ၊ မုန်းတီးမှုတွေလည်း ပိုပြီးအားကောင်းလာတာလည်း တွေ့နေရပါတယ်။

အကြောင်းအရာတစ်ခုခုကို ဦးတည်ပြောတဲ့အခါ ကျိုးကြောင်းဆင်ခြင် သုံးသပ်မှုထက် ပြစ်တင်ဝေဖန်မှု၊ ပုတ်ခတ်မှုတွေ၊ အမုန်းစကားတွေပဲ ပိုတွေ့လာရတာပါ။ ဒါဆိုရင် အပြန်အလှန် အမြင်မကြည်လင်ကြတဲ့ လူ့အဖွဲ့အစည်းကို အခြေခံပြီး အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး ရည်မှန်းချက်တွေကို ပုံဖော်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာဖြစ်လာတယ်။ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံသားတွေဟာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုရင်တောင် ဘုံရန်သူနဲ့ ရင်ဆိုင်နေရတဲ့အခါ သွေးစည်းညီညွတ်ကြလေ့ရှိပါတယ်။ အခုရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ရောဂါက မြန်မာနိုင်ငံသားအားလုံးရဲ့ ဘုံရန်သူပါ။ ဒါပေမဲ့ အခုလို ဘုံရန်သူနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ပေါင်းစည်းညှိနှိုင်းမှုမရှိရင် ဘယ်တော့များမှ စည်းလုံးညီညွတ်မှုရှိပါ့မလဲလို့ အတွေးပွားစရာ ဖြစ်နေပါတယ်။

ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်သက်တမ်း အကြာရှည်ဆုံးဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က ၇၂ နှစ်ရှိနေပါပြီ။ ပြည်တွင်းစစ်မီးကို မငြှိမ်းသတ်နိုင်ဘဲ တိုးတက်သွားတယ်ဆိုတဲ့နိုင်ငံ ကမ္ဘာပေါ်မှာ မရှိခဲ့ဖူးပါဘူး။ မြန်မာနိုင်ငံ တိုးတက်ဖို့ဆိုရင် ပြည်တွင်းစစ်မီးကို အရင်ဆုံးငြှိမ်းသတ်ရမှာပါ။ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ စစ်ဘောင်ကိုချုံ့ပြီး နိုင်ငံရေးဘောင်ကို ချဲ့ရမှာပါ။ နိုင်ငံရေးဘောင် ချဲ့ဖို့ဆိုရင် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုတွေ အားကောင်းလာဖို့ လိုပါတယ်။ အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်ဘဲ၊ နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှု အားမကောင်းဘဲ ငြိမ်းချမ်းရေးရဖို့ မျှော်လင့်နေတာကတော့ သံလမ်းမရှိတဲ့နေရာမှာ ရထားစောင့်နေသလိုပါပဲ။ ဒါဆိုရင်တော့ ဘယ်ဆီကိုမှ ခရီးပေါက်မှာမဟုတ်ဘဲ ဒုံရင်းအတိုင်းပဲ ဆက်ရှိနေရဦးမှာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top